Monday, September 30, 2013

Greenpeace လှုပ်ရှားသူ ၈ ဦး ရုရှားမှာ ထောင်ဒဏ် အပြစ်ပေး

0 comments
 တရားရုံးအတွင်း ရဲအရာရှိအစောင့်နှင့် အချုပ်ခံနေရသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမား Ruslan Yakushev(စက်တင်ဘာ ၂၆၊ ၂၀၁၃)
30.09.2013

ရုရှားနိုင်ငံရဲ့ Arctic ရေနံတူးဖော်ရေးလုပ်ငန်းရှိရာနေရာကို အတင်းဝင်ရောက်ဖို့ ကြိုးစားခဲ့တဲ့ Greenpeace သဘာဝပတ်ဝန်းကျင်စောင့်ရှောက်ရေး တက်ကြွလှုပ်ရှားသူ (၈) ဦးကို Murmansk မှာရှိတဲ့ ရုရှားတရားရုံး တရုံးကနေ ထောင်ဒဏ် နှစ်လစီ အမိန့်ချလိုက်ပါတယ်။

ပင်လယ်ရေကြောင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ စွပ်စွဲခံရပြီး အဲဒီအမှုကို တာဝန်ရှိသူတွေ စုံစမ်းနေချိန် ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ လှုပ်ရှားသူ ၂၂ ဦးလုံး ထိန်းသိမ်းခံခဲ့ရပါတယ်။ Greenpeace အဖွဲ့ရဲ့ Arctic Sunrise ဆိုတဲ့ သင်္ဘောမှာပါလာတဲ့ တက်ကြွလှုပ်ရှားသူတွေဟာ ရုရှားနိုင်ငံပိုင် Gazprom ကုမ္ပဏီ လုပ်ငန်းနေရာပေါ်ကို လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်က အတင်းဝင်ရောက်ဖို့ ကြိုးစားခဲ့ကြပါတယ်။

ဒီလူတွေဟာ ပင်လယ်ပြင်အကြမ်းဖက်မှုကျူးလွန်သူ ပင်လယ်ဓားပြတွေလို့ ယူဆပြီး စစ်တပ်လုံခြုံရေးတွေက သူတို့ကို တားဆီးခဲ့ပါတယ်။ ဒီလူ ၃၀ ဟာ ပင်လယ်ဓားပြတွေမဟုတ်ပေမယ်လို့ နိုင်ငံတကာဥပဒေကို ချိုးဖောက်ပြီး ရေနံတွင်းတူးလုပ်သားတွေအတွက် အန္တရာယ်ဖြစ်အောင် ကျူးလွန်ခဲ့သူတွေဖြစ်တယ်လို့ ရုရှား သမ္မတ ဗလာဒီမီယာပူတင်က ပြောပါတယ်။

ဒီ ရေနံတွင်းတူးလုပ်ငန်းက ရေနံတွေယိုစိမ့်လာရင် ရုရှားနိုင်ငံ Artic ကမ်းရိုးတန်းကို အန္တရာယ်ဖြစ်စေ လိမ့်မယ်လို့ Greenpeace က ပြောထားပါတယ်။

ဗွီအိုအေ (မြန်မာဌာန)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here