ယနေ့နံနက်ပိုင်း၌ ပန်းဆေးပြည်သူ့စစ်တပ်စခန်းအား
တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစုဟု ယူဆရသည့် အဖွဲ့က သွားရောက်တိုက်ခိုက်သိမ်းပိုက်လိုက်သည်ဟု
နမ့်ခမ်းရောက်ပန်းဆေး ဒေသခံ များက ပြောပြပါသည်။
“ဒီမနက် ၄ နာရီကနေ မနက် ၈ နာရီလောက်အထိ သွားတိုက်တယ်။ နောက်မွန်းတည့်ချိန်မှာ
နောက် တကြိမ် ထပ်တိုက်ပွဲဖြစ်တယ်။ ပန်းဆေးဘက်မှာဘဲ။ စခန်းကိုမီးရှို့ပြီး ပြန်ထွက်သွားတော့
အဲဒီလာ တိုက် တဲ့အဖွဲ့က သျှမ်းတွေ၊ ပလောင်တွေ၊ ကချင်စကားတွေ ပြောတယ်လို့တော့ ပြောတာဘဲ
ဒေသခံတွေက” - ဟု ဒေသခံ နမ့်ခမ်း သျှမ်းနိုင်ငံရေးပါတီဝင် စိုင်းခမ်းလုံ ကပြောပါသည်။ယနေ့နံနက်
(ဧပြီ ၈ ရက် ၂၀၁၃) ပိုင်း၌ အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့က နမ့်ခမ်းမြို့
အရှေ့ တောင်ဘက် ၁၅ မိုင် ခန့်ဝေးသည့် ပန်းဆေးကျေးရွာအုပ်စုရှိ ပန်းဆေးပြည်သူ့စစ်တပ်စခန်းအား
တိုက်ခိုက်ခဲ့ ကြောင်း၊ ပန်းဆေးဒေသရှိ တာ့ပန်းကုန်း နှင့် ရှောက်ပန်းကုန်း ရှိ တပ်စခန်းသုံးခုအနက်နှစ်ခုအားမီးရှို့ဖျက်စီး လိုက်ကြောင်း၊ သေကြေဒဏ်ရာရှိမှုလည်း ရှိကြောင်း ဒေသခံများပြောပြချက်အရ
သိရပါသည်။
“စခန်းနှစ်ခုက ပြည်သူ့စစ်တွေနေတဲ့ စခန်းမဟုတ်ဘူး။ ဘိန်းချက်စခန်း၊ ယာဘ၊ ဘိန်းဖြူလုပ်တဲ့စခန်းတဲ့။
အဲဒါကြောင့်မီးရှို့ပစ်လိုက်တာတဲ့” - ဟု တပ်ပေါင်းစုနှင့် နီးစပ်သူ ဒေသခံတဦးကပြော ပါသည်။ “နမ့်ခမ်းဆေးရုံ မှာ
အခုချိန်အထိ (၁၅ နာရီခွဲ) လူနာတွေရောက်လာတာတော့မတွေ့ရဘူး။ မြို့မပြည်သူ့စစ် တပ်ဖွဲ့ကတော့
လက်နက်အပြည့်နဲ့ အသင့်ပြင်ထားတယ်။ အစိုးရစစ်ကြောင်းကိုစောင့်နေတာတဲ့။ စောင့်နေ တုန်းပဲ။”
- နမ့်ခမ်းသား စိုင်းရီလုံး က ပြောပါသည်။ပန်းဆေးပြည်သူ့စစ်တပ်ဖွဲ့သည် ပြည်ထောင် စုကြံ့ခိုင်ရေး ပါတီ
ပြည်နယ်လွှတ်တော်အမတ် ပန်းဆေး ဦးကျော်မြင့်
က ဦးဆောင်သည်။ လက်နက်ကိုင်တပ်ဖွဲ့ အင်အား ရာဂဏန်းရှိသည်။ အစိုးရခိုင်း သမျှလုပ်ပြီး
စီးပွားရေးအခွင့်ထူးများ လက်ဝါးကြီးအုပ်သည့်သူဟု နိုင်ငံရေး စစ်ရေးအသိုင်းအဝိုင်းကစွပ်စွဲထားပြီး
သျှမ်း ပြည် မူးယစ်ဆေးဝါး စောင့်ကြည့် ရေးအဖွဲ့ကလည်း ၄င်းအား ခေတ်သစ်မူးယစ်ရာဇာအဖြစ်
စာရင်းသွင်း ထားသူဖြစ်သည်။
သျှမ်းသံတော်ဆင့်