Wednesday, September 19, 2012

ရင်းနှီးမြှုပ်နှံသူများ ပြန်ထုတ်ကြ၍ အိမ်ခြံမြေဈေးနှုန်း (၁၅)ရာနှုန်း လျော့ကျ

0 comments
 
 
 
 
 
 
 
 
 
အိမ်ခြံမြေအခွန်နှုန်းထားတိုးမြှင့်ကောက်ခံခဲ့ပြီးနောက် တစ်လကျော်ကာလအတွင်း ရန်ကုန်အိမ်ခြံမြေ ဈေးကွက်မှာ အရောင်းအ၀ယ် ငြိမ်သက်နေခဲ့ရာမှ အိမ်မြေဈေးနှုန်းများမှာ ယခင်ကထက် ၁၅ရာခိုင်နှုန်းခန့် ဈေးနှုန်းများကျဆင်းခဲ့ကြောင်း သိရှိရသည်။
 

အိမ်ခြံမြေအခွန်ပြောင်းလဲပြီးနောက် ဈေးနှုန်းကျဆင်းလာမည်ကို စိုးရိမ်သဖြင့် ရင်းနှီးမြှုပ်နှံထားသူများဘက်က ပြန်လည်ရောင်း ချလာမှုများရှိလာသည့်အတွက် ဈေးနှုန်းတဖြည်းဖြည်းကျဆင်းလာသည်ဟု ၀ါရင့်အိမ်ခြံမြေအရောင်းအ၀ယ်ပြုလုပ်သူများက သုံးသပ်ပြောကြားကြသည်။
 
ဝါကျွတ်နီးလာတာလည်းပါ တယ်ပေါ့ အရောင်းအဝယ်ကတော့ တောက်လျှောက်အေးနေတယ်။ အရောင်းရှိပေမယ့် အဝယ်နည်းနေတဲ့ ပုံစံမျိုးဖြစ်နေတယ်။ ဝါကျွတ်ပြီးရင်တော့ ပြန်လည်ပြီးတော့ လှုပ်လာမယ်လို့ ထင်တယ်”ဟု သရဖူအိမ်ခြံမြေအ ကျိုးတော်ဆောင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက လက်ရှိ အိမ်ခြံမြေဈေးကွက်နှင့်ပတ်သက်၍ ၄င်း၏အမြင်ကို သုံးသပ်ပြသည်။
 
အခွန်နှုန်းထားကို တိုးမြှင့်၍ပြောင်းလဲကောက်ခံခဲ့ပြီး နှစ်ပတ်အတွင်းက ဈေးနှုန်းကျဆင်းခဲ့ခြင်းမရှိဘဲ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်အချို့၏ အိမ်ခြံမြေဈေးနှုန်းများမှာ (၁၀) ရာခိုင်နှုန်းဝန်းကျင်အထိ မြင့်တက်ခဲ့ကြောင်းကိုလည်း အကျိုးတော်ဆောင်များထံက သိရသည်။
 
စက်တင်ဘာလဆန်းပိုင်းမှစတင်ကာ ရန်ကုန်မြို့နှင့် အနီးတဝိုက်မြို့နယ်များအတွင်း အိမ်ခြံမြေ အရောင်းအဝယ်ဈေးကွက် ငြိမ်သက်နေခဲ့ပြီး မြို့နယ်အလိုက် ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းကျော် အထိ ဈေးနှုန်းကျဆင်းလာခဲ့သည်ဟု အကျိုးတော်ဆောင် လုပ်ငန်းများထံမှ သိရှိ ရသည်။
 
“သြဂုတ်လလောက်က ကျပ်သိန်း(၈၀)လောက်တန်တဲ့ မြေကွက်က အခု (၆၅) သိန်းလောက် ဖြစ်သွားတယ်။ ကျပ်သိန်း (၅၀၀) လောက်ရှိတဲ့ မြေကွက်နေရာတွေမှာဆို အခုသိန်း (၄၀၀) ၀န်းကျင် လောက်ပဲ ရှိတော့တယ်” ဟု ဒဂုံမြို့သစ်မြောက်ပိုင်းမှ အိမ်ခြံမြေအရောင်းအ၀ယ်ပြုလုပ်သူ မနော်က ပြောသည်။
 
သြဂုတ်လအတွင်းက မူရင်းဈေးများထက်ပို၍ ခေါ်ယူခဲ့သော်လည်း ၀ယ်သူရှိနေခဲ့ပြီး ယခုအချိန်တွင် အ၀ယ်သိသိသာသာ နည်းသွားကြောင်း ၎င်းကထပ်မံပြောသည်။
 
(၂၀၁၁) ခုနှစ်အတွင်းမှ စတင်၍ ကားတင်သွင်းခွင့်မူဝါဒအပြောင်းအလဲများကြောင့် နစ်နာခဲ့သော စီးပွားရေးလုပ်ငန်းရှင်များနှင့် ရင်းနှီးမြှပ်နှံသူများက တရွေ့ရွေ့နှင့် မြင့်တက်နေသော အိမ်ခြံမြေ ဈေးကွက်အတွင်းသို့ ပြောင်းလဲ၍ ရင်းနှီးမြှပ်နှံမှုများ ရှိခဲ့ကြသည်။
 
ယခင်က အိမ်ခြံမြေ၀ယ်ယူခြင်းအတွက် ပေးဆောင်ရသည့် အခွန်နှုန်းထားသည် ၀င်ငွေရလမ်း ဖော်ပြရန်မလိုပဲ တံဆိပ်ခေါင်းခွန် အပါအ၀င် (၁၅)ရာခိုင်နှုန်းသာ ပေးဆောင်ခဲ့ရသည်။
 
၂၀၁၂ခုနှစ် သြဂုတ်လ(၁၂)ရက်နေ့မှ စတင်ပြောင်းလဲကောက်ခံခဲ့သော အခွန်နှုန်းထားမှာ ၀င်ငွေရလမ်း မဖော်ပြနိုင်ပါက တံဆိပ်ခေါင်းခွန်အပါအ၀င် (၃၇) ရာခိုင်နှုန်းအဖြစ်သို့ ပြောင်းလဲပေးဆောင် စေခဲ့ခြင်းဖြစ်သည်။
From -မြစ်မခ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here