Wednesday, April 3, 2013

SSPP/SSA မှ အထင်ကရခေါင်းဆောင်ပြောခဲ့သော စကားများနောက်ကွယ်က ငြိမ်းချမ်းရေး မျှော်လင့်ချက်များ

0 comments
ဧပြီ(၃)
တန့်ယန်မြို့  အောင်မင်္ဂလာကျောင်းတိုက်ရှိမှစစ်ဘေးရှောင်ပြည်သူများ


ယနေ့ဧပြီ ၃ ရက်နေ့တွင် ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့၌ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ် အဖွဲ့နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) တို့ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်မည်ဟု လားရှိုးမြို့ခံများ ၏ ပြောဆိုနေမှု များအရ သိရှိရသည်။

မတ်လကုန်မှစပြီး တန့်ယန်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ဒေသခံရွာသူ၊ ရွာသားများ မှာ တန့်ယန်းမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ရာ ယနေ့မနက်ပိုင်းတွင် ခြောက်ရာ နီးပါး ရှိပြီဟု တန့်ယန်းမြို့ခံ များ၏ပြောပြချက်အရ သိရသည်။

“တိုက်ပွဲတွေဆက်ဖြစ်နေရင်တော့ ဒေသခံတွေအတွက် ဒုက္ခပါပဲ၊ တန့်ယန်းမြို့ပေါ်မှာ နေတယ်ဆိုတာ ကလည်း ရက်အကန့်အသတ်ရှိတယ်လေ၊ မြို့ခံတွေလည်း တိုက်ပွဲဖြစ်တော့ သွားရေး၊ လာရေးကအစ အခက်အခဲဖြစ်နေ ရတာ၊ ဈေးဆိုင်တွေလည်းရောင်းမကောင်းတော့ဘူး၊ ကြာရင်တော့ အားလုံး စားဝတ်နေရေး ကြပ်တည်းပြီး ဒုက္ခသည်တွေ ဖြစ်သွားမှာလေ၊ ဒီတိုက်ပွဲတွေ ဆက်မဖြစ်ဘဲ အေးအေး ချမ်းချမ်းနေရဖို့ မျှော်လင့်မိပါတယ်” ဟု တန့်ယန်းမြို့ခံ ကုန်စုံပိုင်ရှင်တစ်ဦးမှ ပြောပြချက် အရသိရသည်။

“လားရှိုးက မိတ်ဆွေတွေ ဖုန်းဆက်ပြောလာတယ်၊ ဒီနေ့မနက်လားရှိုးမှာ အစိုးရအဖွဲ့နဲ့ ရှမ်းပြည် တိုးတက်ရေးပါတီတို့ ဆွေးနွေးပွဲလုပ်မယ်လို့ကြားတယ်၊ ဒီတိုက်ပွဲတွေဆက်မဖြစ်အောင် ဆွေးနွးကြမှာ လို့ ဒေသခံတွေ မျှော်လင့်နေကြတာပဲ၊ တိုက်ပွဲတွေဆက်ဖြစ်ရင် နယ်မြေ မအေးချမ်းဘူး၊ နယ်မြေ မအေးချမ်းတော့ ဘာစီးပွားရေးမှ မလုပ်ရဘူး၊ ပြီးရင် သားသမီးတွေရဲ့ ပညာရေးနဲ့ ရှေ့ရေးအတွက် လည်း စိတ်ပူရတာပေါ့ဗျာ၊ ကျွန်တော်တို့ ဒေသခံတွေကြားမှာ  တိုးတိုးတိတ်တိတ် ပြောမိကြတဲ့ စကားရှိပါတယ်၊ အဲဒါကဘာလဲဆိုတော့ရှမ်းပြည်တိုးတက်ရေးပါတီက ခေါင်းဆောင်ပြောလိုက်တဲ့လက်နက်လုံးဝမစွန့်လွှတ်ဘူး ဆိုတဲ့ စကားကြောင့် တိုက်ပွဲဆက်ဖြစ်နေတာလို့ ယူဆနေကြတယ်၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ဒေသခံ တိုင်းရင်းသားအားလုံးကတော့ အမြဲတမ်းငြိမ်းချမ်းဖို့ကိုပဲ မျှော်လင့်နေမိပါတယ်”ဟုတန့်ယန်းမြို့ပေါ်ရှိ    ကျောင်းဆရာ တစ်ဦး၏ ပြောပြချက်အရ သိရသည်။

အကယ်၍ ဒေသခံများမျှော်လင့်သလို လားရှိုးမြို့၌ ဆွေးနွေးပွဲအထမြောက်အောင်မြင်ခဲ့ပါက တိုက်ပွဲများ ရပ်တန့်ပြီး တန့်ယန်းမြို့ပေါ်ကိုထွက်ပြေးလာကြသော ရွာသူ၊ ရွာသားများ မိသားစုများလည်း နေရပ် ကိုပြန်ခွင့် ရကြမည်။ SSPP/SSA အထင်ကရခေါင်းဆောင်ပြောလိုက်သော စကားများ နောက်ကွယ် မှာ ဒေသခံ တိုင်းရင်းသားများ၏ ငြိမ်းချမ်းရေးမျှော်လင့်ချက်တွေ ရှိနေတယ်ဆိုတာ ဒေသခံတစ်ဦးအနေနဲ့ ရင်ဖွင့်ပြောပြ လိုက်ပါသည်။
တန့်ယန်းမြို့ခံတစ်ဦး

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here