Saturday, September 1, 2012

နမ့်ခမ်းမြို့၌ လူငယ်တစ်စု အဖိုးတန်ပစ္စည်းများ လုယက်

0 comments
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့၌ အမည်မသိ လူငယ်တစ်စုက အဖိုးတန်ပစ္စည်း လုယက်သွား ကြောင်း နမ့်ခမ်းဒေသခံများ ပြောပြချက်အရ သိရှိရပါသည်။

ဩဂတ်စ်လ ၂၈ ရက် ညနေ ၃:၃၀ နာရီခန့် လူငယ် ၂ ဦး DT ဒီထီဆိုင်ကယ်တစီး မောင်းနှင်လာပြီး အိမ်ရှေ့၌ရပ်နေသည့် ကောင်းကလား(ခေါ်) အောင်ချမ်းသာရပ်ကွက်နေ အသက် ၃၀ ကျော် နန်းစံငင်း၏ဆွဲကြိုးကို လုယက်ဆွဲယူသွားကြောင်း ဆို၏။

“ကျမလည်း လှမ်းအော်တယ်။ အိမ်းနီးနားချင်းတွေ ထွက်ကြည့်တယ်။ တတန်းလုံးဘဲ။ ရပ်ကွက်ထဲက လူငယ် ၃-၄ ယောက်လောက် ဆိုင်ကယ်နဲ့ လိုက်သွားတယ်။ လုယက်တဲ့သူ DT ဆိုင်ကယ်ကြီးနဲ့ဆိုတော့ လိုက်မမီဘူး။ ဒီလူငယ်တွေက ဘယ်သူဘယ်ဝါဆိုတာ မသိသေးဘူး” ဟု နန်းစံငင်း က ပြောပါသည်။

ရွှေဆွဲကြိုးမှာ ၂ ကျပ်သားရှိပြီး ကာလတန်ဖိုး ၁၅ သိန်းကျော်ရှိကြောင်း၊ လုယက်သူလူငယ် ၂ ဦး၏ နောက်ကွယ်၌ ၎င်းတို့အဖွဲ့ရှိသေးကြောင်း ကောင်းကလားရပ်ကွက်မှ လူငယ်များက ပြောသည်။

“အလုခံရတဲ့ရက်မှာဘဲ ရဲစခန်းကို သွားတိုင်တယ်။ ကြိုးစားပမ်းစားရှာဖွေစုဆောင်းပြီး ဝယ်ထားတဲ့ ပစ္စည်းဆိုတော့ နှမြောတယ်။ စိတ်လည်းမကောင်းဘူး။ ကိုယ့်ပစ္စည်းလည်း ပြန်ရချင်တယ်” ဟု ၎င်းက ပြောပါသည်။ 

မကြာသေးခင် ရက်ပိုင်းအတွင်း တရုတ်နိုင်ငံဘက်ခြမ်း နောင်တောင်းဈေး၌ ရွှေဆိုင်ဖွင့်ထားသည့် နမ့်ခမ်းဒေသခံတစ်ဦးက လူငယ်တစ်စု သူမဆီ ရွှေထည်ပစ္စည်းများ လာရောင်းကြောင်း ပြောပါသည်။

“ကျမတို့ဆိုင်မှာ တရုတ်မျက်နှာပုံစံနဲ့ လူငယ်တစု ရွှေဆွဲကြိုးတို့ ရွှေလက်ကောက်တို့ အဖိုးတန်ပစ္စည်း တွေ လာရောင်းတယ်။ ကျမ မဝယ်ရဲဘူး။ နမ့်ခမ်းပြန်လာတော့ လုယက်တဲ့သတင်းတွေ ကြားနေရ တယ်။”

ဤကဲ့သို့ အဖိုးတန်ပစ္စည်း လုယက်ခံရသော်လည်း မြို့ခံအာဏာပိုင်များမှာ မည်သည်မျှ လုပ်ဆောင် ပေးနိုင်ခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။


 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here