Friday, October 5, 2012

လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်ပြီး အခေါင်းသုံးလုံးပြုလုပ်၍ မီးရှို့ဆန္ဒဖော်ထုတ်ခဲ့သူ ၁၆ ဦးအား အောက်တိုဘာလ ၄ရက်နေ့က ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်

0 comments
မုံရွာခရိုင် လက်ပံတောင်းတောင် စီမံကိန်းအတွက် မြေသိမ်းခံကျေးရွာ ၂၆ ရွာမှ     တောင်သူများက စက်တင်ဘာ၅ရက်နေ့တွင် မုံရွာ-ပုသိမ်လမ်းမကြီးနှင့်  ညောင်ပင်ကြီး-ပုလဲ လမ်းဆုံအနီး မြန်မာ -၀မ်ပေါင်ရုံး အနောက်မြောက်ဘက်ထောင့် ၌ အခေါင်း ၃ လုံးပြုလုပ်မီးရှို့ကာ ဆန္ဒဖော်ထုတ်ခဲ့ပြီး အဆိုပါ ဖြစ်ရပ်တွင် ပါဝင်သည်ဟု ယူဆသော ဒေသခံရွာသားများအပါအ၀င် ၁၆ဦးအား ဆားလင်းကြီး ရဲစခန်းမှ (ပ)၂၃၃၊၁၂    ပြစ်မှုပုဒ်မ ၁၄၃ ၊ ၁၄၇ ၊ ၅၀၀တို့ ဖြင့်  အမှုဖွင့် ထားကြောင်းသိရသည်။

စက်တင်ဘာလ ၅ ရက်နေ့ က မြန်မာ-၀မ်ပေါင်ရုံး ကြေးနီစီမံကိန်းဧရိယာအနီး ညောင်ပင်ကြီး-ယင်းမာပင် ကားလမ်းနှင့် ပုလဲ-မုံရွာ ကားလမ်းဆုံ၌ ပြည်သူ့ အကျိုးဆောင်ကွန်ယက်(ရန်ကုန်)မှ ဟန်ဝင်းအောင်၊အောင်စိုး၊ ကျောင်သားသမဂ္ဂဖြစ်မြောက်ရေးအဖွဲ့ မှ ကျော်ကိုကို၊ဟန်ဇော်ဝင်း၊အောင်ကိုဦး၊သိန်းသန်းဦး၊ အာကာထက်မိုး၊ထက်အေး၊ကောင်းဆက်၊မ၀ါဝါ ၊မမိုးမိုး၊ မုံရွာမှ မတင်မာလွင် (ခေါ်) မတင်မာဆွေ ၊၀က်မှေးကျေးရွာဟောင်းမှ မသွဲ့သွဲ့ဝင်း၊ကိုအောင်ဇော်ဦး၊ ဆည်တည်းကျေးရွာမှ ကိုမြင့်တင်၊ ခင်ငြိမ်းတို့ အဖွဲ့ ကို ဥပဒေနှင့်ဆန့်ကျင်သောလူစုလူဝေးကိုဦးဆောင်၍ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် နှင့်
ဝမ်ပေါင် ကုမ္ပဏီတို့ အား စိတ်ညိုညင်အောင်ပြုလုပ်ခြင်း၊ ကုမ္ပဏီ ကျက်သရေနစ်နာစေရန် အကြံဖြင့်ပြုမူ ဆောင်ရွက်ခြင်းတို့ ကြောင့် လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်း လက်ထောက်အထွေထွေမန်နေဂျာ ဗိုလ်ကြီးကျော်လှမိုး (ငြိမ်း) က တရားလိုပြုကာ တိုင်တန်းထားကြောင်း သိရသည်။

“ယာမြေတွေပေါ်မှာ မကျူးကျော်ရဆိုတဲ့ ဆိုင်းဘုတ်တွေ ကို လက်ပံတောင်းတောင် စီမံကိန်း ပြန်စတယ်ဆိုတာ ကြားကတည်းက တောင်သူတွေ ပြုလုပ်ခဲ့တယ်။သြဂုတ်လ ၂၄ ရက်နေ့မှ စက်တင်ဘာ ၁ ရက်နေ့  အထိ  သိမ်းခံရတဲ့  ယာတွေပေါ်မှာ တဲဆောက်တာတွေ မကျူးကျော်ရ ဆိုင်းဘုတ်ထောင်တာတွေ လုပ်ခဲ့တယ်။ဖောင်းကားဘက်မှာ ယာတွေထဲမှာ မြေစာပုံတာတွေကို သွားတားခဲ့တယ်။စက်တင်ဘာ ၂ ရက် မှ ၄ ရက်နေ့ အထိ မိုးရွာတာကြောင့်ရော အထက်ကိုတင်ပြဖို့ စာရင်းကောက်တာတွေရော လုပ်နေခဲ့ကြတယ်။

ဒီနေ့  စက်တင်ဘာ ၅ ရက်နေ့ မှာတော့ မြေသိမ်းခံ ၂၆ရွာက ရွာသားတွေ ဖောင်းကားနဲ့ မိုးကြိုးပြင်ဘက်မှာ မြေစာပုံတာတွေအနီးမှာ ဆန္ဒဖော်ထုတ်ဖို့ အသွား တရုတ်ဆိုက်  မြန်မာ -၀မ်ဘို အနီးမှာ ရဲတွေက ပိတ်တားလို့ မုံရွာ-ပုသိမ်လမ်းနဲ့  ညောင်ပင်ကြီး-ယင်းမာပင်-ပုလဲ လမ်းဆုံအနီးမှာပဲ ဆန္ဒဖော်ထုတ်ခဲ့ကြတယ်”ဟူ၍  ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သူတစ်ဦး ကပြောပြခဲ့သည်။ လက်ပံတောင်းတောင် စီမံကိန်းအတွက် မြေသိမ်းခံကျေးရွာ ၂၆ ရွာမှ တောင်သူများ စက်တင်ဘာ၅ရက်နေ့တွင် မုံရွာ-ပုသိမ် လမ်းမကြီးနှင့် ညောင်ပင်ကြီး - ပုလဲ လမ်းဆုံအနီး မြန်မာ -၀မ်ဘိုရုံး အနောက်မြောက်ဘက်ထောင့်၌ အထက်မြန်မာပြည် ဗကသကျောင်းသားများ၊ကွန်ယက်များမှ ကူညီရေးအဖွဲ့ များ၊သဘာပပတ်ဝန်းကျင်ချစ်မြတ်နိုးသူများအကူအညီဖြင့် မြေယာများပြန်လည်လုပ်ကိုင်ခွင့်ရရေး၊ဖမ်းဆီးထိန်းသိမ်းခံရသူ တစ်ဦး ပြန်လွှတ်ရေး အတွက် တောင်းဆိုခဲ့ကြသည်။

တောင်သူများသည် မနက် ၁၂ နာရီ ခန့် တွင် မုံရွာ-ပုသိမ် လမ်းမကြီးနှင့်  ညောင်ပင်ကြီး - ပုလဲ လမ်းဆုံအနီး မြန်မာ -၀မ်ဘိုရုံး အနောက်မြောက်ဘက်ထောင့်၌ စုမိကာ နေ့လည် ၁နာရီခွဲခန့် တွင် “ဦးပိုင် အသက်၂၄ နှစ်"  “ကိုတရုတ်ကြီး အသက်၂၄ နှစ်” ‘ပုဒ်မ ၁၄၄  အသက်၁ နှစ်” ရေးသားထားသော အခေါင်း ၃ လုံးကိုကြေးစည်ထု၊သောက်ရေအိုးများခွဲကာ မီးရှို့ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။ နောက် စနစ်တကျပြန်လည်စီတန်းကာ ကျေးရွာများသို့ ပြန်လည်ထွက်ခွာခဲ့ကြသည်။ လမ်းတွင် လက်ပံတောင်းတောင်အနီးရှိ ရန်အောင်မြင်စေတီ တွင် ရွာသားအားလုံး ဆုတောင်းဝတ်ပြုခဲ့ကြကြောင်း သိရသည်။

Eleven media group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here