ဇွဲကပင်ဆောင်စာစစ်ဌာန မီးလောင်စဉ်(ဓာတ်ပုံ-7day)
ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့နယ်အတွင်းရှိ
ကျောင်းသား/ကျောင်းသူများအနေဖြင့် ၂၀၁၂-၂၀၁၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန်
အတွက် ဖြေဆိုခွင့်လျှောက်လွှာများကို ဒုတိယအကြိမ် ထပ်မံတင်နေရပါတယ်။ လျှောက်လွှာတွေကို
မြို့နယ် ပညာရေးမှူးရုံးမှာ ဒီဇင်ဘာလ(၁၃)ရက် နောက်ဆုံးတင်ရမယ်လို့လည်းသိရပါတယ်။
ရန်ကုန်မြို့ လှိုင်နယ်မြေအတွင်းမှာရှိတဲ့
ဇွဲကပင်ဆောင်စာစစ်ဌာနမှာ နိုဝင်ဘာလ(၂၇)ရက်နေ့က မီးလောင်မှု ဖြစ်ပွားခဲ့ပါသည်။ မိနစ်(၃၀)ခန့်ကြာအောင်
မီးလောင်ကျွမ်းခဲ့တဲ့ ဇွဲကပင်ဆောင်စာစစ်ဌာနမှာ ကလောမြို့နယ် အတွင်းရှိ ၂၀၁၂-၂၀၁၃ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်
လျှောက်လွှာတွေ ပါသွားခဲ့ ပါတယ်။
ကလောမြို့နယ် မြို့နယ်ပညာရေးမှူး ဦးခင်မောင်မြင့်က
“ ကျွန်တော်တို့ကလောမြို့နယ်မှာ ဒီနှစ်ဖြေမည့် ကျောင်းသား/ကျောင်းသူပေါင်း ၂၄၀၇ ယောက်ရှိပါတယ်။
သူတို့တွေ့ရဲ့ စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာတွေ က အရင်ကတည်းက တင်ထားပြီးသားပါ။ အဆောင်မီးလောင်လို့ပါသွားတော့
အခုလိုရက် သတ်မှတ်ပေးပြီး ဒုတိယအကြိမ်ထပ်ပြီးတင်ခိုင်းရတာပါ။ စာမေးပွဲဖြေမည့် ရက်ကလည်း
(၃)လပိုင်းထဲမှာဆိုတော့ သူတို့အတွက် အချိန်ရအောင်လို့ အခုလိုဆောင်ရွက်ခြင်းဖြစ်တယ်လို့”
ပြောပြသွားပါတယ်။