Friday, April 12, 2013

ပလောင်ဒေသတွင် စစ်ပွဲမကြာခဏဖြစ်ပွားမှုကြောင့် ပြည်တွင်းဒုက္ခသည်များ ယခင်ထက် ပိုမို တိုးပွါး

0 comments















ဧပြီလ ၁၀ရက်နေ့ ၂၀၁၃ခုနှစ်တွင် တအာင်းအမျိုးသမီးအဖွဲ့အစည်းမှ လက်ရှိတန့်ယန်းမြို့ရှိ ပြည်တွင်း ဒုက္ခသည်လိုအပ်သည့် ပစ္စည်းများကို သွားရောက်ကူညီပေးခြင်းရာတွင် ဒုက္ခသည်နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ကောက်ခံရရှိခဲ့ပါသည်။ မိမိတို့အဖွဲ့အစည်း ကူညီပေးခဲ့သည့် ပစ္စည်းများမှာ ဆန်အိတ် ၂၀၊ ခေါင်းအုံး ၁၀၀လုံး၊ အိပ်ယာခင်း ၁၀၀ခု၊ စားဆီ ၁ပုံးနှင့် ငွေကျပ်၁သိန်း ပါဝင်သည်။
မတ်လ ၃၀ ရက်နေ့ ၂၀၁၃ ခုနှစ်တွင် လားရှိုးမြို့နယ် တန့်ယန်းမြို့ရှိ လွယ်စေးအုပ်စုနေ ကောင်းကော်ရွာ၊ ကောင်းဆိုင်းရွာ၊ နမ့်မနွတ်ရွာ၊ ပါဖန်ရွာ၊ မန်တုတ်ရွာ၊ ဟွေပူရွာနှင့် မန်ကျောင်းရွာ၊ မတ်ဝေါင်းရွာကျေးရွာ များမှ ပြည်သူလူထုများသည် စစ်ပွဲကြောင့် မိမိတို့နေအိမ်များကို စွန့်ခွါပြီး တန့်ယန်းမြို့ပေါ်သို့ လာရောက် တိမ်းရှောင်ခိုလှုံ နေကြရသည်။

ထိုတန့်ယန်းမြို့တွင် လက်ရှိ စုစုပေါင်း ပြည်တွင်းဒုက္ခသည် လူဦးရေအရေအတွက်သည်  ၄၃၂ယောက် ရှိသည့်အနက် ၂နှစ်အောက်ကလေး ကျား (၂၀)ဦး နှင့် မ (၁၉)ဦး၊ ၂နှစ်အထက် ကျား (၁၆၂)နှင့် မ (၂၀၄)ဦး၊ နို့တိုက်နှင့် ကိုယ်ဝန်ဆောင် အမျိုးသမီး (၂၇)ဦးပါဝင်သည်။ ထိုဒုက္ခသည်များသည် လက်ရှိတွင် တန့်ယန်းမြို့ သာသနာရေးဝန်ကြီးဌာန၊ ဘုန်းကြီးကျောင်း၊ မူလွန်ကျောင်း၊ အောင်မင်္ဂလာ ကျောင်းတိုက်တွင် ယာယီခိုလှုံ နေထိုင်ကြရသည်။

“ရှမ်းပြည်တပ်မတော်နဲ့ မြန်မာစစ်တပ်တို့ စစ်ပွဲဖြစ်ပွါးတဲ့အချိန်မှာ မြန်မာစစ်တပ်ဖက်က ကျနော်တို့ ရွာထဲကို ဗုံးကြဲပစ်ချတယ်။ အဲလို ဗုံးကြဲတော့ ဘယ်သူကမှ ရွာထဲမှာ မနေရဲကြတော့ဘူး။ အဲဒါကြောင့် ကျနော်တို့ ကိုယ့်အိမ်ကို စွန့်ခွာပြီးတော့ ဒီမှာ ပြောင်းရွှေ့လာနေရတယ်။ ပြီးတော့ ဒီမြန်မာစစ်တပ်က ကျနော်တို့ ရွာသူရွာသားတွေကို လမ်းပြအဖြစ်လည်း ခေါ်သွားကြတယ်။ ဒီမြန်မာစစ်တပ်က သူတို့ရေ သောက်ဖို့အတွက်လည်း ကျနော်တို့ကို ခပ်ခိုင်းတယ်ဗျာ၊ အဲလိုလုပ်တော့ ဘယ်သူမှ မခံချင်ဘူး။ အဲလိုခေါ်ပြီး ခိုင်းတဲ့အခါမှာလည်း ကျနော်တို့လက်ကို ကြိုးတုတ်၊အနောက်ကနေသေနတ်နဲ့ချိန်ပြီး ရေထမ်းခိုင်းတာ”  ရွာသားတဦးမှ ပြောခဲ့သည်။

ထိုပြည်တွင်းဒုက္ခသည်များသည် တန့်ယန်းမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်ရာ လမ်းခရီးတွင် ၃ ရက်၊ ၄ ရက် (ခြေလျင်ခရီး)ဖြင့် ကြာပါသည်။ ထိုသို့ ထွက်ပြေးတိမ်းရှောင်ရာ လမ်းခရီးတွင် လုံခြုံမှုမရှိသည့်အပြင် ကလေးများနှင့် သက်ကြီးရွယ်အိုများကိုပါ တွဲခေါ်လာရသဖြင့် အခက်အခဲ ပေါင်းစုံဖြင့် ကြုံတွေ့နေရပါသည်။
“ကျမတို့ဒီကိုပြေးလာတဲ့အခါမှာ အရမ်းကို ဒုက္ခရောက်တယ်။ ကျမတို့ ထွက်ပြေးတိမ်းရှောင်သွားတာကို မြန်မာစစ်သားတွေ တွေ့မှာကြောက်တယ်။ သူတို့ တွေ့သွားရင် ကျမတို့ကို ပြန်ဖမ်းမယ်။ လမ်းပြခိုင်းမယ်။ ကျမတို့က ထွက်ပြေးလာတဲ့အခါမှာ ကိုယ်လွတ်ရုန်း ပြေးလာလို့မရဘူး။ ကိုယ့်ကလေးတွေ ကိုယ့်မိဘ အဘိုးအဘွားတွေကိုလည်း ကိုယ်နဲ့အတူ တွဲခေါ်လာရတယ်။ ကလေးငိုရင်လည်း ပေးမငိုရဘူး။ စစ်ဖြစ်တာ ဘာအတွက်မှမကောင်းဘူး”  ဟု ပြည်တွင်းဒုက္ခသည် အမျိုးသမီးတဦးမှ ပြောပြခဲ့ပါသည်။

ဧပြီလ၊ ၁၀ရက်နေ့တွင် တန့်ယန်းမြို့နယ်မှူး၊ အုပ်ချုပ်ရေးမှူး၊ စခန်းမှူး၊ လ၀က၊ အာဏာပိုင်၊ ပြည်သူ့ လွတ်တော်၊ ပြည်နယ်လွတ်တော်၊ ကြံ့ခိုင်ရေးလွတ်တော်နှင့် ဒုက္ခသည် ကယ်ဆယ်ရေးကော်မတီတို့သည် အစည်းအဝေး ပြုလုပ်ရာ  ထိုအစည်းအဝေးဆုံးဖြတ်ချက်အရ ဧပြီလ ၁၁ရက်နေ့မှ စတင်၍ ၄၃၂ဦးရှိသည့် ဒုက္ခသည် အားလုံးကို မိမိနေရပ်သို့ ၇ရက်အတောအတွင်း အစမ်းသဘောဖြင့် ပြန်ပို့ရန် စီစဉ်နေသည်။

ပြန်သွားသော ရွာသူရွာများအတွက် ခုနှစ်ရက်စာအတွက် ရိက္ခာထုတ်ပေးထားသည်။ ခုနှစ်ရက်အတွင်း ရပ်ရွာအတွင်းတွင် လုံခြုံမှုမရှိပါက ရိက္ခာထပ်မံ ပို့ဆောင်ပေးမည်။ လုံခြုံမှုမရှိပါက လက်ရှိနေနေသည့် ကျောင်းတိုက်တွင် ပြန်လာနေကြရမည်။ သို့သော် နောက်လတွင် ထိုဘုန်းကြီးကျောင်းမှာ ပဌာန်းပွဲရှိသည့် အတွက်ကြောင့် ဒုက္ခသည်များက လက်ရှိကျောင်းတိုက်မှ ထွက်သွားရမည်ဟု'' တအာင်းအမျိုးသမီး အဖွဲ့အစည်း (Ta'ang Women's Ogranization (TWO) မှ တာဝန်ရှိသူတဦးမှ ပြောပြခဲ့ပါသည်။

ဒုက္ခသည် ကူညီစောင့်ရှောက်ရေး  ကော်မတီတဦး ပြောပြချက်အရ'' သူတို့ရွာပြန်သွားကြတယ်။ ရွာအတွင်း လုံခြုံမှုမရှိဘူး။ အိမ်ထဲက အသုံးအဆောင်ပစ္စည်းတွေလည်း မရှိကြတော့ဘူးဆိုတော့ ကျောင်းတိုက်ထဲမှာပဲ ဆက်လက်နေကြတယ်။ ဒီမနက်တောင်မှ ၈ဦးပြန်သွားတယ်။ ဒီမနက်ပဲ တန့်ယန်းအကျော်မှာ မြန်မာစစ်တပ်နဲ့ ရှမ်းတပ် တိုက်ပွဲပြန်ဖြစ်တယ်။ သူတို့နေရပ်ကို ပြန်သွားဖို့ဆိုတာ မလွယ်ဘူး''

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပလောင်ဒေသများတွင် မြန်မာစစ်အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်၊ ရှမ်းပြည်တပ်မတော်(မြောက်ပိုင်း)နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်တို့ သည် ၂၀၁၁ခုနှစ် မတ်လမှစ၍ ယခုချိန်အထိ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွါးနေသောကြောင့် လူ့အခွင့် အရေး ချိုးဖောက်မှုများလည်း ရှိနေပါသည်။

ပလောင်ဒေသရှိ မြို့နယ် (၃) မြို့နယ်တွင် ကျေးရွာပေါင်း ၁၅ ရွာတို့မှ ပလောင်ပြည်သူလူထုပေါင်း နှစ်ထောင် (၂၀၀၀) ကျော်တို့သည် အိုးအိမ်များ ပျက်စီးခဲ့ကြရပြီး မိမိတို့၏ မွေးရပ်မြေများ စွန့်လွတ် ထွက်ပြေးကြရသည်ကိုလည်း သိရှိရပါသည်။

ထို့အပြင် ယခုလက်ရှိတွင်လည်း ပြည်တွင်းဒုက္ခသည်စခန်း နောက်ထပ် ၂ နေရာဖြစ်သော တန့်ယန်းမြို့နှင့် ကွတ်ခိုင်မြို့တို့တွင် ထပ်တိုးလာပါသည်။ စစ်ပွဲကြောင့် ပလောင်ဒေသရှိ ပြည်တွင်း ဒုက္ခသည်များသည် လျော့ကျလာခြင်းမရှိဘဲ ထပ်မံတိုးပွါးလာသည်ကို သိရှိရပါသည်။

လူထုများသွားလာသည့်နေရာတွင် မြေမြုပ်မိုင်းအသုံးမပြုရန်၊ ညှင်းပန်းနှိပ်စက်ခြင်းများ မပြုလုပ်ရန်နှင့် ဘက်နှစ်ဖက်ဖြစ်ပွားနေသော စစ်ပွဲများကို ချက်ချင်းရပ်တန့်ပြီး ပြည်တွင်းဒုက္ခသည်များကို ပြန်လည်နေရာချ ပေးပါဟု တအာင်းအမျိုးသမီးအဖွဲ့အစည်းနှင့် ပြည်တွင်းဒုက္ခသည်တို့မှ နိုင်ငံတော်နှင့် တာဝန်ရှိသူများကို အကြံပြုတိုက်တွန်း ပြောဆိုပါသည်။

ဆက်သွယ်ရန်
ဒီဒီပိုးစေင်- ၀၉ ၆၇၁၈ ၂၁၈
လိုည်းပိုးဖိန်း- ၀၉ ၄၀၃၇ ၄၅ ၉၈၅

မှတ်တမ်းနှင့်သုတေသနဌာန
တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here