Friday, October 12, 2012

မူးယစ်ရာဇာကြီးစိုးသောဒေသ၌ ဒေသခံအမျိုးသမီးများ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်နေ

0 comments
သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် မုံးပေါ်အုပ်စုရှိ ဒေသခံအမျိုးသမီးများစုပေါင်း၍  အမျိုးသမီးသီးသန့် အင်အားဖြင့် မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအသင်းဖွဲ့ကာ မူးယစ်နှိမ်နှင်းနေကြောင်း ဒေသခံ များပြောပြချက်အရသိရသည်။
001-_MB__trainingမုံးပေါ်ဒေသမူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအသင်း
 
“ကော်မတီဝင် ၇ ယောက်ရှိတယ်။ ဥက္ကဌ၊ ဒုဥက္ကဌအစရှိ အားလုံးက အမျိုးသမီးတွေ။ အဖွဲ့ဝင်အားလုံး ၂၀၀ ကျော်ရှိတယ်။ မုံးပေါ်က ကျေးရွာ ၂၁ ရွာက မိခင်တွေပေါ့နော်။ ပြီးခဲ့တဲ့ ဩဂတ်စ်လက စတင်ဖွဲ့စည်းပြီး လှုပ်ရှားလာခဲ့တယ်လို့ သူတို့ ပြောတယ်” မုံးပေါ်သို့ရောက်ရှိခဲ့သော လားရှိုးဒေသခံတဦးကပြောသည်။
မုံးပေါ် ဇုံ ပြည်သူလူထု မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအသင်းကို ဩဂတ်စ်လ ၁၇ ရက်နေ့က စတင်ဖွဲ့စည်းပြီး ဩဂတ်စ်လ ၂၀ ရက်နေ့က စတင်လှုပ်ရှားခဲ့သည်ဟု ဆိုပါသည်။ ဩဂတ်စ်လအတွင်း ၆ ကြိမ်ဖမ်းဆီးမှုပြုလုပ်ရာ ရွာ ၆ ရွာမှ ရောင်း၊ဝယ်၊ သုံးစွဲသူ လူ ၁၆ ဦးဖမ်းဆီးခဲ့သည်။ ဆေးမှုန့် ၄ ပုလင်း၊ ဆေးပြား ၆၉ ပြား၊ ပိုက် ၉ ခုနှင့် ဘိန်းမဲ ၂ မူးဖမ်းဆီးရမိ သည်ဟု အသင်း၏ လှုပ်ရှားမှုမှတ်တမ်းတွင် ဖော်ပြထားသည်ကိုတွေ့ရသည်။ 

ထို့အပြင် စက်တင်ဘာလ အတွင်းလှုပ်ရှားမှုတွင် ၇ ကြိမ်ဖမ်းဆီးမှုပြုရာ ကျေးရွာ ၁၀ ရွာမှ ရောင်းဝယ်သုံးစွဲသူ ၁၃ ဦးကို စစ်ဆေးဖမ်းဆီးခဲ့သည်။ ဘိန်းဖြူ ၅ ပုလင်းခွဲ၊ ဘိန်းမဲတချို့၊ ပိုက် ၄၂ ချောင်း၊ ဆေးပြား ၂၀၀ ထပ်မံဖမ်းဆီးရမိခဲ့သည်။ 

ဩဂတ်စ်လနှင့် စက်တင်ဘာလတို့၌ဖမ်းဆီးရမိသော ပစ္စည်းတချို့ကို စက်တင်ဘာလ ၂၆ ရက်က မီးရှို့ဖျက်ဆီးခဲ့သည်ဟု လည်း အဆိုပါ လားရှိုးဒေသခံက ဆက်လက်ပြောပြသည်။ 

“ မူးယစ်ဆေးဝါး အကျိုးဆက်တွေကို မခံမရပ်နိုင်လို့ စုပေါင်းတိုက်ဖျက်ကြမယ် ဆိုပြီး မုံးပေါ်က မိခင်တွေကနေစပြီး ဆွေးနွေးဖြစ်ကြတယ်လို့ပြောတယ်။ ဒီမုံးပေါ်ဇုံမှာ မူးယစ်ဆေးဝါးကင်းစင်ပပျောက်အောင် ၃ နှစ်စီမံကိန်းနဲ့လုပ်သွားမယ်လို့ ပြောတယ်။  ဒီအမျိုးသမီးအဖွဲ့ကတော့  တကယ်လဲလှုပ်ရှားတယ် ဖမ်းဆီးတယ်။ သူတို့လှုပ်ရှားမှုလုပ်ငန်းမှာ ပြည်သူ့စစ်နဲ့ ပြည်သူ့ရဲ့တချို့ဆီကနေ ပံ့ပိုးမှုအနည်းငယ်တော့ ရရှိခဲ့တယ်။ ထိရောက်တဲ့ပူးပေါင်းမှုတော့ မရရှိဘူးလို့ ပြောတယ်” ဟု အဆိုပါ အမျိုးသမီးများမှဖွဲ့စည်းထားသော မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအသင်းအကြောင်း စုံစမ်းလေ့လာခဲ့ရသည့် လားရှိုးဒေသခံက သျှမ်းသံတော်ဆင့်အား ပြောပြသည်။
002-_MB_training  မုံးပေါ်ဒေသမူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအသင်း
 
အဆိုပါအသင်းအဖွဲ့၏ ရည်ရွယ်ချက်မှာ ၁- နောင်လာနောက်သားများ မူးယစ်ဆေးဝါးကင်းစင်ပြီး   ရပ်ရွာဒေသ ပတ်ဝန်း ကျင်၌  ငြိမ်းချမ်းလုံခြုံစွာနေထိုင်နိုင်ရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်။
၂- နိုင်ငံ့ခေါင်းဆောင်ကောင်းများပေါ်ထွန်းလာစေရန်။
၃-ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လာစေရန်။
၎-မူးယစ်ဆေးဝါးကြောင့် ဆင်းရဲဒုက္ခရောက်နေသော မိသားစုများ၏စိတ်ဓါတ်ပြန်လည်မြင့်တင်လာစေရန် - ဟူသောအချက် ၄ ချက်ဖြစ်သည်ဟုလည်း ၎င်းတို့၏ နောက်ခံသမိုင်း၌ ရေးသားထားသည်ကိုတွေ့ရသည်။

ကြူကုတ်မြို့နယ်ခွဲအတွင်းရှိ မုံးပေါ်ဇုံ၌ မူးယစ်ဆေးဝါး ပေါများလျက်ရှိရာ ဆေးသုံးသူမရှိသည့် မိသားစုမရှိ (အနည်းဆုံး တအိမ်တယောက်) ဖြစ်နေသည်ဟု ဆိုပါသည်။  မုံးပေါ်ဌာနေပြည်သူ့စစ်ခေါင်းဆောင် ဦးကိန်မိုင်အားလည်း လွှတ်တော် ရောက် မူးယစ်ရာဇာဟု Shan Drug Watch အစီရင်ခံစာက ရေးသားထားပါသည်။ ထို့အတူ အဆိုပါ မုံးပေါ် ဇုံ ပြည်သူလူထု မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအသင်း၏ ခေါင်းဆောင်ပိုင်းများသည် ဒေသခံအာဏာရှိပုဂ္ဂိုလ်များနှင့် ပတ်သက်ဆက်နွယ်မှုရှိမရှိ မသိရသေးဟု ဆိုပါသည်။
 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here