ဧပြီ(၄)
ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့၌
မတ်လ(၂၁)ရက်နေ့တွင် ကျင်းပခဲ့သော ရှမ်း-ကယားငြိမ်းချမ်းရေး အတွက် ယုံကြည်မှု
တည်ဆောက်ခြင်းဆွေးနွေးပွဲမှ ပြည်နယ်ခွဲထွက်ရေးတောင်းဆိုမှုများသည် ယနေ့ အချိန်ထိ
ရှမ်းနှင့် “၀” တိုင်းရင်းသား များအကြား ဂယက်ရိုက်နေဆဲဖြစ်သည်ဟု
လားရှိုးမြို့ခံ တစ်ဦး ၏ ပြောပြချက်အရ သိရှိရသည်။
“အဲဒီဆွေးနွေးပွဲမှာ
“၀” ပြည်နယ်ထူထောင်ဖို့ UWSP/UWSA အဖွဲ့က တောင်းဆိုတယ်။ ၁၉၉၃ ခုနှစ်ကတည်းက တောင်းဆိုလာတယ်လို့
ပြောတာပဲ။ “၀”ပြည် မထူနိုင်သရွေ့ ဆက်ပြီးတောင်း ဆိုသွားမယ်လို့
“၀”တပ်ဖွဲ့ကိုယ်စားလှယ် တစ်ဦးက ပြောသွားတယ်လို့ သိရတယ်။ အဲ့ဒီဆွေးနွေးပွဲမှာပဲ
SSPP/SSA အဖွဲ့က ဗိုလ်ချုပ်ဆေထင်ကလည်း ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ဖို့
ပြောသွား တယ်လို့ ပြောသံကြားတယ်။ SNLD ပါတီက ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်ကလည်း
ရှမ်း ပြည်နယ်ကို ဖက်ဒရယ်ပြည်ထောင်စု လုပ်သင့်တယ်ဆိုပြီး ပြောသွားတယ်လို့ သိရတယ်။
ကျွန်တော်တို့ ရှမ်းနဲ့ “၀” ဆိုတာ ဟိုးအရင်ကတည်းက ဒီရှမ်းပြည်နယ်ထဲမှာ
နေလာခဲ့ကြတာပဲ။ အဲဒီလိုသာ ခွဲထွက်ကြမယ် ဆိုရင် ပြည်ထောင်စုကြီးထဲက ကယားပြည်နယ်တွေလည်း
ခွဲထွက်သွားနိုင်တယ်။ ဒါဆိုရင် ပြည်ထောင် စုကြီး ပြိုကွဲပြီပေါ့ဗျာ၊ ဒါကိုတော့
ကျွန်တော် လုံးဝ လက်မခံဘူး” ဟု လားရှိုးမြိုကခံဝန်ထမ်း တစ်ဦး က ပြောပြသည်။
UWSP/UWSA
အဖွဲ့သည် “၀”ပြည်ထူထောင်နိုင်ရေး တောင်းဆိုသည်မှာ မြန်မာနိုင်ငံထဲမှ ခွဲထွက်ပြီး
ကိုယ်ပိုင်ဥပဒေ ပြဋ္ဌာန်း၊ ကိုယ်ပိုင်အုပ်ချုပ်၊ ကိုယ်ပိုင်စီးပွားရေးကို
စိတ်တိုင်းကျ ပြုပြင်လုပ်ကိုင် လို၍သာဖြစ်ပါသည်။ ထို့ပြင် “၀” ဒေသသည် တစ်ဖက်
တရုတ်နိုင်ငံ၏ ထောက်ပံ့မှုများစွာကို ရယူပြီး တရုတ်လူမျိုးများ၏ လက်အောက်ခံ လူမျိုးအဖြစ်
ခံယူနေကြသည် ဟု အခြားတိုင်းရင်းသားများ က မြင်နေကြပြီဖြစ်သည်။ “၀” ပြည်နယ်ကို
တရုတ်က လွှမ်းမိုးချုပ်ကိုင်ပြီး ရှမ်းပြည်နယ်ကိုပါ ထိပါး လာမှာဖြစ်သည့်အတွက်
ရှမ်းတိုင်းရင်းသားများက လက်မခံကြပေ။
သိုဖြစ်၍
UWSA/UWSP အဖွဲ့၏ “၀” ပြည်ထူထောင်ရေးသည် တိုင်းရင်းသားအချင်းချင်းကြား
အထင်မြင်လွဲမှားမှုများ ဖြစ်ပေါ်လာပြီး ပြည်ထောင်စုတစ်ခုလုံး ပြိုကွဲသွားမည်ကို
ရှမ်းပြည်နယ်၌နေ ထိုင်သော ရှမ်း၊ ပအို့ဝ်၊ လားဟူနှင့် တိုင်းရင်းသားအားလုံးက
မလိုလားသည့်အတွက် “၀” ပြည် ထူထောင်ရေး မျှော်လင့်ချက်သည် မှုန်ဝါးဝါးနှင့်သာ ပျောက်ကွယ်သွားတော့မည်ဖြစ်ပါကြောင်း ထာဝရ ငြိမ်းချမ်းရေးလိုလားသော ဒေသခံတိုင်းရင်းသားတစ်ဦးအနေဖြင့်
အသိပေး လိုက်ချင်ပါသည်။
ရှမ်းပြည်နယ်သား တစ်ဦး
