ဧပြီ(၅)
ကချင်ပြည်နယ်မှာ
ဖြစ်ပွားသော တိုက်ပွဲများနှင့်ပတ်သက်ပြီး SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး က “ကချင်တွေနဲ့ဖြစ်တဲ့
တိုက်ပွဲဟာ ပင်လုံစာချုပ်မူကို ရရှိရေး အတွက်တိုက်နေတာ” ဟု ပြောသွားကြောင်း အင်တာနက် မီဒီယာတစ်ခုမှာ
ဖော်ပြထားသည်ကို ဖတ်ရှုရပါသည်။
ထိုစကားနှင့်ပတ်သက်၍
ပြည်သူလူထုကြားတွင် ဝေဖန်မှုများရှိနေသည်ဟု သိရှိရသည်။ “ ဦးခွန်ထွန်းဦးက ပင်လုံစာချုပ်နှင့်ပတ်သက်ပြီး
လိုချင်တာတွေ ဆွဲပြောသွားတာပါ။ တိုင်းရင်းသားတွေကိုပဲ အစိုးရက အခွင့်အရေးမပေးသလို ပုံစံမျိုး
ပြောနေတယ်။ သမိုင်းအမှန်ရှိခဲ့ပြီးသား အကြောင်းအရာတွေကို မသိ နားမလည်နိုင်တဲ့ တိုင်းရင်းသားတွေအတွက်
ထင်ယောင်ထင်မှား စကား တွေနဲ့ မလိမ့်တပတ်ပြောဆိုတာတော့ မကောင်းဘူးပေါ့။ ငြိမ်းချမ်းရေးတွေ
တည်ဆောက်နေတဲ့ ကာလမှာ အထင်အမြင်လွဲမှားမှုတွေ ဖြစ်သွားနိုင်တာဘဲ” ဟု လားရှိုးမြို့ခံ ကျောင်းဆရာ တစ်ဦးမှ
ပြောကြားခဲ့သည်။
ထို့နောက် ဦးခွန်ထွန်းဦး
ပြောကြားခဲ့သော စကားနှင့်ပတ်သက်၍ “ကချင်နဲ့အစိုးရကို တစ်ဖက်လှည့် ရန်တိုက်ပေးလိုက်တဲ့
သဘောလို့ ထင်မြင်မိပါတယ်။ ပင်လုံစာချုပ်မူဆိုတာ လွတ်လပ် ရေးရရှိဖို့အတွက် တိုင်းရင်းသားကိုယ်စားလှယ်တွေဖြစ်တဲ့
ရှမ်း၊ ကချင်၊ ချင်းကိုယ်စားလှယ်တွေပါဝင် လက်မှတ်ရေးထိုးခဲ့တာ သမိုင်းကြောင်း အမှန်ရှိနေပါတယ်။
လွတ်လပ်ရေး ရရှိခဲ့တာကိုလည်း ဦးခွန်ထွန်းဦး သီပြီးသားဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ မဆိုင်တဲ့
စကားတွေနဲ့ တိုင်းရင်းသားတွေရဲ့ အချုပ် အခြာအာဏာကို မတရားသိမ်းပိုက်တယ်။ ကြီးနိုင်ငယ်ညှင်း
လုပ်ထားလို့ မငြိမ်းချမ်းဘူးဆိုတဲ့အဓိပ္ပါယ်က အစိုးရအဖွဲ့ကို အညှိုးအတေးနဲ့ သွေးထိုးလှုံ့ဆော်လိုက်တဲ့
သဘောဖြစ်ပါတယ်။ နောက်တစ်ချက်က ဗမာတွေကျွန်ဖြစ်တုန်းကဆိုတဲ့ စကားက ပိုပြီးသက်သေပြနေပါတယ်။
မြန်မာနိုင်ငံ သူ့ကျွန်ဘ၀ ရောက်ခဲ့တုန်းက ဗမာလူမျိုးတစ်မျိုးတည်း မဟုတ်ပါဘူး။ တိုင်းရင်းသားအားလုံးပါဝင်တာ
သမိုင်းက သက်သေရှိပါတယ်။ ဦးခွန်ထွန်းဦးစိတ်ထဲမှာ ဗမာမုန်းတီးရေးနဲ့ မြန်မာ နိုင်ငံ ထဲမှာ ရှမ်းမပါဘူးလို့ မလိမ့်တပတ်နဲ့ ပြောလိုက်ခြင်းဖြစ်တယ်ဆိုတာ
မြင်သာပါတယ်”ဟု လားရှိုးမြို့ခံ စာနယ်ဇင်းသမား တစ်ဦးမှ ပြောကြားသွားခဲ့သည်။
ဦးခွန်ထွန်းဦးသည်
လွန်ခဲ့သော ၂၀၀၅ ခုနှစ်၊ ဖေဖော်ဝါရီလက နိုင်ငံတော်ပုန်ကုန်မှုဖြင့် ပူတာအိုထောင်၌ ထောင်ဒဏ်
(၉၃)နှစ် ကျခဲ့ဖူးသူ ဖြစ်သည်။ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ(၁၃)ရက်နေ့တွင် နိုင်ငံတော်သမ္မတမှ
လွတ်ငြိမ်းချမ်းသာ ခွင့် ပေးခဲ့ရာ ဦးခွန်ထွန်းဦး လည်း လွတ်မြောက်လာခဲ့သည်။ ထို့နောက်
SNLD ပါတီမှ ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်အရွေးခံခဲ့ရာ အနိုင်ရပြီး ယခုအခါ ၎င်းပါတီ၏
ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ထို့ပြင် ဦးခွန်ထွန်းဦးသည် ၂၀၁၅ ရွေးကောက်ပွဲ
ကိုလည်း SNLD ပါတီမှ ထပ်မံဝင်ရောက် ယှဉ်ပြိုင်အရွေးခံမည်ဟု သတင်း ထွက်ပေါ်လျက်ရှိပါသည်။
ဦးခွန်ထွန်းဦး ပြောတာသိပ်မှန်ပါတယ်။ သမိုင်းဆိုတာ သမိုင်းပါ။ လိမ်ညာလို့မရပါဘူး။