Friday, September 7, 2012

အင်္ဂလိပ်စာ သင်ခန်းစာများ MRTV4 ပထမဆုံး လွှင့်တော့မည်

0 comments
အင်္ဂလိပ်စာ လေ့လာလိုသူများအတွက် အင်္ဂလိပ်ဘာသာစကား သင်ကြားမှု အထောက်ကူပြု ဇာတ်လမ်းတို၊ တွေ့ဆုံမေးမြန်းခန်းများ၊ ဈေးဝယ်ခြင်း၊ သတင်းအစီရင်ခံပုံများ စသည့် အင်္ဂလိပ်စာ သင်ခန်းစာများ ရုပ်မြင်သံကြားမှတဆင့် ထုတ်လွှင့်နိုင်ရန် MRTV4 နှင့် ဗြိတိသျှကောင်စီတို့ ပူးပေါင်း ဆောင်ရွက်လျက် ရှိနေသည်။
Word on the Street ဟု အမည်ပေးထားသည့် အဆိုပါ သင်ခန်းစာများ ထုတ်လွှင့်ရခြင်းမှာ "အင်္ဂလိပ်စာ အရည်သွေး တိုးတက်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ပါ။ အရင်ဘာသာရပ်ပိုင်းဆိုင်ရာတွေကတော့ ထုတ်လွှင့်ဖူးပါတယ်။ အင်္ဂလိပ်စာနဲ့ ပတ်သက်တဲ့ ပရိုဂရမ် (အစီအစဉ်) ကတော့ အခုပထမဆုံးပါ။" ဟု MRTV4 အစီအစဉ်များ ဌာနမှူး မချမ်ငြိမ်းသူ က ပြောသည်။

ဗြိတိသျှကောင်စီနှင့် ဘီဘီစီ ပါရှင်းဘာသာဌာနတို့ ပြုစုထားသည့် အဆိုပါ သင်ခန်းစာများကို MRTV4 နှင့် ၎င်း၏ ဆက်စပ် ရုပ်သံလိုင်း For Edu တို့မှ ယခုနှစ် စက်တင်ဘာလကုန် သို့မဟုတ် အောက်တိုဘာလတွင် ပြသနိုင်ရန် စီစဉ်နေပြီး နေ့လည်ပိုင်းတွင် ထုတ်လွင့်မည် ဖြစ်သည်။ သင်ခန်းစာများကို စီးရီးအလိုက် စီစဉ်ထားပြီး အင်္ဂလိပ်စာ အခြေခံ တတ်မြောက်ပြီးသူများ လေ့လာရန် သင့်တော် သည်ဟုလည်း ဗြိတိသျှကောင်စီ၏ ပြန်ကြားရေးတာဝန်ခံ ကိုမျိုးကိုကိုဦးက မဇ္ဈိမ ကို ပြောသည်။ 

"ဒါထုတ်လွင့်တာ အဆင်ပြေတယ်ဆိုရင် စီးရီး (၂) ကိုလည်း ဆက်ပြီး ထုတ်လွှင့်မယ်။ အင်္ဂလိပ်စာကို သင်ကြားထားပြီး အကျွမ်းတဝင် မရှိသေးသူတွေအတွက် သင့်တော်တယ်။" ဟုဆိုသည်။ Word on the Street အင်္ဂလိပ်စာ သင်ခန်းစာ အစီအစဉ်များကို ၂ဝ၁၁၊၂ဝ၁၂တွင်ရိုက်ကူးခဲ့ပြီး ဗြိတိန်နိုင်ငံ အပါအဝင် ဟောင်ကောင်၊ တူရကီ၊ ဆာဗေးနီးယား၊ အီရန်၊ အီရတ်၊ အာဖဂန်နစ္စတန် စသည့် နိုင်ငံများတွင် ထုတ်လွင့်ပြသခဲပြီး မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင်လည်း ထုတ်လွှင့်ရန် စီစဉ်နေသည်။ 

အလားတူပင် အင်္ဂလိပ်စာသင်ခန်းစာများဖြစ်ကြသော "Connect with English" နှင့် " Crossroad Cafe" တို့ကို အမေရိကန်အသံ ဗီအိုအေက MRTV မှ အောက်တိုဘာလမှစ၍ ထုတ်လွှင့်မှာဖြစ်သည်။ အမေရိကန်အစီအစဉ်တခုကို မြန်မာ နိုင်ငံပိုင်ရုပ်မြင်သံကြားတွင် ထုတ်လွှင့်မှုမှာ နှစ်ပေါင်း ၂၁ နှစ်အကြာတွင် ပထမ ဆုံးဖြစ်လာလိမ့်မည်။
 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here