တရုတ်နိုင်ငံသည် လေယာဉ်အပိုင်စီးသူ(၃)ဦးကိုယခုအခါ သေဒဏ်စီရင်ချက်ချမှတ်လိုက်ကြောင်း သိရှိရသည်။ တရုတ်တရားရုံး တစ်ခုက ဇွန်လအတွင်း ခရီးသည်တင် လေယာဉ်တစ်ခုကို အကြမ်းဖက် အပိုင်စီးခဲ့သူများအနက် (၃)ဦးကို သေစားသေစေ အမိန့်ချမှတ်ကြောင်း ဗုဒ္ဓဟူးနေ့က အတည်ပြုခဲ့သည်။ ကျန်တစ်ဦးမှာမူ အဖမ်းခံရသည်နှင့်မိမိအပြစ်ကျူးလွန်ကြောင်း ဝန်ခံခဲ့သူဖြစ်ရာ ထောင်ဒဏ်တစ်သက် ချမှတ်ခံရသည်။ ဇွန်လ(၂၉)ရက်နေ့ ဖြစ်စဉ်နှင့် ပတ်သက်ပြီး အနောက်မြောက်ပိုင်း ရှင်ဂျီအန်း အွိုင်ဂွာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၏ တရားရုံးက ဘာသာရေးနှင့် ဆက်နွယ်သည်ဆိုသော အကြမ်းဖက် သမားများကို ညှာတာနေ စရာ မရှိဟု ဆုံးဖြတ်လိုက်သည်။
ထိုဖြစ်စဉ်တွင် အကြမ်းဖက်သမား (၂)ဦးမှာလည်း သေဆုံးခဲ့သည်။ ရှင်ဟွာ သတင်းဌာနက ယခုဖြစ်စဉ်တွင် အကြမ်းဖက် သမားများသည် မည်သည့် ဘာသာရေး အစွန်းရောက် အဖွဲ့နှင့် ဆက်နွယ်သည် ဆိုခြင်းကို တိတိကျကျ မဖော်ပြခဲ့ချေ။ ရှင်ဂျီအန်း ဒေသတွင်မူ မွတ်ဆလင် ဘာသာဝင် အများအပြား နေထိုင်ကြောင်းမူ သိရှိရသည်။ လေယာဉ်ကို အပိုင်စီးရန် ကြိုးစားသူများကို လေယာဉ်အမှုထမ်းများက ခုခံကြပြီးနောက် အကြမ်းဖက်သမား (၂)ဦး သေဆုံး သွားသလို ဝန်ထမ်းနှင့် ခရီးသည် (၂၄)ဦးလည်း ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းများက ဆိုသည်။
တီယန်ဂျင်း လေကြောင်းလိုင်းပိုင် ခရီးစဉ်အမှတ် GS7554သည် ဟိုတန်လေဆိပ်မှ ပျံတက်လာပြီးဦးတည်သည့် နေရာမရောက်မီ ပြဿနာကြုံခဲ့ခြင်း ဖြစ်သည်။ လေယာဉ်သည် ဒေသ၏ မြို့တော် အာရမ်ကွီသို့ ပျံသန်းခဲ့ခြင်း ဖြစ်သည်။ ရှင်ဟွာ သတင်းဌာနက ထိုသူများသည် ဘာသာရေး တစ်ခု၏ ထူးမြတ်မှုကို အော်ဟစ်ကာ အမှုထမ်းများကို စတင် တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ ၎င်းတို့သည် လေယာဉ်မှူး အခန်းကို ထုရိုက်ဖွင့်ရန် ကြိုးပမ်းခဲ့ပြီး နောက်ဆုံးတွင် အမှုထမ်းများနှင့် ခရီးသည်များက အသာစီးယူနိုင်ခဲ့သည်။ တရားရုံးက အကြမ်းဖတ် သမားများတွင် ဖောက်ခွဲရေး ပစ္စည်းများ၊ သတ္တုစများနှင့် မီးခြစ်များပါ တွေ့ရှိခဲ့ကြောင်း ဆိုသည်။
ရှင်ဟွာ သတင်းဌာနက တရားရုံးသည် ဥပဒေကြောင်း အခွင့်အရေးအရ ခုခံလျှောက်လှဲ သူများကို ဒေသတွင်း ဘာသာစကား သုံးစွဲခွင့် ပေးခဲ့ကြောင်း ဖော်ပြခဲ့သည်။ ရှင်ဂျီအန်း အွိုင်ဂွာ ဒေသသည် မွန်ဂိုလီးယားနှင့် ယခင်ဆိုဗီယက် ပြည်ထောင်စုဝင် နိုင်ငံများနှင့် နယ်နိမိတ်ချင်း ကပ်၍ တည်ရှိသည်။ ယင်းတို့သည် တူရကီနှင့် နီးစပ်သော ဘာသာစကားကို အဓိက အသုံးပြုသည်။ အဆိုပါ ဒေသခံ အများစုသည် မိမိတို့ ပြည်နယ်အတွင်း ပြည်မကြီးမှ ဟန်မျိုးနွယ် တရုတ်များ အခြေချ နေထိုင်ခြင်းကို မနှစ်မြို့ကြောင်း ဝန်ခံပြောဆိုခဲ့ကြသည်။

ကိုးဒီသွေး