ဇူလိုင်လ(၃၁)ရက်
ရှမ်းပြည်နယ် အဓိက လမ်းမကြီး တစ်ခုဖြစ်သော တာချီလိတ်-ကျိုင်းတုံ-တောင်ကြီး-မိတ္ထီလာ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ဇူလိုင်လ ၂၉ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ် ဝန်းကျင်က မိုင်တိုင် အမှတ် ၁၆ အနီး ပန်လော့အောက် ရွာတွင် စပါးအိတ်များ တင်ဆောင်လာသည့် ထော်လာဂျီ ယာဉ် တိမ်းမှောက်ကာ လူနှစ်ဦး ဒဏ်ရာရရှိကြောင်း ကျိုင်းတုံမြို့နယ် ရဲစခန်းမှ သိရသည်။
မိုင်းယောင်းမြို့မှ ယာဉ်မောင်း သိန်းဇော်ဦး ၂၆ နှစ် မောင်းနှင်လာပြီး ယာဉ်နောက်လိုက် စိုင်းနွန်း ၂၃ နှစ် လိုက်ပါလာသည့် စပါးအိတ်များ တင်ဆောင်လာသည့် နှစ်လုံးထိုး အပြာရောင် ထော်လာဂျီယာဉ် သည် မိုင်းယောင်းမြို့မှ ကျိုင်းတုံမြို့သို့ မောင်းနှင်လာစဉ် ယင်း လမ်းမကြီးအနီး ပန်လော့အောက်ရွာ အရောက်တွင် အရှိန်လွန် ဘရိတ်ပေါက်ကာ တိမ်းမှောက်ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ မှုခင်း စစ်ဆေးချက်များအရ သိရသည်။
“ကားသမားသာ ဆုံးဖြတ်ချက် မမှန်ရင် လမ်းဘေးက အိမ်တွေထဲ ဝင်တိုက် ပြီး လူသေဆုံးနိုင်မှုတွေ တောင် ရှိနိုင်တယ်၊ ကားကတော့ လာရာလမ်း ကို ခေါင်းပြန်လှည့်သွားပြီး မှောက်သွားတယ်” ဟု ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူး ရုံးမှ ရဲအုပ် ကျော်ဇေယျက ဆိုသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် သိန်းဇော်ဦးတွင် ယာဒူး၊ ယာလက်ဖျံနှင့် ယာခြေချောင်းများ ပေါက်ပြဲ ဒဏ်ရာနှင့် စိုင်းနွန်းတွင် ဝဲပခုံးနှင့် ယာခြေသန်း ပေါက်ပြဲ ဒဏ်ရာရရှိကာ ကျိုင်းတုံဆေးရုံတွင် တက်ရောက် ကုသနေကြောင်း ၎င်းက ရှင်းပြသည်။
ယာဉ်အား မဆင်မခြင် မောင်းနှင်ကာ မိမိနှင့် အခြားသူများကို ဒဏ်ရာ ရရှိစေသူ ယာဉ်မောင်း သိန်းဇော်ဦးကို ယာဉ် (ပ) ၂၅/၂၀၁၃ ပြစ်မှု ပုဒ်မ ၃၃၇ ဖြင့် အရေးယူထားကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ စခန်းထံမှ သိရသည်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) အမှတ် (၆၄) ယာဉ်ထိန်းရဲ တပ်ဖွဲ့ နယ်မြေတွင် ဇူလိုင်လအတွင်း ယာဉ် မတော်တဆမှု ၈ မှု ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရ ၅ ဦးနှင့် သေဆုံးသူ ရှစ်ဦးရှိကြောင်း ယင်းမြို့ ယာဉ်ထိန်း တပ်ဖွဲ့၏ စာရင်းများအရ သိရသည်။
the voice