Thursday, March 14, 2013

တရုတ်နိုင်ငံအကြံပေး နာမည်ကျော် NBA ဘတ်စ်ကက်ဘော ကစားသမားဟောင်း လီယောင်မင်းနှင့်တွေ့ ဆုံခြင်း

0 comments
မတ်(၁၄)

ကွန်မြူနစ်ပါတီ တစ်ခုတည်းကသာ လွှမ်းမိုးထားသော တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် အဖွဲ့ဝင် နှစ်ထောင်ကျော် ပါဝင်သော နိုင်ငံရေးအကြံပေး အဖွဲ့ဟုခေါ်သည့် တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့်ကို ဖန်တီးထားသည်။ အဆိုပါအဖွဲ့တွင် ဂျက်ကီချန်း ကဲ့သို့သော နာမည်ကြီး ဟောင်ကောင် မင်းသားများ၊ ကမ္ဘာကျော် အမေရိကန် NBA ဘတ်စ်ကက်ဘော ကစားသမား ယိုမင်းမှအစ စာပေနိုဘယ်ဆုရှင် မိုယန်းအလယ် အခြား နာမည်ကျော် စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်သည်။ ယခု အင်တာဗျူးမှာ လက်ရှိ ကျင်းပပြုလုပ်လျက် ရှိသော CPPCC ကွန်ဖရင့်သို့ တက်ရောက်မည့် NBA ဘတ်စ်ကက်ဘော ကစားသမား လီယောင်မင်းကို တရုတ် ရုပ်သံလိုင်း တစ်ခုဖြစ်သော CNTV က မေးမြန်းထားချက် များကို ဖော်ပြလိုက်ပါသည်။
မေး : အခုလို အချိန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားဟာ ပရော်ဖက်ရှင်နယ် ဘတ်စ်ကက်ဘော ကစားသမားတစ်ယောက်၊ စီးပွားရေး လုပ်ငန်းရှင်တစ်ယောက်၊ ပရဟိတ အကျိုးသယ်ပိုးသူ တစ်ယောက် ဖြစ်ခဲ့တယ်နော်။ အခုလည်း တရုတ်နိုင်ငံရဲ့ အကြံပေးအဖွဲ့ခေါ်တဲ့ တရုတ်ပြည်သူ့ နိုင်ငံရေးအတိုင်ပင်ခံ ကွန်ဖရင့် CPPCC (Chinese People’s Political Consultative Conference) ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာပြီနော်။ ဒီတော့ ဒီရာထူးက ခင်ဗျားအတွက် ဘယ်လို အဓိပ္ပာယ်ရှိသလဲဗျ။ ဒီရာထူးရဲ့ တာဝန်ကရော ဘာလဲဗျ။

ဖြေ : တရုတ်ကွန်မြူနစ်ပါတီ အနေနဲ့ ပြည်သူမျိုးစုံရဲ့ အသံတွေ ကြားနိုင်အောင် သူတို့ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်အောင် ဒီ CPPCC က ပလက်ဖောင်းတစ်ခု အဖြစ် အထောက် အကူပေးပါတယ်။ ကျွန်တော်တို့တာဝန်က အသံတွေ အမှန်အတိုင်း ထွက်ပေးဖို့ ပါပဲ။ ကျွန်တော်တို့မှာလည်း ကိုယ်ပိုင် အမြင်တွေ ရှိရမယ်လေ။ အရာအားလုံး အပေါ်မှာ လွတ်လပ်တဲ့ စဉ်းစားရှုမြင်မှု ရှိဖို့ဆိုတာ အရေးကြီးပါတယ်။ ဒီတော့ ကိုယ်နဲ့ နယ်ပယ်တူမှာ အလုပ်လုပ်နေတဲ့ သူဖြစ်စေ၊ မတူသည်ဖြစ်စေ သူတို့နဲ့ ဆက်သွယ် ဆက်ဆံနေဖို့ရာက အရေးကြီး ပါတယ်။ ဒီလို ဆက်ဆံနေမှလည်း အရေးကိစ္စတွေကို ဓမ္မဒိဋ္ဌာန်ကျကျ မြင် နိုင်မှာပါ။ ဒီလိုမျိုး ပူးပေါင်းလုပ်ဆောင်မှ လည်းပဲ ပြဿနာတစ်ခုမှာ အဖြေအမျိုးမျိုး ကို ရနိုင်မှာ ဖြစ်ပါတယ်။

မေး : ခင်ဗျားအနေနဲ့ တရုတ်နိုင်ငံ ရေးမှာ ဝင်ပါလာတာ ဒီနှစ်မှာမှ ပထမ ဆုံးပဲနော်။ ဒီတော့ ဘာတွေများ မျှော်လင့်ထားသလဲ။

ဖြေ : ကျွန်တော်ကတော့ ဒီမှာရှိတဲ့ စည်းမျဉ်းစည်းကမ်း တွေကို လေ့လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဘယ်အဖွဲ့ အစည်းမှာမဆို၊ ဘယ်ကွန်ဖရင့်မှာမဆို တည်ဆဲ စည်းမျဉ်းစည်းကမ်းဆိုတာ ရှိတယ်။ အချင်းချင်း ထိထိရောက်ရောက် ဘယ်လို ဆက်သွယ်ကြမလဲ။ ရှိတဲ့ အရင်းအမြစ်တွေကို ဘယ်လို အကောင်း ဆုံးဖြစ်အောင် အသုံးချမလဲ ဆိုတာမျိုး တွေပေါ့။ ကျွန်တော်ကတော့ ပထမဆုံး ဒီမှာဖြစ်နေတဲ့ အခြေအနေနဲ့ အသားကျ နိုင်အောင် လုပ်ချင်ပါတယ်။ ဒါတွေ အားလုံးကို နားလည်လာပြီဆိုရင် အဖွဲ့အစည်းကို ကျွန်တော့်ရဲ့ စွမ်းရည်တွေ ပေးဆပ်သွားမှာပါ။

မေး : ရှန်ဟိုင်း ပြည်သူ့သံတမန် အဖွဲ့ရဲ့ ဒုဥက္ကဋ္ဌ အနေနဲ့ ဒီနေရာမှာ ဘယ်လိုမျိုးလုပ်ဖို့ အစီအစဉ်ရှိပါသလဲ။

ဖြေ : ပြည်သူ့သံတမန်ရဲ့ အလုပ်က ကိုယ့်ရဲ့ အိမ်နီးနားချင်းတွေ၊ ဆွေမျိုးတွေ၊ သူငယ်ချင်းတွေဆီကို အလည်အပတ် သွားတာနဲ့ တူပါတယ်။ အဲဒီအလုပ်ရဲ့ အခြေအနေတွေက တကယ်ကို သက်တောင့်သက်သာ ရှိပါတယ်။ ဒီလိုမျိုး အခြေအနေမျိုးကနေမှ တစ်ယောက်ရဲ့ မိသားစုအကြောင်း၊ ကိုယ်ရည်ကိုယ်သွေး တွေအကြောင်း၊ နောက်ပြီးအတွေးတွေ အထိပါ သဘာဝကျကျနဲ့ ပြည့်ပြည့်ဝဝ သိလာနိုင်မှာပါ။ တကယ်လို့ အနာဂတ်မှာ ပြဿနာတွေ ဖြစ်လာပြီဆိုရင် ဒီလို တစ်ဦးအကြောင်းတစ်ဦးက သိနားလည်ထားတဲ့ အခြေခံ ရှိထားတဲ့အတွက် ဆက်ဆံရတာ ပိုကောင်းနိုင်ပါတယ်။ နားလည်မှုလည်း ပိုရှိနိုင်ပါတယ်။ ဒါဟာ ပြည်သူ့သံတမန်ပါပဲ။
“နိုင်ငံရေးမှာ ထင်ပေါ်ကျော်ကြားသူတွေ မပါဝင်ဘူးဆိုရင် ဘယ်သူမှ မြင်ချင်တွေ့ချင်မှာ မဟုတ်တဲ့ အတိတ်ကလို နိုင်ငံရေး အပိတ်စနစ်ပဲဖြစ်နေမှာပါ”
မေး : ဒီ CPPCC ဆိုတာက နာမည်ကျော်တွေ၊ ကျွမ်းကျင်မှု လုပ်ငန်း နယ်ပယ်မတူတဲ့ လူတွေပါတဲ့ တရုတ် နိုင်ငံရဲ့ ထိပ်တန်း အကြံပေးအဖွဲ့လေ။ ဒီတော့ နာမည်ကျော်ကြားမှု ဆိုတာက ဒီရာထူးနဲ့ ဘယ်လိုမျိုး ပတ်သက်နေ မယ်ထင်ပါသလဲ။

ဖြေ : အမေရိကမှာတော့ နိုင်ငံရေးမှာ ပါဝင်တာ ဆွေးနွေးတယ်ဆိုတာက သာမန် ဖြစ်ရိုးဖြစ်စဉ်လေ။ ပြီးတော့ ဟိုမှာက ပရော်ဖက်ရှင်နယ် နိုင်ငံရေးသမားတွေ လည်းရှိတယ်။ ဒါပေမဲ့ တရုတ်မှာ ကျတော့ နိုင်ငံရေး ဆိုတာက နှစ်ပေါင်း များစွာကြာအောင် ပိတ်ထားတဲ့အရာ လေ။ ဒါပေမဲ့ အခုတော့ တဖြည်းဖြည်းပိုပြီး ပွင့်လာပါပြီ။ ဒီလိုအဆင့်မျိုးမှာ ထင်ပေါ် ကျော်ကြားသူတွေ တရုတ် နိုင်ငံရေးမှာ ပါလာကြတဲ့ အခါမှာ အရင်က နိုင်ငံရေးကို စိတ်မဝင်စား တဲ့သူတွေကို နိုင်ငံရေးကို စိတ်ဝင်စားလာအောင် ဆွဲဆောင် နိုင်တာပေါ့။ ဒီတော့ လူစိတ်ဝင် စားမှု ပိုရနိုင်တာပေါ့ ဗျာ။ ပြည်သူတွေ နိုင်ငံရေးကို အာရုံစိုက်လာပြီဆိုရင် ကျွန်တော်တို့နိုင်ငံရေးစနစ်ကို ပိုပြီး ရင့်ကျက်ဖို့ အထောက်အကူပေးနိုင်တာ ပေါ့။ ဒီမှာ ပြောစရာရှိတာက ထင်ပေါ် ကျော်ကြားသူတိုင်းဟာ နိုင်ငံရေးသမား ကောင်းလို့တော့ ပြောလို့မရဘူးဆိုတာကို ကျွန်တော်သဘောတူ ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ပါဝင်ပေးဆပ်မှုကိုတော့ ငြင်းပယ်လို့ မရပါဘူး။ ကျွန်တော်တို့ နိုင်ငံရေးက အခုမှ ဖွံ့ဖြိုးရေး အဆင့်မှာပဲ ရှိပါသေးတယ်။ တကယ်လို့ နိုင်ငံရေးမှာ ဒီလို ထင်ပေါ်ကျော်ကြားသူ တွေ မပါဝင်ဘူးဆိုရင် ဘယ်သူမှ မြင်ချင် တွေ့ချင်မှာ မဟုတ်တဲ့ အတိတ်ကလို နိုင်ငံရေး အပိတ်စနစ်ပဲ ဖြစ်နေမှာပါ။

မေး : တရုတ်ပြည်ရဲ့ အနာဂတ် မူဝါဒတွေနဲ့ လက်ရှိရေးရာ ကိစ္စတွေမှာ ခင်ဗျားပါဝင်နိုင်မယ့် အခန်းကဏ္ဍကို ဘယ်လိုမြင်ပါသလဲ။

ဖြေ : ကျွန်တော်ကတော့ တရုတ်ပြည် တစ်လွှားကို လှည့်လည်သွားလာပြီး လေ့လာမှုတွေ ပိုလုပ်ချင်ပါတယ်။ ကျွန်တော်နဲ့ အကျွမ်းတဝင်မရှိတဲ့ နယ်ပယ်တွေ ကို သိအောင်လေ့လာပြီးတော့ အဲဒီ နယ်ပယ်တွေကို ပြောင်းလဲတိုးတက်မှု ရှိအောင် လုပ်ဆောင်ပေးနိုင်မလား ဆိုတာ သိချင်ပါတယ်။
the voice weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here