ဧပြီ(၈)
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ရွှေလီမြစ်တဘက်ကမ်းရှိ RCSS/SSA သျှမ်းပြည်တပ်မတော် ထိန်းချုပ်ရာ တပ်ရင်း ၇၀၁ နယ်မြေ နောင်မတာကျေးရွာ တွင် ယမန်နေ့ မွန်းလွဲပိုင်းက ဖမ်းဆီးရမိသော မူးယစ်ဆေးဝါး များကို အများပြည် သူလူထုရှေ့တွင် မီးရှို့ဖျက်ဆီးလိုက်ကြောင်း သတင်းရရှိသည်။
“ကျနော်တို့ ၂၀၁၂ - ၂၀၁၃ မှာ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတချို့ကို အခုနှစ်ဆန်းက တရုတ် အာဏာပိုင်ထံ လွှဲအပ် တယ်၊ အဲဒီမှာဘာတွေပါလဲဆိုတော့ ယာဘစိတ်ကြွ ဆေးပြား ၁ သိန်း ၃ သောင်းကျော်၊ ဘိန်းမဲ ၆ ပိဿာခွဲ နဲ့ ဘိန်း ဖြူ တချို့ပေါ့။ မနေ့က မွန်းလွဲ ၂ နာရီမှာ မီးရှို့ဖျက်ဆီးလိုက်တာက ဘိန်းဖြူ ၁ ပုလင်း ၊ ယာဘစိတ်ကြွဆေး ပြား (၅၅,၁၇၁) ပြားနဲ့ ဘိန်းမဲ ၆ ပိဿာခွဲ ” ဟု ၇၀၁ တပ်ရင်းမှ အရာရှိတစ်ဦးက ပြောပါသည်။
အဆိုပါအခမ်းအနားတွင် ရဝ၁ တပ်ရင်းမှ အရာရှိက မိန့်ခွန်းပြောကြားရာ မူးယစ်ဆေးတိုက်ဖျက်ရေးတွင် ပြည်သူ လူထုမှ ပူးပေါင်းလက်တွဲကြရန်တိုက်တွန်းပြောကြားသွားခဲ့သည်။
“မူးယစ်ဆေးဟာ ကျနော်တို့ကို နေ့စဉ် ဒုက္ခပေးနေတဲ့ အရာဖြစ်ပါတယ်၊ မူးယစ်ဆေးဟာ တခြားသော လက်နက် ကြီးတွေထက် ကြောက်စရာကောင်းတဲ့ အရာဖြစ်တယ်။ သျှမ်းပြည်သူအားလုံးကလဲကျနော်တို့ နဲ့လက်တွဲပြီး မူး ယစ်ဆေးဝါး တိုက်ဖျက်ကြပါရန် တိုက်တွန်းဖိတ်ခေါ်အပ်ပါတယ် ”
ထို့ပြင် RCSS/SSA သျှမ်းပြည်တပ်မတော် ၇၀၁ တပ်ရင်း ထိန်းချုပ်နယ်မြေတွင်လည်း မူးယစ်ဆေးစွဲသော လူငယ် များ၏ အကျင့်စာရိတ္တပြုပြင်ရေးစခန်းကိုလည်း ခုဆောက်လုပ်နေဆဲဖြစ်ကြောင်း၊ ဆောက်လုပ်ပြီးပါက ဆေးစွဲသူ များအား စတင် ဆေးဖြတ်ပေးမည်ဖြစ်ကြောင်း၊ တဖက်တွင်လည်း မူးယစ်ဆေးဝါးကို အဓိကရန်သူအဖြစ် ရှေ့ ဆက် ဆက်လက် တိုက်ဖျက် သွားမည်ဖြစ် ကြောင်း၎င်းက ဆိုသည်။
မူးယစ်ဆေးဝါးမီးရှို့ပွဲသို့ မူစယ် ၊ နမ့်ခမ်း၊ပန်ဆိုင်း မြို့များမှ နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်များ၊ သျှမ်းစာ/ယဉ် မှ တာဝန်ရှိသူများနှင့် ဒေသခံလူထု နှစ်ရာကျော် လာရောက် အားပေးကြောင်း၊ ညနေစာအား တပ်ရင်း ၇၀၁ မှ တည်ခင်းကျွေးမွေးကြောင်း နမ့်ခမ်းဒေသခံ လုံး စိုင်းယီကပြောသည်။
ယမန်နေ့က မီးရှို့ဖျက်ဆီးလိုက်သောမူးယစ်ဆေးဝါးများနှင့် ယမန်နှစ် ဒီဇင်ဘာလက တရုတ်အာဏာပိုင်ထံ အပ်နှံလိုက်သော မူးယစ်ဆေးဝါး များသည် RCSS/SSA သျှမ်းပြည်တပ်မတော် လှုပ်ရှားရာ နမ့်ခမ်း၊ မူစယ်၊ ပန်ဆိုင်း မြို့များမှ ဖမ်းဆီးရရှိသော မူးယစ်ဆေးဝါးများဖြစ်ကြောင်းသိရှိ ရသည်။
သျှမ်းသံတော်ဆင့်