Sunday, June 23, 2013

တရုတ်ငွေဈေးမြင့်တက်လာမှုကြောင့် ကုန်သည်များအခက်တွေ့

0 comments
ဇွန်လ ၂၃ ရက်


တရုတ်ယွမ်ငွေ ဈေးမြင့်တက်လာမှုကြောင့် မူဆယ်မြို့အတွင်းရှိ အခြေခံ မြန်မာကုန်သည်များနှင့် ဈေးရောင်း/ဈေးဝယ်များ အခက်တွေ့နေရကြောင်းသိရသည်။

“သင်္ကြန်ပြီး ကတည်းက ငွေဈေးတက်တာ အခုထိပြန်မကြသေးဘူး။ တက်တော့လည်း တအိအိနဲ့ တက်လာတာဆိုတော့ ကုန်သည်တွေ ခက်ပြီပေါ့။

ကျွန်မတို့ဆိုရင် ဒီနေ့ရောင်းတဲ့ငွေ နောက်နေ့ပြန်ဝယ်တဲ့အချိန်မှာ ၀ယ်လို့ မရတော့ဘူး”ဟု မူဆယ်မြို့ နာရီစင်အနီးတွင် ငွေလဲလုပ်ငန်း လုပ်ကိုင်နေသူ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

သင်္ကြန်ကာလတွင် တရုတ်ငွေ တစ်ယွမ်လျှင် မြန်မာကျပ်ငွေ (၁၃၀)ကျပ် ရှိနေရာမှ တဖြည်းဖြည်း တက်လာကာ ယခုအခါတွင် တရုတ်ငွေ တစ်ယွမ်လျှင် မြန်မာကျပ်ငွေ (၁၆၂)ကျပ်ထိ ရောက်ရှိလာသဖြင့် အခြေခံ မြန်မာကုန်သည်များမှာ အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

တရုတ်နိုင်ငံရွှေလီမြို့မှ မြန်မာနိုင်ငံ မူဆယ်မြို့သို့ ကုန်ကူးသန်း ရောင်းဝယ်နေသော ဒေသခံတစ်ဦးက “တရုတ်ငွေ ဈေးတက်တော့ ကျွန်တော်တို့ ကုန်သည်တွေ ငွေလဲတဲ့နေရာမှာ မြန်မာငွေ ပိုပေးရသလို ပစ္စည်းဝယ်တဲ့ နေရာမှာလည်း ပစ္စည်းတစ်ခုချင်းစီအလိုက် ငွေပိုပေးနေရတော့ မကိုက်ကြဘူး”ဟု ပြောကြားသည်။

တရုတ်နိုင်ငံ ရွှေလီမြို့တွင် မြန်မာနိုင်ငံမှ သွားရောက်အလုပ်လုပ်ကိုင်သော အလုပ်သမားများမှာ တရုတ်ငွေဈေးတက်လာသဖြင့် မြန်မာကျပ်ငွေပိုမိုရရှိကာ တွက်ချေကိုက်ကြကြောင်း ရွှေလီမြို့၊ ထိုက်လီဈေးအတွင်း အလုပ်လုပ်နေသူ ရှမ်းအမျိုးသမီးတစ်ဦးမှ ပြောကြားသည်။

တရုတ်ယွမ်ငွေ ဈေးတက်သောကြောင့် ကုန်သည်များ အသွားအလာနည်းပါးလာပြီး မူလက လားရှိုး-မူဆယ် ခရီးအား နေ့ချင်းပြန်သွားနေရာမှအခုအခါ ညအိပ်နေရကြောင်း လားရှိုးမြို့မှ လိုင်းကားဆရာ တစ်ဦးက ပြောကြားသည်။

စိုင်းကံသာ (လားရှိုး)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here