Wednesday, September 5, 2012

ဟိုတယ်တည်းခိုခန်းများ ပစ်မှတ်ထား ဖောက်ထွင်းခိုးသူအား ဖမ်းဆီးရမိ

0 comments
နေပြည်တော်၊ စက်တင်ဘာ ၁
ဟိုတယ်နှင့်တည်းခိုခန်း ၂၆ ခုကျော်ကို ဝင်ရောက်တည်းခို ဖောက်ထွင်းခိုးယူဖူးပြီး ယခင်ကလည်း ထိုသို့ခိုးယူမှုများဖြင့် ထောင်သုံးကြိမ်တိုင် ကျခံခဲ့ဖူးသူအား ဖောက် ထွင်းရာတွင် အသုံးပြုသော လက်နက်ကိရိယာများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။
၎င်းမှာ အသက် ၅၈ နှစ်အရွယ်ရှိပြီး နိုင်ငံသားစိစစ်ရေး ကတ်သုံးခု ကိုင်ဆောင်ထားသူတစ်ဦးလည်း ဖြစ်သည်။ တရားခံ၏အမည်မှာ ဦးစိန် တင် (ခ) အညာသား (ခ) မောင်သက် ဖြစ်ပြီး ၄င်းသည် ဟိုတယ်နှင့်တည်းခိုခန်းများကိုသာ ရွေးချယ်၍ တစ်ကိုယ်တော်နည်းဖြင့်လည်းကောင်း၊ အသင်းအဖွဲ့ဖြင့်လည်းကောင်း ဖောက်ထွင်း ခိုးယူလေ့ရှိသည်ဟု သိရသည်။
သြဂုတ်လ ၂ဝ ရက်နေ့ညနေ လေးနာရီက မြင်းခြံမြို့နယ် ယမုံနာအမည်ရှိ တည်းခိုခန်းတစ်ခုတွင် လာရောက်တည်းခိုသူတစ်ဦးသည် ၄င်းပိုင်ဒစ်ဂျစ်တယ် ကင်မရာ နှင့် ငွေသားကျပ်တစ်သိန်းပျောက်ဆုံးသွားသဖြင့် မြင်းခြံအမှတ်(၁) ရဲစခန်း သို့ တိုင်ကြားခဲ့သည်။
စခန်းမှ (ပ) ၂၄၁/၂ဝ၁၂ ပုဒ်မ ၃၈ဝ ဖြင့် အမှုဖွင့်စုံစမ်းခဲ့ရာ ယင်းတည်းခိုခန်းတွင် လာရောက်တည်းခိုနေသူ မောင်သက် (ခ) အညာသားမှာ စာရင်းပေးသွင်း ထားသော နေ့ရက်မတိုင်မီ (အခင်းဖြစ်ပွားပြီး မကြာခင်) တည်းခိုခန်းမှ ပခုက္က˙ူမြို့ နယ်ဘက်သို့ ဆိုင်ကယ် ကယ်ရီငှားကာ ထွက်သွားခဲ့ကြောင်း၊ စုံစမ်းစစ်ဆေးရေး တာဝန်ရှိသူတို့က မသင်္ကာ၍ ၄င်း၏နောက်သို့ လိုက်လံစစ်ဆေးရာ ဒစ်ဂျစ်တယ် ကင်မရာတစ်လုံး၊ ငွေကျပ်တစ်သိန်းနှင့် ဖောက်ထွင်းရာတွင် အသုံးပြုသော ကိရိယာ များနှင့်အတူ သော့တု ၂၅ ချောင်းကိုပါ တစ်ပါတည်းတွေ့ရှိ ထိန်းသိမ်းမိခဲ့သည်ဟု သတင်းရရှိသည်။
မြင်းခြံခရိုင် ရဲတပ်ဖွဲ့မှူး ဦးစီးသော စစ်ဆေးရေးအဖွဲ့က စစ်ဆေးရာတွင် တရားခံသည် ၄င်းကျူးလွန်ဖောက်ထွင်းခဲ့သည့် ပြစ်မှုများ၊ ထောင်ကျခဲ့ဖူးသည်များကို ဝန်ခံခဲ့ကြောင်း သတင်းရရှိသည်။ တရားခံ ဦးစိန်တင် (ခ) မောင်သက် (ခ) အညာသားမှာ ယခုနှစ် မတ်လ ၁ ရက်နေ့ ညနေလေးနာရီခန့်ကမြင်းခြံ တည်းခိုခန်းတစ်ခုတွင် အခင်းဖြစ်ပွားခဲ့သော ငွေကျပ်သိန်းလေးဆယ် ပျောက်ဆုံးမှုမှာလည်း ၄င်းကပင် တစ်ကိုယ်တော် ဖောက်ထွင်းခိုးယူခဲ့ခြင်း ဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်ဟု ထပ်လောင်းသိရသည်။
စွမ်းရဲထွဋ်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here