Tuesday, June 11, 2013

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ရဲကင်းများ ထားပြီ

0 comments

ဇွန်လ ၁၁ ရက်

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ဘေးအန္တရာယ် လုံခြုံစိတ်ချမှု ရှိစေရေးအတွက် အမြန်လမ်းမကြီး တစ်လျှောက် သုံးမိုင်လျှင် ရဲကင်း တစ်ခုစီဖြင့် ဆောင်ရွက်လျက်ရှိကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့ ရဲမှူးကြီးနေဝင်း က ပြောသည်။ 

အမြန်လမ်းမကြီးတစ်လျှောက် လုံခြုံစိတ်ချစေရေးအတွက် အမြန်လမ်း ရဲတပ်ဖွဲ့ကို ၂၀၁၂ ခုနှစ် မေ ၂၀ ရက်မှ စတင်ဖွဲ့စည်းကာ ယခုအခါ ရဲတပ်ဖွဲ့မှူးရုံး တစ်ရုံး၊ ရဲစခန်း ၁၄ ခုနှင့် သုံးမိုင်လျှင် ရဲကင်းတစ်ခုစီဖြင့် အမြန်လမ်းမကြီး တစ်လျှောက် ရဲကင်းပေါင်း ၄၀၊ ရဲတပ်ဖွဲ့ဝင် ၇၀၀ ကျော်ဖြင့် ကင်းလှည့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

ရဲမှူးကြီးနေဝင်းက “အမြန်လမ်း လုံခြုံရေးအတွက် လမ်းမကြီးတစ်လျှောက် အရေးပေါ် ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်တွေ အသိပေး ဆိုင်းဘုတ်တွေ တပ်ဆင်ပေးထားသလို လမ်မကြီး တစ်လျှောက်မှာရှိတဲ့ ရဲစခန်းတိုင်းမှာလဲ ဆက်သွယ်လို့ရမယ့် ဖုန်းတွေ တပ်ဆင်ပေးထားတယ်” ဟု ဆိုသည်။ 

ယင်းက ဆက်လက်၍ အမြန်လမ်းမကြီးတွင် အရေးပေါ် အခြေအနေများ ဖြစ်ပေါ် လာပါက ဖြေရှင်းနိုင် ရန် ရဲစခန်းတစ်ခုလျှင် ပစ္စည်းကိရိယာ အပြည့်အစုံပါသည့် လူနာတင်ယာဉ် တစ်စီး ထားရှိကြောင်း၊ အမြဲမပြတ် ကင်းလှည့်နိုင်ရန်အတွက် ကင်းလှည့်ယာဉ် တစ်စီးစီ ထားရှိပေးထားကြောင်း ဆိုသည်။ 

အမြန်လမ်းမကြီး တစ်လျှောက်တွင် မော်တော်ယာဉ်များ အရှိန်တိုင်းတာရေး မိုဘိုင်းအဖွဲ့တစ်ဖွဲ့က ရန်ကုန်-မန္တလေး၊ မန္တလေး-နေပြည်တော်ရှိ နေရာသုံးနေရာတွင် ဖမ်းဆီးတိုင်းတာလျက်ရှိပြီး ဧပြီ ၁ ရက်မှ ယနေ့အထိ ယာဉ်အစီးရေ ၁၀၀၀ ခန့် အရေးယူ ဆောင်ရွက်ပြီးဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၁၁ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Khit Lu Nge

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here