ရှမ်းပြည်နယ် နမ့်ဆန်မြို့နယ်ရှိ များသောအားဖြင့် ကျေးရွာပိုင်း လူငယ်၊ လူလတ်ပိုင်းတို့သည် လက်ဖက်ခြံပေါင်းသင်ရှင်းလင်းသည့်ရာသီကာလတွင် ဘိန်းစိုက်ပျိုးသည့်နေရာသို့ သွားရောက်လုပ်ကိုင်စားသောက်နေကြသည်ဟု သိရှိရသည်။
''ကျနော်တို့ ယောက်ျားလေးတွေဆိုရင် ဘိန်းခြံကိုပဲ သွားပေါက်ကြတာလည်းများတယ်။ ဘိန်းခြံပေါက်ရင် သူငယ်ချင်း ၂-၃ယောက်စုပြီး ခြံလိုက် ပုတ်ပြတ်နဲ့ လုပ်ကြတယ်။ ဒါမှ ကျနော်တို့နဲ့ ကိုက်တယ်။ သူများအလုပ်သမားလုပ်ရတာလဲ ကိုယ့်အတွက်ကိုက်တော့ မဆိုးပါဘူး'' နမ့်ဆန်ရွာသား တဦးမှ ပြောပြခဲ့သည်။
''ဒီအချိန် ကျမတို့ဆီမှာ လက်ဖက်ခြံပေါက်တဲ့အချိန်ဖြစ်တယ်။ ပိုက်ဆံရတဲ့အချိန်လည်းမဟုတ်တော့ တရုတ်တွေရဲ့ ဘိန်းခြံကိုသွားပြီး အလုပ်လုပ်တာကောင်းတယ်။ ဘိန်းခြံ ပေါင်းသင်ရှင်းလင်းတဲ့အချိန်ဆိုရင် တရက်ကို အနည်းဆုံး စားရိတ်ငြိမ်း (၅၀၀၀) ငါးထောင်လောက်တော့ရတယ်။ တချို့နေရာဆိုရင် ၆၀၀၀-၇၀၀၀လောက်ရတယ်။ လက်ဖက်ပေါက်ရင် တရက်ကို အများဆုံး ကိုယ့်ထမင်းချိုင့်နဲ့ကိုယ်ဆိုရင်တောင် (၂၀၀၀)။ သူများအုတ်ကို သွားသယ်တယ်ဆိုရင် တရက်မှ (၃၀၀၀)လောက်ပဲရတယ်။ ခြံများတယ်ဆိုရင် အလုပ်သမားတွေခေါ်ပြီး လက်ဖက်ပေါက်ခိုင်းရသေးတယ်။ တရုတ်တွေရဲ့ အလုပ်သမားသွားလုပ်၊ ရတဲ့ပိုက်ဆံကို အလုပ်သမားငှားပြီး လက်ဖက်ပေါက်ခိုင်းရင် ကိုက်သေးတယ်'' ဟု အမျိုးသမီးတဦးမှ ပြောခဲ့သည်။
လက်ဖက်ဈေးမကောင်းသည့်အတွက်ကြောင့် လက်ဖက်တောင်သူများသည် ပင်မလက်ဖက်ကို မှီခိုအားကိုးမှု လျော့နည်းလာပြီး စားဝတ်နေရေးအတွက် ဘိန်းခြံကို အားကိုးပြီး အလုပ်သမားအဖြစ် နှစ်စဉ်နှစ်တိုင်း သွားရောက်အလုပ်လုပ်ကြသည်။
''ကျမတို့ဆီကဆိုရင် နှစ်တိုင်းပဲ ဘိန်းခြံတို့၊ ခရမ်းသီးခြံတို့ သွားကြတယ်။ သူများကိုပဲ အားကိုးရတယ်။ ကျမတို့ဆီက လက်ဖက်တမျိုးပဲ စိုက်ပျိုးတယ်မလား။ လက်ဖက်ဈေးမကောင်းတော့ သူများရဲ့ အလုပ်သမားပဲ သွားလုပ်တာကောင်းတယ်။ လက်ဖက်လုပ်တာလည်း သူဌေးမဖြစ်နိုင်ဘူး။ သူများအလုပ်သမားလုပ်တာ သူဌေးတော့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် ပြန်လာရင် အနည်းဆုံးတော့ အိမ်အတွက် အနည်းအကျဉ်း ဖူလုံလာနိုင်တယ်။ ရွာမှာနေရင် ဒါမျိုး ဘယ်ဝယ်နိုင်မလဲ'' ဟု နောက်ထပ်အမျိုးသမီးတဦးမှ ဖွင့်ဆိုပါသည်။
နမ့်ဆန်အမျိုးသမီးတဦး ''ဘိန်းသွားခြစ်တာ တစ်လထဲကို အနည်းဆုံး ကျပ်ငွေ ၅သိန်းတော့ အိမ်ကိုပိုက်လာနိုင်တယ်။ ဘိန်းခြစ်တော်တဲ့လူဆိုရင် ၁၀သိန်း-၁၅သိန်းလောက်တော့ရလာတယ်။ ကျမဆိုရင် ၈သိန်းလောက်ရလာတယ်။ ဘိန်းခြံကို အရမ်းအားကိုးရတယ်။ ဒီနှစ်တောင် မြစ်ကြီးနားမှာ စစ်ပွဲတွေ ခဏခဏဖြစ်တော့ လုပ်တဲ့နေရာတောင် လျော့လာတယ်။ တာမုံငယ်ဖက်၊ တရုတ်ဘက်ပဲ တက်ရတယ်။ ဘိန်းခြံကြောင့် တို့ရွာတွေ အခုဆိုရင် ဆိုင်ကယ်တွေ တီဗွီတွေ ၀ယ်လာနိုင်တယ်။ အိမ်အသစ်တွေလဲ အများကြီး ဆောက်လာနိုင်တယ်။ လက်ဖက်တခုတည်းပဲ အားကိုးတယ်ဆိုရင် နောင်ဘ၀လည်း တိုးတက်မှာ မဟုတ်ဘူး''
နိုဝင်ဘာလကမှ ဧပြီလ ပထမအထိ လူငယ်နှင့်လူလတ်ပိုင်းများမှ ခရီးထွက်ကြပြီး ကျေးရွာအတွင်းတွင် လူကြီး သက်ကြီးရွယ်အိုနှင့် ကလေးငယ်များသာ ကျန်ရှိနေကြပြီး ကျေးရွာတွင်းသာ ခြောက်သွေ့နေကြသည်။ နှစ်စဉ်နှစ်တိုင်း ဘိန်းပေါ်ရာသီကာလတွင် အလုပ်သမားအဖြစ်သို့ သွားလုပ်ကြသည်မှာ ခန့်မှန်းချေ နှစ်ပေါင်း (၂၀)ရှိပြီးဖြစ်သည်ဟု ဆိုပါသည်။
သတင်းမှတ်တမ်းနှင့် သုတေသနဌာန
ပလောင်အမျိုးသမီးအစည်းအရုံး
ပလောင်အမျိုးသမီးအစည်းအရုံး