မိုးဟေကိုက နိုဝင်ဘာ ၂ဝ ရက်နေ့က ပြေတီဦး၊ ဟိန်းဝေယံ၊ အိန္ဒြာကျော်ဇင်တို့နဲ့ ဝါရွှေစင်ပိုးထည် ကြော်ငြာရိုက်ကူးနေပါတယ်။ ဝါရွှေစင်ကြော်ငြာအတွက် အင်္ကျီဒီဇိုင်း ချုပ်ပေးသူက ဒီဇိုင်နာကောင်းမြတ်ဖြစ်ပြီး မိတ်ကပ်ကတော့ ညီညီမောင်(စမ်းချောင်း) က ပြင်ပေးတာ ဖြစ်ကြောင်း မိုးဟေကိုက ပြောပါတယ်။ ဇာတ်ကားတွေ ထဲမှာတော့ အိန္ဒြာကျော်ဇင်နဲ့ ဆုံးဖူးပေမယ့် ကြော်ငြာမှာတော့ ပထမဦးဆုံး ဆုံခြင်းဖြစ်ကြောင်း ပြောပါတယ်။ မိုးဟေကိုက တီဗီကြော်ငြာပဲရိုက်ရိုက်၊ ဓာတ်ပုံပဲရိုက်ရိုက်၊ ဗီဒီယို ဇာတ်ကားပဲရိုက်ရိုက် ကိုယ့်ရဲ့သရုပ်ဆောင်အလုပ် ဖြစ်တဲ့အတွက် အကောင်းဆုံး ကြိုးစားပြီး ရိုက်ကူးဖြစ်ကြောင်း ပြောပါတယ်။ မိုးဟေကိုက ဒီဇင်ဘာလထဲမှာ ရုပ်ရှင် အစည်းအရုံးနဲ့ ရုပ်ရှင်ဇာတ်ကား ၁ ကားရိုက်ကူးဖို့ရှိပြီး ဗေလုဝတို့ ဟာသ သရုပ်ဆောင်များစွာနဲ့လည်း ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးဦးမှာဖြစ်ကြောင်း ပြော ပါတယ်။ ကိုယ့်အလုပ်အပေါ်မှာ တာဝန်ကျေအောင် လုပ်တယ်ဆိုတဲ့ မိုးဟေကိုက ”သရုပ်ဆောင်တိုင်းက ကိုယ့်ဆီလာတဲ့ ဇာတ်ကို ဖတ်တယ်။ အကောင်း ဆုံးဖြစ်အောင် သရုပ်ဆောင်ကြတာ မိုးတို့ရဲ့ တာဝန်ပဲလေ။ ဒီအလုပ်ထဲမှာ စိတ်ပါဝင်စားမှုအပြည့်နဲ့ ကိုယ်လည်း ဝါသနာပါတဲ့အတွက်ကြောင့် စိတ်လည်းပျော်လို့ လုပ်နေတာပါ” လို့ ပြော ပါတယ်။ ဇာတ်ကားတွေ ကြော်ငြာတွေလည်း ဆက်တိုက် ရိုက်နေရတာကြောင့် စိတ်ကိုရော ဘယ်လိုအပန်းဖြေ တတ်လဲလို့ မေးတော့ “စိတ်အပန်းဖြေတဲ့နေ့မှာ သူငယ်ချင်းတွေကို အိမ်ခေါ်ပြီး အခွေကြည့်ရင်ကြည့်၊ မကြည့်ရင် မုန့်စား ကြတယ်။ အိမ်မှာပဲနေဖြစ်တာများပါတယ်။ အပြင်တွေ သိပ်မထွက်ဖြစ်ဘူး။ သူငယ်ချင်းတွေ ဆိုလည်း ငယ်ငယ်ကတည်းက ခင်လာတဲ့သူငယ်ချင်းတွေနဲ့ပဲ ပေါင်းတာများတယ်” လို့ပြောပါတယ်။ အောင်မြင်တဲ့ အနုပညာရှင်တွေက လူမှုရေး လစ်ဟာမှုတွေ ရှိကြ တယ်လို့ ပြောကြတဲ့ အပေါ်မေးတော့ “လူမှုရေးတွေ လစ်ဟာသွားတာတွေ ရှိတာပေါ့နော်၊ ကိုယ့်ဘက်ကအခုဆိုရင် ပြန်ချိန်တာပေါ့။ အလုပ်ကိုလည်းအာရုံစိုက်သလို၊ ကိုယ့်မိသားစုတွေ ကိုလည်း မလစ်ဟင်းအောင်၊ လူမှုရေးလုပ်ငန်းတွေကိုလည်း တတ်နိုင်သလောက်လုပ်တယ်။ ဒါပေမယ့် ပတ်ဝန်းကျင် အသိုင်းအဝိုင်းတွေက နားလည်ပေးကြပါတယ်။ ကိုယ်တွေက အချိန်ပြည့် ဒီအနုပညာအလုပ်ထဲမှာ အာရုံစိုက်ထားတဲ့ အတွက်ကြောင့် ကိုယ်တွေကို ပြန်ပြီး နားလည်ပေးတဲ့ အတွက် လည်း ကျေးဇူးတင်သလောက် အကူအညီ ပြန်ပေးတာပေါ့” လို့ လူမှုရေးဘက်မှာလည်း မလစ်ဟင်းအောင် ကြိုးစားနေကြောင်း ပြောပါတယ်။
ခိုင်ဝေလွင်