Monday, November 26, 2012

ကိုယ့်အားကိုယ်ကိုး အမျိုးသမီး မူးယစ်တိုက်ဖျက်ရေးအဖွဲ့ လုပ်ငန်းအောင်မြင်

0 comments
နိုဝင်ဘာ(၂၆)

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် မုံးပေါ်ဒေသ၌ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလှုပ်ရှားနေသော အမျိုးသမီးအဖွဲ့ လုပ် ငန်း သိသိသာသာအောင်မြင်လာနေကြောင်း ရောင်းဝယ်သူရှားပါးလာမှုကြောင့် ဝယ်ယူသုံးစွဲသူလျော့နည်းလာ ကြောင်း မြို့ခံများကပြောသည်။
 Mongbaw
                                       မုံးပေါ်ဒေသမူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအသင်း

“အိမ်မှာဘိန်းစားရှိရင် ချက်ဖို့ဆန်ကအစ ခိုးရောင်းတယ်။  အိမ်ပစ္စည်းတွေ ဘာမှု လုံခြုံမှုမရှိဘူး။ မှတ်ပုံတင်တောင်ပေါင်စား  တယ်ဆိုတော့ စဉ်းစားကြည့်ပေါ့။ မိန်းမဖြစ်သူက အလုပ်သွားလုပ်တော့မယ်ဆိုရင် အဖိုးတန်ပစ္စည်းတွေ ဘိန်းစားမရှိတဲ့ ဘေးအိမ်ကို  သွားအပ်ထားရတယ်။ မခံမရပ်နိုင်အောင်ဖြစ်လာလို့ ဒေသခံ မိခင်တွေက စုပြီး မူယစ်ဆေးဝါး တိုက်ဖျက်လာ တယ်။ ရောင်းတဲ့သူကို အင်အားနဲ့သွားဖမ်းတယ်။ သုံးစွဲတဲ့သူကို တိုက်ဖျက်ပေးတယ်။ အခုရောင်းတဲ့သူတွေ တော်တော် လျော့သွားလို့ ဝယ်စားတဲ့သူက လွယ်လွယ်နဲ့ မရတော့ဘူး။ အားဖြည့် ပြီးလုပ်လာတာ ၇-၈ လလောက်ရှိပြီ။ အောင်မြင်လာ တယ် လို့ပြောရမှာပေါ့  ” - ကိုယ်ကျိုးစွန့်ပြီး မူးယစ်ဆေး ဝိုင်းတိုက်ဖျက်သည့် ဒေသခံ မိခင် ကချင်အမျိုးသမီး တဦးက ပြောပါသည်။
  
ယခုနှစ်အတွင်းစတင်သည့် မုံးပေါ် ဒေသခံအမျိုးသမီးများ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ မူစယ်မြို့နယ် ပန်ဆိုင်း မြို့နယ်ခွဲရှိ မုံးပေါ်ဒေသအတွင်းအား အဓိကပစ်မှတ်ထားကြောင်း၊ အမျိုးသမီးနှင့် ရပ်ကွက် လူထုကျေးရွာ ၂၁ ရွာ  စုပေါင်း အင်အား ၂၀၀ ကျော်က မုံးပေါ် ဇုံ ပြည်သူလူထု မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး အသင်းအဖြစ် ဖွဲ့စည်းပြီး မူးယစ်ဆေး ဝါးတိုက်ဖျက်လာခဲ့ခြင်းဖြစ်သည်။

ပလောင်အမျိုးသမီးများ စာစောင်တွင် မူစယ်မြို့၌ ၈ အုပ်စု ၃၂ ရွာ ရှိရာ မုံးပေါ်ရွာတွင် အိမ်ခြေ ၂၆၀၀၊ လူဦးရေ ၁၀၇၅၅ ရှိရာ ဆေးစွဲသူ ၂၀၀၀ ကျော်ရှိကြောင်း၊ မူးယစ်ဆေး လက်လီအရောင်းသမား  ၄၀ ကျော်ရှိပြီး ၎င်းတို့မှာ အစိုးရရဲထံ တလ လျင် တဦး ကျပ် ၄ သိန်းပေးသွင်းရကြောင်း ဆိုပါသည်။

“မူစယ်မြို့နယ် မဲဆန္ဒနယ်အမတ် ၂ က ကြံ့ဖွံ့ပါတီရဲ့ပြည်နယ်လွှတ်တော်အမတ် ဦးကမ်မိုင်ရဲ့အကို ဦးမာမွန်း ကနေ အားပေးတယ်။ တိုက်ရိုက်ပတ်သက်တာတော့မဟုတ်ဘူး။ မလုပ်လို့လဲမရတော့တဲ့အခြေအနေလေ။ အိမ်တိုင်းနီးပါးကို ဆေးသုံးနေကြတယ်။ ကြာရင်တော့ လူမျိုးသုဉ်းမယ် လူမျိုးပျောက်မယ်လေ။ ဒီအမျိုးသမီးအဖွဲ့ရဲ့ခေါင်းဆောင်ကလည်း နန်းဆွဲ့တဲ့ အသက် ၈၀ ကျော်နေပြီ။ သာမာန်အရပ်သူဘဲ ”  ဟု မုံးပေါ်ဒေသခံတဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။

ထိုကဲ့သို့ မူးယစ်ဆေးဝါးပျံ့နှံ့ သုံးစွဲလာရခြင်းမှာ ဒေသတွင်းမတည်မငြိမ် ဖြစ်ခြင်း၊ သတင်းပို့ ပေးမည့် သူမရှိတော့ခြင်း (ယခင်ကရှိဖူးသော်လည်း သတင်းပို့သူအား သတ်ဖြတ်မှုကြောင့် ကြောက်ရွံ့ကြ သဖြင့် သတင်းမပို့ရဲတော့) ၊ ဒေသတွင်းရှိ အစိုးရဝန်ထမ်းများ လစာနည်းပါးခြင်း (လာဘ် ပေးလာဘ်ယူမှု များ ပြားလာ) တို့ကြောင့်ဖြစ်ကြောင်း ၎င်းက ဆိုပါသည်။

အိမ်ပေါ်အထိ တက်ရောက်စစ်ဆေးရာ ပထမအကြိမ်ဖမ်းမိပါက သတိပေးတားမြစ်ခဲ့သည်။ သို့သော် ဖမ်းမိပစ္စည်းများအား သိမ်းယူသွားခဲ့သည်။ ဒုတိယအကြိမ်ဖမ်းမိပါမှ ဖမ်းဆီးအရေးယူသည်ဟုဆိုပါသည်။

ဖမ်းမိပစ္စည်းများအား လစဉ်လတိုင်း မီးရှို့ဖျက်ဆီးမှု ပြုလုပ်ခဲ့ကြောင်း အဆိုပါအသင်း ဝင်များကဆိုပါသည်။
အဆိုပါအသင်းအဖွဲ့၏ ရည်ရွယ်ချက်မှာ ၁- နောင်လာနောက်သားများ မူးယစ်ဆေးဝါးကင်းစင်ပြီး   ရပ်ရွာဒေသ ပတ်ဝန်း ကျင်၌  ငြိမ်းချမ်းလုံခြုံစွာနေထိုင်နိုင်ရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်။
၂- နိုင်ငံ့ခေါင်းဆောင်ကောင်းများပေါ်ထွန်းလာစေရန်။
၃-ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လာစေရန်။
၎-မူးယစ်ဆေးဝါးကြောင့် ဆင်းရဲဒုက္ခရောက်နေသော မိသားစုများ၏စိတ်ဓါတ်ပြန်လည်မြင့်တင်လာစေရန် - ဟူသောအချက် ၄ ချက်ဖြစ်သည်ဟုလည်း ၎င်းတို့၏ နောက်ခံသမိုင်း၌ ရေးသားထားသည်ကိုတွေ့ရသည်။

သျှမ်းသံတော်ဆင့်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here