Friday, October 12, 2012

ပြည်တွင်းငြိမ်းချမ်းရေးအတွက် ရှမ်းတိုင်းရင်းသားများ ညီလာခံကျင်းပမည်

0 comments

မြန်မာနိုင်ငံမှာ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ ရည်ရွယ်ပြီး ရှမ်းလူထု လူတန်းစား အဖွဲ့အစည်းအားလုံး ပါဝင်တဲ့ ရှမ်းတိုင်းရင်းသားများ ညီလာခံကြီး တရပ် ကျင်းပမယ်လို့ သိရပါတယ်။
ဒီညီလာခံကို  ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) က ဦးစီး ဆောင်ရွက်နေတာဖြစ်ပြီး  ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်ပေးမယ်လို့ သမ္မတ ဦးသိန်းစိန်ကို ကတိပြုထားတဲ့အတိုင်း ဆောင်ရွက်နေတာဖြစ်ကြောင်း  ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက  ပြောပါတယ်။
ဦးခွန်ထွန်းဦး
“သမ္မတကြီးကို ကတိပေးထားတယ်။ ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့နေရာမှာ လုပ်ဆောင်ပေးမယ်၊ ထိထိရောက်ရောက်လည်း လုပ်ပေးမယ်ဆိုတဲ့ကတိကလည်း ရှိနေတော့ အဲဒါကို ဖြစ်ဖြစ်မြောက်မြောက် လုပ်ပေးချင်တဲ့ဆန္ဒရှိတယ်။ နောက်ပြီး တချို့ ငြိမ်းချမ်းရေးယူတဲ့နေရာမှာ နားလည်မှုလွဲနေလို့၊ ပြည်သူ့အသံတို့၊ ရွာပုန်းရွာရှောင်ပုဂ္ဂိုလ်တွေ၊ သက်ဆိုင်ရာ လူထုတွေရဲ့ အသံလည်း ကျနော်ကြားချင်တယ်။ အဲတော့ ဘယ်လိုဖြေရှင်းကြမလဲ၊ သန်းခေါင်စာရင်းကလည်း ၁၃-၁၄ ဆို စကောက်တော့မယ်။ သန်းခေါင်စာရင်းမှာ မကျန်ခဲ့အောင်လည်း ပါပါတယ်။ ဘာပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးက အဓိကပေါ့။ ကျနော်တို့ အက်စ်အန်အယ်လ်ဒီအနေနဲ့ လှုပ်ရှားပေးရမယ့် တာဝန်ရှိလာပြီဆိုတော့ လှုပ်ရှားစပြုပါပြီ။”
ညီလာခံကို လာမယ့် နိုဝင်ဘာလထဲ ရန်ကုန်မှာ ကျင်းပဖို့ လျာထားပြီး   ခုလောလောဆယ်  အက်စ်အန်အယ်လ်ဒီ ဗဟိုကော်မတီဝင်တချို့ ရှမ်းပြည်နယ် တောင်ကြီးမြို့ကို သွားရောက်ကာ ညီလာခံအတွက် ကြိုတင်ပြင်ဆင်လေ့လာနေတယ်လို့ ဆိုပါတယ်။
ရှမ်းညီလာခံ ဖြစ်မြောက်ရေးကော်မတီတရပ်ကို ဒီလပိုင်းအတွင်းမှာ ဖွဲ့စည်းမှာ ဖြစ်ပြီး ကော်မတီကနေ သမိုင်းအစဉ်အလာရှိခဲ့သူ ရှမ်းပညာရှင်တွေ၊ ရှမ်းနိုင်ငံရေးပါတီတွေ၊ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့တွေ၊ ရှမ်းလူမှုအခြေပြုအဖွဲ့အစည်း၊ လူငယ်ကွန်ရက်၊ ရှမ်းစာပေယဉ်ကျေးမှုအသင်း၊ သံဃာတော်တွေ အပါအ၀င်  ရှမ်းတိုင်းရင်းသားနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းအားလုံး ပါဝင်နိုင်အောင် ကြိုးစားစည်းရုံး ဖိတ်ခေါ်သွားမယ်လို့ ဦးခွန်ထွန်းဦးက ပြောပါတယ်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်က ခေါင်းဆောင် ဦးခွန်ထွန်းဦး၊ အတွင်းရေးမှူးရေးမှူး ဦးစိုင်းညွန့်လွင်အပါအ၀င် ရှမ်းခေါင်းဆောင်တွေဟာ အရင်စစ်အစိုးရလက်ထက်က ရှမ်းပြည်အတိုင်ပင်ခံကောင်စီအဖွဲ့ ဖွဲ့စည်းဖို့ ကြိုးစားစဉ်မှာ နှစ်ရှည်ထောင်ဒဏ်အပြစ်ပေးခံခဲ့ရပြီး သမ္မတဦးသိန်းစိန်လက်ထက် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီနှစ်ဦးပိုင်းက ပြန်လွတ်လာတာဖြစ်ပါတယ်။

DVB

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here