Monday, April 15, 2013

"၂၀၁၅ မှာ ဒေါ်စု သမ္မတဖြစ်လာမယ်" - စံဇာဏီဘို

0 comments
ဧပြီ(၁၅)


၂ဝ၁၅ မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာလိမ့်မယ် ဆိုတဲ့ဟောကိန်းကို မပြင်ဆင်နိုင်ဘူး လို့ နက္ခတ်ဗေဒပညာရှင် စံဇာဏီဘိုကပြောလိုက်ပါတယ်။

ဒီလ ၉ ရက်နေ့ထုတ် ကုမုဒြာဂျာနယ်နဲ့အင်တာဗျူးမှာ အဲဒီလို ပြောလိုက်တာပါ။

(ဗိုလ်ချုပ်ကြီးတို့ စိတ်တိုင်းကျ ရေးဆွဲထားတဲ့ အခြေခံဥပဒေမှာ ပါဝင်တဲ့ အချက်တွေအရ ဆိုရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာဖွယ် မရှိပါဘူး။)

ဒီအခြေခံဥပဒေကို လေ့လာထားသူတချို့ကတော့ စံဇာဏီဘိုဟာ ဥပဒေအကြောင်း မသိလို့ ဒီလိုဟောကိန်းထုတ်တာလို့ ယူဆကြပါတယ် တဲ့။

ဒီဝေဖန်ချက်နဲ့ ပတ်သက်ပြီး နက္ခတ်ဗေဒပညာရှင် ရဲ့ တုံ့ပြန်ချက်က ဒီလိုပါ - "ကျွန်တော့ကို ဥပဒေအကြောင်း မသိဘူးလား တဲ့။ ကျွန်တော် သိစရာမလိုဘူး။ ကျွန်တော် ဗေဒင်ဟောတာ။ လွှတ်တော်မှာ ဘယ်စာအုပ်၊ ဘယ်စာမျက်နှာမှာ ဘယ်ဥပဒေရှိတယ် ဆိုတာ ကျွန်တော် သိစရာ မလိုဘူး။ ကောင်းကင်မှာ ဘယ်ဂြိုဟ်ရှိတယ်၊ အဲသည်ဂြိုဟ်ပြောင်းရင် ဘာဖြစ်မယ် ဆိုတာပဲ ကျွန်တော်သိဖို့လိုတယ်။ ဒါကြောင့် ၂၀၁၅ မှာ ဒေါ်စု သမ္မတဖြစ်လာမယ် ဆိုတဲ့ စကားကို ကျွန်တော် ဘယ်ပြင်မလဲ"

ဆရာ စံဇာဏီဘိုကတော့ အဲဒီလို ရဲရဲဝံ့ဝံ့ ထပ်ပြောလိုက်ပါပြီ။ဒါဆိုရင် အခြေခံဥပဒေ အပြောင်းအလဲဖြစ်ဖို့ပဲ လိုပါတော့တယ်။

"ကျွန်တော့အယူအဆအရ ဖွဲ့စည်းပုံအခြေခံဥပဒေကို သြဂုတ်လ ၂၁ ရက်ကနေ အောက်တိုဘာ ၂ဝ အတွင်းမှာ ပြင်ဆင်ဖို့ ဖြစ်မယ်" လို့ သူက ဟောကိန်းထုတ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်ဖို့၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ကျမ်းကျိန်ဖို့ဥပဒေအပြောင်းအလဲတချို့ ရှိခဲ့ပြီးပါပြီ။

အခုလည်း ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး အဟန့်အတားပြုနေတဲ့ အခြေခံဥပဒေပါအချက်တချို့ကို ပြင်ဆင်လာဖွယ်ရှိကြောင်း ဆရာရဲ့
ဟောချက်မှာ တွေ့ရပါတယ်။

လက်ရှိသမ္မတ ~
အင်တာဗျူးမှာ ဆရာက ၂၀၁၀ ကနေ ၂၀၁၅ အထိ တာဝန်ယူရမယ့်
သမ္မတဦးသိန်းစိန်အကြောင်းလည်း ဟောထားပါတယ်။

"သမ္မတက တစ်စုံတစ်ရာ ကျန်းမာရေး ချို့ယွင်းတာ၊ လုပ်ကြံခံရတာမျိုး မတွေ့ဘူး။ ဒုတိယသမ္မတကနေ သမ္မတဖြစ်တဲ့ အမှတ်အသားလည်း မတွေ့ဘူး။ သည်သမ္မတကို ပယ်ပြီး တခြားသော ရွေးကောက်ပွဲ ကျင်းပတာ
လည်း မမြင်ဘူး" လို့ ဆရာက တွက်ပါတယ်။

ရှိရင်းစွဲအုပ်ချုပ်သူက အားကောင်းပြီးတော့ တိုင်းပြည်ကို ဆက်လက် အုပ်ချုပ်မယ်။ အုပ်ချုပ်တဲ့ ပုံသဏ္ဌာန် အသွင်ပြောင်းမယ်လို့လည်း တွက်ပါတယ်။

မိတ္ထီလာဖြစ်ရပ်များ ~
မိတ္ထီလာမြို့မှာ မကြာသေးခင်က ပေါ်ပေါက်ခဲ့တဲ့ အကြမ်းဖက်မှုမျိုးတွေ ထပ်ဖြစ်လာဦးမယ်လို့ ဆရာက မြန်မာပြည်ရဲ့ လာမယ့်နှစ်သစ်ကူးမှာ ကြုံလာနိုင်ခြေရှိတာတွေကို တွက်ပြရင်း ပြောလိုက်ပါတယ်။

"မိတ္ထီလာမှာဖြစ်တဲ့ ဖြစ်ရပ်မျိုးကျတော့ ဗေဒင်အရ လူသတ်လုယက် လို့ ခေါ်တယ်။ လူမျိုးရေးနဲ့ မဆိုင်ဘူး။ အဲသည်သဘာဝတော့ ရှိနေမယ်။ အရမ်းကို များမယ်" တဲ့။

ဘာကြောင့် ဒီလိုကြုံရမယ် ဆိုတာကို သူရှင်းပြတာက ဒီလိုပါ -
"နက္ခတ်က လှည်းဦးဖောက်၊ ကြယ်ကိုထမ်းပိုးဖောက်တဲ့ အနေအထား ဆိုတော့ လုကြမှာပဲ။ အဲသည်တော့ သွားတာလာတာကအစ ကျစ်ကျစ်လျစ်လျစ် ရှိဖို့ လိုတယ်။ နို့မို့ဆိုရင် လုမှာယက်မှာ သေချာတယ်။ ကိုယ့်လုံခြုံရေး ကိုယ်ယူရမယ်။ လာမယ့်နှစ် တစ်နှစ်လုံးမှာ အုပ်စုဖွဲ့လုတာ ယက်တာ ရှိမယ်"

အုပ်ချုပ်သူများ မထိန်းချုပ်နိုင်ဘူး၊ အားနည်းချက်တွေ ရှိလိမ့်မယ်လို့ ဆရာ စံ-ဇာဏီဘိုက ဆိုပါတယ်။

"ပြည်သူလူထုက ကိုယ့်အချင်းချင်း ထိန်းရမယ်" လို့ တွက်ပြပါတယ်။

တိုင်းပြည်အုပ်ချုပ်မယ့်မျိုးဆက် ~
စံ-ဇာဏီဘို နောက်ဆုံး တွက်ချက်ပြတာကတော့ ကြံ့ခိုင်ရေး၊ NLD စတဲ့ ထိပ်သီးတွေထက် "သာတဲ့ ပါတီ" တခု ပေါ်လာမယ် ဆိုတာပါပဲ။ အဲဒါကတော့ (ပါတီအဖြစ် အသွင်ပြောင်းမယ်လို့ သတင်းထွက်နေတဲ့) ၈၈မျိုးဆက်လည်း မဟုတ်ဘူး တဲ့။

"သည်နှစ်ထဲမှာ ဇူလိုင်လ ၂၁ ကနေ စပြီး ခြောက်လအတွင်း ပေါ်လာမယ်။ ပါတီသစ်တခုပေါ့။ သည်အုပ်စုက အင်န်အယ်လ်ဒီကိုလည်း ထောက်ပြမယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးကိုလည်း ထောက်ပြမယ့်အုပ်စု ဖြစ်တယ်။ နိုင်ငံတကာအဆင့် မျက်လုံး ရှိတဲ့သူ ဖြစ်တယ်။ ဗေဒင်အရ ရှိကို ရှိနေပြီ" လို့ ဆိုပါတယ်။

တတိယမျိုးဆက်သစ် လို့ပဲ ပြောပါတယ်။ ပါတီနာမည်တော့ ဆရာက မပြောပါ။အထင်ကရ နိုင်ငံရေးအင်အားစုကြီးတခု ဖြစ်ခဲ့တဲ့ လူ့ဘောင်သစ်ပါတီကလည်း မြန်မာပြည်တွင်း ပြန်လည် လှုပ်ရှားဖို့ လောလောဆယ် တာစူနေပါပြီ။

လူ့ဘောင်သစ်ပါတီ အားကောင်းလာမယ်လို့ ဆိုလိုတာများလားလို့တွေးမိပါတယ်။

ဒါတွေက ဧပြီ ၉ ရက်နေ့ထုတ် ကုမုဒြာဂျာနယ်မှာ ဖတ်ရတာတွေပါ။
ဆရာ ဟောကိန်းထုတ်တာတွေ ဘယ်လောက်အထိ ဒက်ထိ မှန်ကန်မယ် ဆိုတာကိုတော့ မဝေးတော့တဲ့ အနာဂတ်မှာ သိကြရမှာ ဖြစ်ပါတယ်။

irrawaddy

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here