
အမေရိကန် သမ္မတ အိုဘားမားက ပါလက် စတိုင်း ဒေသကို လွတ်လပ်ပြီး ကိုယ့် ခြေထောက်ပေါ် ကိုယ် ရပ်တည် နိုင်တဲ့ အချုပ် အချာ အာဏာပိုင် နိုင်ငံ တခု ဖြစ်လာရေး အတွက် ဆက်ပြီးတော့ အလေး အနက် ယုံကြည် နေဆဲ ဖြစ်တယ်လို့ ပြောကြားလိုက် ပါတယ်။
ပါလက်စတိုင်း သမ္မတ မာမွတ် အာဘတ်စ်နဲ့ ရာမလာ မြို့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ အစ္စရး-ပါလက်စတိုင်း ပဋိပက္ခကို နှစ်နိုင်ငံ ဖြစ်ရေး ဆိုတဲ့ ဖြေရှင်းချက် အတိုင်း ဆောင်ရွက် ဖို့ရာ အခက် အခဲ ကြီးမားလွန်း ပေမယ့် ဒါဟာ ဖြစ်နိုင်ချေ ရှိနေဆဲ ပါလို့ မစ္စတာ အိုဘားမားက ပြောပါတယ်။
နောက်ပြီး တိုက်ရိုက် ဆွေးနွေး မှုတွေကို ပြန်စ နိုင်မယ် ဆိုရင်တော့ သဘောတူညီမှု ရနိုင်မယ့် ပုံစံ ပေါ်လာ မယ်လို့ ယုံကြည်ကြောင်း သမ္မတ အိုဘားမားက ပြောကြား ပါတယ်။ ဂျူး အိမ်ယာ သစ်တွေ တည်ဆောက် နေတာ တွေဟာ ငြိမ်းချမ်းရေး အတွက် တိုးတက်မှု ရှိစေမှာ မဟုတ်ဘူး လို့လည်း သူက ပြောပါတယ်။
မစ္စတာ အာဘတ်စ် ကတော့ အစ္စရး ပါလက်စတိုင်း နှစ်ဘက် စလုံးရဲ့ ကိစ္စရးရာ တွေကို ဆွေးနွေး နိုင်ဖို့ အလို့ငှာ အစ္စရးတို့ ဘက်က အိမ်ယာ တည်ဆောက် နေတာတွေကို ရပ်တန့်ဖို့ လိုတယ်လို့ ပြောပါတယ်။
မစ္စတာ အိုဘားမားဟာ အရှေ့ အလယ်ပိုင်းကို ရောက်ရှိ နေတာ ဖြစ်ပြီး ဒါဟာ သူ့ရဲ့ ဒုတိယမြောက် နေ့ ခရီးစဉ် လည်း ဖြစ်ပါတယ်။
BBC Burmese