မြန်မာစကားလုံးများ ဖန်တီးရာတွင်ရှေ့ ဆက်၊ နောက်ဆက်များပူးတွဲပြီး နာမ် စကားပွား၊ ကြိယာစကားပွားများ ဖန်တီးနိုင် သကဲ့သို့ `အထူးပြု´များလည်း ဖန်တီးနိုင် ပါ သည်။ နာမ်ကိုအထူးပြုသော နာမဝိသေသန၊ ကြိယာကိုအထူးပြုသောကြိယာ ဝိသေသန တို့ကို `အထူးပြု´ ဟူ၍ ခြုံ၍ခေါ်နိုင်ပါသည်။
အထူးပြုဖန်တီးသော ရှေ့ဆက်များတွင် အ-ရှေ့ဆက်နှင့် တ-ရှေ့ဆက်တို့သည် အသုံး အတွင်ကျယ်ဆုံးဖြစ်သည်။ `အမြန် ရထား´၊ `အနှေးယာဉ်´ တို့တွင် `အမြန် ၊အနှေး´ တို့သည် နောက်ကနာမ်ကို အထူးပြုသော နာမ် အထူးပြုများဖြစ်သည်။အထူးပြု စကား လုံး ဖြစ်လာအောင် `မြန်´၊ `နှေး´ တို့၏ရှေ့က အ-ရှေ့ဆက် ပူးတွဲ လိုက်ခြင်းဖြစ်ကြောင်းတွေ့ နိုင်ပါသည်။ `အမြန်ပြေးတယ်´၊ `အနှေး လျှောက် တယ်´ ဟုသုံးလျှင်မူ `အမြန်၊ အနှေး´ တို့သည် နောက်ကကြိယာကို အထူးပြုသော ကြိယာအထူးပြုများဖြစ်သွားပါသည်။ `အနီး စခန်း၊ အဝေးပြေးကား၊ အကျဉ်းထောင်၊ အကျယ်ချုပ်´ စသည်ဖြင့် အ-ရှေ့ဆက် ပူး တွဲသော အထူးပြုစကားလုံး အများ အပြား ရှိပါသည်။တ-ရှေ့ဆက်တွဲ၍လည်း အထူးပြုများ ဖန်တီးပါသည်။ `တလွဲကြားတယ်၊ တစောင်း အိပ်တယ်၊ တဝစားတယ်၊ တဂုံးဂုံးမြည်နေ တယ်၊ တကုပ်ကုပ်လု ပ်နေတယ်၊ တတွတ်တွတ် ပြောနေတယ်´ စသည်တို့ဖြစ်သည်။အထူးပြုဖန်တီးရာတွင် တစ်မူထူးသော ရှေ့ဆက်နှစ်လုံးမှာ ဒလ- နှင့် ဗရ- ဖြစ်သည်။ ဒလကြမ်း၊ ဒလ ဟာ၊ ဒလဟော၊ ဗရချာ၊ ဗရပွေ၊ ဗရပွ စသည်ဖြင့်သုံးသည်။ (ဗလချာ၊ ဗလပွေ၊ ဗလပွဟုလည်း သုံးပါသည်။ အလွန် ကြမ်းသည်၊ အလွန်ပွေသည်စသည်ဖြင့် အဓိပ္ပာယ်ေ ကာက်ရပါသည်။)
အထူးပြုဖန်တီးရာတွင် ရှေ့ဆက်နှစ်လုံး တစ်ပြိုင်တည်းပူးတွဲပြီး များသောအားဖြင့် အသံလေးသံပါသော အထူးပြုစကားလုံး အမျိုးမျိုး ဖန်တီးအသုံးပြုပုံကို အထင် အရှား တွေ့ရသည်။ က…က (က-ရှေ့ဆက်နှစ် လုံး) ပူးတွဲပုံကိုကြည့်ပါ။ `တုန်ယင်´ ကို`ကတုန် ကယင်´၊ `တိမ်းပါး´ကို `ကတိမ်းကပါး´ဟု က-နှစ်လုံးတွဲ ပုံမျိုးဖြစ်သည်။ အလားတူပင် `ကချော်ကချွတ်၊ ကစဉ်းကရဲ၊ ကတိုက် ကရိုက်၊ ကပျာကယာ၊ ကပိုကရို၊ ကပြက် ကချော်၊ ကမန်းကတန်း၊ ကလန်ကဆန်၊ ကသုတ်က ရက်´ စသည်ဖြင့်များစွာရှိပါသည်။
ထို့အတူ ခ…ခ (ခနော်ခနဲ့၊ ခနိုးခနဲ့)၊ စ…စ (စကောစက၊ စလုံးစခု)၊ ဇ…ဇ (ဇဝေဇဝါ၊ ဇဝေဇဝက်)၊ တ…တ (တခမ်း တနား၊ တစေ့တစောင်း၊ တပိုတပါး၊ တရင်း တနှီး)၊ န…န (နမော်နမဲ့၊ နမူးနထိုင်း)၊ ပ…ပ (ပတောက်ပရစ်၊ပရောပရည်၊ ပရမ်း ပတာ၊ပလုတ်ပလောင်း)၊ ဗ…ဗ (ဗလုံး ဗထွေး)၊ မ…မ (မကင်းရာမကင်းကြောင်း၊ မခံချိ မခံသာ၊ မဦးမခန့်၊ မချိမဆန့်၊ မပေါ့မပါး၊ မပျက်မရာ)၊ မ…တ (မချိတရိ၊ မဆတ် တငံ့၊ မတော်တဆ၊ မတောက်တခေါက်၊ မထီ တရီ၊ မလိမ့်တပတ်) ဟူ၍ ရှေ့ဆက် အမျိုးမျိုး တွဲကာအထူးပြုစကားလုံးများ ဖန်တီးထား ပါသည်။ ရှေ့ဆက်တွဲသော အရင်းခံစကား လုံးများမှာ အဓိပ္ပာယ်ထင်ရှားသည်လည်း ရှိပါသည်။ အဓိပ္ပာယ်မထင် ရှားဘဲ ငုပ်နေသည် လည်းရှိပါသည်။ သာဓကအားဖြင့်- `ကတိမ်း ကပါး၊ ကပျက်ကချော်၊ စလုံးစခု၊ တခမ်း တနား၊နမူးနထိုင်း၊ ဗလုံးဗထွေး၊ မလိမ့်တပတ်´တို့မှ အရင်း ခံစကားလုံးများဖြစ်သော `တိမ်း ပါး၊ ပျက်ချော်၊ လုံးခု၊ ခမ်းနား၊ လုံးထွေး၊ လိမ့် ပတ်´ တို့မှာ အဓိပ္ပာယ်ထင်ရှားပါသည်။ သို့ သော် `ကမောက်ကမ၊ စကောစက၊ နမော် နမဲ့၊ ပလေပစာ၊ မတောက်တခေါက်´ တို့မှ`မောက်- မ၊ ကော- က၊ မော်- မဲ့၊ လေ- စာ၊ တောက်- ခေါက်´ တို့မှာ အဓိပ္ပာယ် မထင် ရှားပါ။ တစ်လုံးချင်း ဘာဆိုလိုကြောင်း မသဲ ကွဲပါ။ `ခနော်ခနဲ့´ မှ `န´ မှာ မူမခိုင်သည့်သဘော ဖြစ်ကြောင်း မှန်းဆကြည့်နိုင်ပါသည်။ `ဇဝေ ဇဝါ´ မှ `ဝေ´ မှာလည်း ကွဲကွဲပြား ပြားမရှိသည့် သဘော ဖြစ်ပါ သည်။ အရင်းခံ စကားလုံးများ အဓိပ္ပာယ်ထင်ရှားသည်ဖြစ်စေ၊မထင်ရှား သည်ဖြစ်စေ ရှေ့ဆက်နှစ်လုံး တစ်ပြိုင်တည်း ပူးတွဲထားခြင်းကတော့ ထင်ရှားပါသည်။
`တိတ်ဆိတ်´ ၏အလယ်မှာ `တ´ထည့်ပြီး `တိတ်တဆိတ်´၊ `ဂရုစိုက်´ အလယ်မှာ `တ´ ထည့်ပြီး `ဂရုတစိုက်´၊ `အလျဉ်လို´ ၏ အလယ် မှာ `စ´ ထည့်ပြီး `အလျဉ်စလို´စသည်ဖြင့်အထူး ပြုဖန်တီးပုံများ ရှိပါသည်။ `တ´ `စ´ တို့ ကိုကြားဆက်ဟုခေါ်နိုင်ပါသည်။ မြန်မာစကား မှာ ကြားဆက်အသုံးနည်းပါသည်။ `ပြောစ မှတ်၊ ဝိုးတဝါး´စသည်ဖြင့် အနည်းအကျဉ်း သာရှိပါသည်။ အထူးပြုဖန်တီးရာတွင် အသုံးတွင်သော နောက်ဆက်စကားတစ်လုံးမှာ `-ခနဲ´ ဖြစ် သည်။ ရှေ့မှာတွဲသော စကာလုံးအမျိုးမျိုး ရှိပါသည်။မြည်သံစွဲ စကား လုံး များနှင့် တွဲ၍ `ဒိုင်းခနဲ၊ ရွှီခနဲ၊ ခွပ်ခနဲ၊ ဝါးခနဲ´ စသည် ဖြင့် သုံးလျှင်မြည်သံကို ဖော်ပြသောအထူးပြု စကားလုံးများဖြစ် လာပါသည်။ `သေနတ်သံ ဒိုင်းခနဲ မြည်တယ်၊ လက်သီးနဲ့ ခွပ်ခနဲ ထိုးတယ်´ စသည်ဖြင့်သုံးပါ သည်။ ထို့ အတူ မြင်လိုက်ရသော အသွင်သဏ္ဌာန် ကိုဖော်ပြရာတွင် `သူ့ ကို ရိပ်ခနဲ မြင် လိုက်တယ်´၊ `သူ့ မျက်နှာ ကွက်ခနဲပေါ်လာ တယ်´၊ `လင်းခနဲ လက်ခနဲ၊ ကွင်းခနဲကွက်ခနဲ မြင်လိုက်ရတယ်´ စသည်ဖြင့်သုံးပါသည်။ `ရင်ထဲက စစ်ခနဲ နာသွားတယ်၊ ခြေဖနောင့်က မျက်ခနဲဖြစ် သွားတယ်၊ ဒေါသ ထောင်းခနဲ ထွက်လာတယ်၊ ခေါင်းထဲမှာ မိုက်ခနဲ ဖြစ်သွားတယ်´ဟု သုံးလျှင်မူ ခံစားမှုကိုဖော်ပြခြင်းဖြစ် သည်။ `သူခိုးက လွှားခနဲခုန်လိုက်တယ်၊ အခန်းထဲကို ချာခနဲလှည့်ဝင်သွားတယ်၊ မြွေက လျှောခနဲ ဆင်းသွားတယ်´ ဟုသုံးလျှင်မူ လှုပ်ရှားမှု ကို ဖော်ပြခြင်းဖြစ်သည်။

စာသုံးဟန်ဖြင့်ရေးရာတွင် ကြိယာအထူး ပြုအဖြစ် တွင်တွင်ကျယ်ကျယ်သုံးသောနောက် ဆက်မှာ `စွာ´ ဖြစ်သည်။ `ပြင်းထန်စွာ၊ လျင် မြန်စွာ၊ သွက်လက်စွာ၊ နှေးေ ကွးစွာ´ စသည် ဖြင့် ဂုဏ်အရည်အသွေးကို ဖော်ပြသော ကြိယာ များနှင့်တွဲသုံးလေ့ရှိပါသည်။ ကာရန်တူလိုက်သော နာမ်များ၊ ကြိယာ များအကြောင်း ဖော်ပြခဲ့ဖူးပါ သည်။ အထူးပြု ဖန်တီးရာတွင်လည်း နောက်က ကာရန်တူ လိုက်၍ ဖန်တီးလေ့ရှိပါသည်။ `ကန့်လန့် ထိုင် နေတယ်၊ မျက်ရည် စက်လက်နဲ့၊ လျှာတစ်လစ် ထွက်နေတယ်၊
ကြိုးတန်းလန်းကျနေတယ်၊ ရေထဲမှာ ပေါလောပေါ်နေတယ်၊ ပက်လက် လှန်ထားတယ်´ တို့တွင် အရင်းခံစကားလုံး၏နောက်မှာ ကာရန်တူ လ-ဗျည်းတွဲပြီး အထူးပြု စကားလုံး ဖန်တီးထားပုံကို တွေ့နိုင်ပါသည်။`ငုတ် တုတ်ထထိုင်တယ်၊ မတ်တတ်ထတယ်၊ အရိုးငေါက်တောက် ထွက်နေတယ်´ တို့တွင်အရင်း ခံစကားလုံး၏နောက်မှာ ကာရန်တူ တ-ဗျည်း တွဲထားပါသည်။ `ကားရား´တွင်ကာ ရန်တူရ-ဗျည်းတွဲထားပါသည်။ ထိုစကား လုံးအချို့ကို ရှေ့က အိုး- ကာရန်ထပ်တွဲပြီး `ကိုးလိုးကန့်လန့် ထိုင်ေ နတယ်၊ ကြိုးကတိုးလိုးတန်းလန်းနဲ့၊ ကိုး ရိုးကားရားမနေနဲ့၊ မိုးတိုးမတ်တတ် ကြည့် နေတယ်၊ ငိုးတိုးငေါက်တောက် ထွက်နေတယ်´ စသည်ဖြင့်လည်း အထူးပြုများ ဖန်တီးပါသည်။ အိုး-ကာရန်သာမက အခြား ကာရန်များလည်း အလားတူပုံစံဖြင့် ပူးတွဲပါ သေးသည်။`ကတ်သီး ကတ်သတ်လုပ်တယ်၊ ကတ်ဖိုးကတ်ဖဲ့ ပြောတယ်၊ သက်သောင့်သက် သာနေရတယ်၊ တင့်တောင့် တင့်တယ်ရှိတယ်´ စသည်ဖြင့် အထူးပြုများ ဖန်တီး ထားပါသည်။ `တွတ်တီးတွတ်တာ ပြောတယ်၊ ပွတ်သီးပွတ် သပ်လာလုပ်နေတယ်´ စသည့် အထူး ပြုများမှာလည်းထိုသဘောပင်ဖြစ်ပါသည်။အချို့သော ကြိယာအထူးပြုများမှာမူ သက် ဆိုင်ရာကြိယာနှင့် ပုံသေတွဲရပါသည်။ `ကျိကျိ တက်´ ဆိုလျှင် `ချမ်းသာတယ်´ နှင့်သာတွဲရသည်။ `တက်တက်စင်´ ဆိုလျှင်`လွဲတယ်၊ မှားတယ်´တို့ နှင့်သာတွဲရသည်။ `ကက်ကက်လန်´ ဆိုလျှင် `ရန်တွေ့တယ်၊ရန်ထောင်တယ်´ တို့နှင့်သာ တွဲရသည်။ `ကျဲကျဲတောက်´ဆိုလျှင် `(နေ) ပူတယ်´ နှင့်သာတွဲရသည်။ မြန်မာစကားတွင် အထူးပြုစကားလုံး များသည် နာမ်စကားလုံး၊ ကြိယာစကားလုံး တို့ကဲ့သို့ပင် အသွင်သဏ္ဌာန်သီးခြားရှိကြောင်း ထင်ရှားစွာတွေ့ရပါသည်။
မောင်ခင်မင် (ဓနုဖြူ)

မြန်မာစာပေလေးနက်လှသလောက်မြန်မာစကားလည်းနက်ရှိုင်းလှပါတယ်။စကားပြောနဲ့စာရေးသားပုံ၊လူနဲ့သံဃာ၊လူနဲ့ဘုရင်တွေကြားမှာလည်းအသုံးအနှုးံတွေကွဲကြပြန်ပါသေးတယ်။အရေးအသားတင်မကဘဲအသံအတိုအရှည်နဲ့နောက် လိုက်စာလုံးလေးတလုံးစီကိုရေလဲနဲ့လှည့်သုံးသွားယုံလေးနဲ့အဓိပ္ပါယ်တွေအများကြီးဖြာထွက်တတ်ပါသေးတယ်။ မြန်မာစာမှာစာလုံးပေါင်း၊အသံထွက်၊သဒ္ဒါ၊အင်္လကာနဲ့ရသတွေကြွယ်ဝလှပါတယ်။စကားပုံဟောင်းတွေတင်မကဘဲစကားပုံဖြစ်လုနီးစကားသစ်တွေလည်းအများကြီးပါ။စကားပုံတွေနဲ့အသုံးများတဲ့စာလုံးတွေစကားလုံးတွေတခုချင်းလိုက်စုကြည့်ခဲ့တာစာအုပ်တွေအများကြီးဖြစ်နေပါပီ။မပြီးသေးပါဘူး။မြန်မာစာဟာအင်္ဂလိပ်စာထက်ပိုခက်ပိုဉာဏ်များပီးပိုအရောင်ကြွယ်ဝပါ တယ်။ဒါတွေအပြင်ကဗျာအမျိုးမျိုးရှိပါသေးတယ်။ဆက်လက်ပီးထိမ်းသိမ်းထားပေးထားကြသူများကိုလေးစားကျေးဇူး တင်ပါတယ်။