Monday, December 2, 2013

မန်စီစစ်ပြေးဒုက္ခသည်များ အအေးဒဏ်ရင်ဆိုင်ရန် အကူအညီလိုအပ်နေ

0 comments
2.12.2013

ကချင်ပြည်နယ်၊ မန်စီမြို့နယ်အနီး အောက်တိုဘာနှင့် နိုဝင်ဘာလအတွင်း တပ်မတော်နှင့် ကေအိုင်အေ တို့ အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မန်ဝိုင်းကြီး ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိနေသည့် စစ် ဘေးရှောင် ဒုက္ခသည် ၄,၀၀၀ ကျော်သည် အိမ်ပြန်ရန် ကြောက်ရွံ့နေ ဆဲဖြစ်ပြီး အေးလွန်း လှ သည့် ဆောင်းရာသီ ဒဏ်ကိုခံနိုင်ရန် အကူအညီများ လိုအပ်နေသည်ဟု ကယ်ဆယ်ရေးစခန်း တာဝန်ခံ ဖာသာ ခါးလိက မဇ္ဈိမကို ပြောဆိုသည်။

“အခုက တိုက်ပွဲမဖြစ်တော့ပေမယ့် တပ်မတော်ဘက်က စစ်ကြောင်းတွေက နမ့်လင်းပါအထိ ရှိနေသေးတယ်။ မုန်းဒိမ်ပါ ရွာဘက်မှာလည်း ရှိနေသေးတယ်၊ အဲ့တော့ရွာသားတွေက ဘယ်လိုမှ အခုလပိုင်းမှာ တော့ ပြန်ဖြစ်မယ် မထင်ဘူး” ဟု ပြောသည်။

ထို့ကြောင့် ကယ်ဆယ်ရေးစခန်းတွင် ဒီဇင်ဘာလအထိ စားနပ်ရိက္ခာ လုံလောက်မှုရှိသော် လည်း ဆောင်းရာသီ သုံး ဆောင်၊ အနွေးထည်များ မလုံလောက်မှု ကြုံတွေ့နေရသည်ဟု အဆိုပါ တာဝန်ရှိသူက အသိ ပေးသည်။

ယင်းကိုဖြည့်ဆည်းနိုင်ရန် ဗန်းမော်အခြေစိုက် ကရုဏာလူမှုကယ်ဆယ်ရေး အဖွဲ့က စီစဉ်ပေးမည်ဖြစ် သော်လည်း လုံလောက်ရန်မှာမူ မဖြစ်နိုင်သေးဟု အဆိုပါအဖွဲ့တာဝန်ရှိသူ ကိုနော်ဒင့်က ပြောသည်။
လက်ရှိတွင် စစ်ဘေးရှောင်ဒုက္ခသည်များကို ရွက်ဖျင်တဲများတွင်သာနေရာချ ပေးထားနိုင်သဖြင့် တဲများ၊ ယာယီ အိမ်များ၊ အနွေးထည်နှင့် စောင်များဖြည့်ဆည်းရန် စီစဉ်နေခြင်း ဖြစ်သည်။

“ဆောင်း အရမ်းဆိုးလာရင် ဒီလူတွေ ပိုဆိုးမယ်၊ တတ်နိုင်သလောက်တော့ လိုက်လုပ်ပေးရမယ်၊ လုံလောက်အောင်တော့ ကျွန်တော်တို့တွေနဲ့ပဲ မဖြစ်နိုင်ဘူး” ဟု ကိုနော်ဒင့်က ရှင်းပြသည်။ အဖွဲ့ အနေဖြင့် ဒီဇင်ဘာ ၃ရက်တွင် မန်ဝိုင်းကြီးသို့ သွားရောက်ကူညီရန် စီစဉ်ထားပြီး ဖြစ်သည်။

ကယ်ဆယ်ရေးစခန်းသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်ပြည်သူများမှာ မန်စီမြို့နယ်အတွင်းရှိ ရွာ ၁၁ ရွာတွင် နေထိုင်ကြသူများဖြစ်သည်။ အဆိုပါ နယ်မြေသည် ကေအိုင်အေ တပ်မဟာ ၃ တပ်ရင်း ၁၂ နှင့် ၁၇ တို့ အခြေစိုက်ရာဒေသလည်း ဖြစ်သည်။ တိုက်ပွဲများသည် ယင်းဒေသသို့ လမ်းကြောင်း ကျွမ်းကျင် ရန်ဟု အကြောင်းပြချက်ဖြင့် တပ်မတော်စစ်ကြောင်းများ ၀င်ရောက်လာချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည် ဟု ဒေသခံ တို့က ပြောဆိုသည်။

အဆိုပါ စစ်ဘေးရှောင်ပြည်သူများကို ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်ကလည်း ကူညီ ကယ်ဆယ်ရေး ဆောင်ရွက်ပေးမည်ဟု ရန်ကုန်မြို့သို့ နိုဝင်ဘာလအတွင်း လာရောက်စဉ် မီဒီယာများ သို့ ပြောခဲ့ဖူးသည်။

ထို့ပြင် ကေအိုင်အေအနေဖြင့် တိုက်ပွဲများကြောင့် ဆွေးနွေးပွဲများကို ရပ်တန့်မည်မဟုတ်ဘဲ ဒေသတွင်း ငြိမ်းချမ်းဖော်ဆောင်နိုင်ရန် ဆက်လက် ဆောင်ရွက်သွားမည်ဟုလည်း ဗိုလ်ချုပ်ဂွန်မော် ကတိပြုခဲ့သေးသည်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here