Monday, September 3, 2012

ပြန်ကြားရေးဝန်ကြီးသစ်နှင့် ရုပ်ရှင်အစည်းအရုံး တွေ့ဆုံဆွေးနွေး

0 comments
ပြန်ကြားရေးဝန်ကြီးသစ် ဦးအောင်ကြည်နဲ့ ရုပ်ရှင်အစည်းအရုံးက အနုပညာရှင်တွေ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ပြန်ကြားရေးဝန်ကြီးသစ် ဦးအောင်ကြည်နဲ့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ကော်မတီဝင်တွေ အပါအ၀င် အနုပညာသမားတွေ ရန်ကုန်ရုပ်ရှင်အစည်းအရုံးရဲ့ ရုံးခန်းမှာ တွေ့ဆုံဆွေးနွေးကြတာပါ။
ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီ မင်းမော်ကွန်းက “ရုပ်ရှင်အစည်းအရုံးက လိုအပ်ချက်လေးတွေ၊ ရုပ်ရှင်လောကသားတွေရဲ့ အခက်အခဲတွေ တင်ပြပါတယ်။ မြန်မာ့ရုပ်ရှင် တိုးတက်ရေးအတွက် လိုအပ်တဲ့ စက်ကိရိယာပိုင်းတွေ၊ ဈေးကွက်အပိုင်းတွေ၊ ရုပ်ရှင်ရုံကိစ္စတွေပါ။ အဓိကကတော့ ကျနော်တို့အတွက် လိုအပ်နေတဲ့ စက်မှုအပိုင်းတွေ၊ နိုင်ငံတော်ရဲ့ အထောက်အပံ့တွေ၊ တချို့ကိစ္စတွေကတော့ ဆင်ဆာကိစ္စတွေ။ ၀န်ကြီးကတော့ သူ့အနေနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားပေးမယ်လို့ ပြောပါတယ်။”
ဆင်ဆာနဲ့ပတ်သက်ပြီး အရင်ကထက်စာရင် လျှော့ပေးတာတွေ ရှိပေမယ့်လည်း ဘယ်လိုအချက်တွေကို လျှော့ပေးတယ်ဆိုတဲ့ ထုတ်ပြန်ချက်တွေ မရှိသေးဘူးလို့ မင်းမော်ကွန်းက ဆိုပါတယ်။
“ကျနော်တို့ကို ဘယ်လိုအချက်အလက်တွေကိုတော့ လုံးဝလျှော့ပေးလိုက်ပါပြီဆိုတာမျိုး တိတိကျကျ သတင်းထုတ်ပြန်တာမျိုး ဘာမှ သေချာ ကျနော်တို့လည်း မသိသေးဘူး။ လူကြီးတွေက ဦးဆောင်ပြုပြီး လုပ်နေပါတယ်။ ကျနော်တို့ အနုပညာသမားတွေကတော့ ကျနော်တို့ရွေးချယ်တင်မြှောက်ထားတဲ့ လူကြီးတွေရဲ့ သဘောထားအတိုင်းပါပဲ။ ပိုပြီး ကောင်းလာဖို့တော့ အများကြီး မျှော်လင့်ထားပါတယ်။”
ဒီတွေ့ဆုံဆွေးနွေးမှုအတွင်း ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်အပြင် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းနဲ့ ဦးအောင်မင်းတို့လည်း တက်ရောက်ခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမိုးသီးဇွန်နဲ့ အဖွဲ့လည်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့အတူ လာရောက် လေ့လာသွားခဲ့တယ်လို့ ပြောပါတယ်။
ref: DVB

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here