Friday, June 7, 2013

နယ်စပ်စခန်းများမှ ITC ကတ်ဖြင့် ကုန်သွယ်မှုပမာဏ ကျပ် ၁ ဒသမ ၃ ဘီလျံကျော် ရှိလာပြီး နယ်စပ်စခန်း ၁၃ ခုအနက် ခုနစ်ခုတွင်သာ ကုန်သွယ်မှုပြုလုပ်နေ

0 comments

ဇွန်လ ၇ ရက်
 

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းတွင် ကုန်ပစ္စည်းများအား စစ်ဆေးနေစဉ် 

နယ်စပ်ကူးသန်းရောင်းဝယ်ရေး စခန်းများမှ တစ်ဦးတည်းပိုင် ထုတ်ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင် (ITC) ကတ်ဖြင့် ကုန်သွယ်မှု ပမာဏမှာ မေ ၂၇ ရက်အထိ ကျပ် ၁ ဒသမ ၃ ဘီလျံ ရှိလာပြီဖြစ်ပြီး ITC ကတ်ဖြင့် ကုန်သွယ်ခွင့်ပြုထားသည့် နယ်စပ်စခန်း ၁၃ ခုအနက် ခုနစ်ခုတွင်သာ ကုန်သွယ်မှု ပြုလုပ်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သတင်းရရှိသည်။

ကူးသန်းရောင်းဝယ်ရေး စခန်းခုနစ်ခုမှ စုစုပေါင်း ကုန်သွယ်မှု ပမာဏမှာ ကျပ် ၁၃၀၄၆၅၄၀၂၉ ဖြစ်ပြီး ပို့ကုန်တင်ပို့မှုမှ ကျပ် ၂၃၅ သန်း၊ သွင်းကုန်တင်သွင်းမှုမှ ကျပ်သန်းတစ်ထောင်ကျော် ရှိကြောင်း သိရှိရသည်။
ITC ကတ်ဖြင့် ကုန်သွယ်မှု ခွင့်ပြုထားသည့် နယ်စပ်ကူးသန်းရောင်းဝယ်ရေး စခန်း ၁၃ ခုမှာ တမူး၊ မူဆယ်၊ မြ၀တီ၊ တာချီလိတ်၊ လွယ်ဂျယ်၊ စစ်တွေ၊ မောင်တော၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ မြိတ်၊ ကော့သောင်း၊ ရိဒ်၊ ထန်တလန် ကုန်သွယ်ရေးစခန်းများ ဖြစ်ကြောင်း သိရသည်။

အဆိုပါ စခန်း ၁၃ ခုအနက် မူဆယ်၊ တမူး၊ မြ၀တီ၊ တာချီလိတ်၊ လွယ်ဂျယ်၊ စစ်တွေ၊ ကန်ပိုက်တီး စခန်းများတွင်သာ ITC ကတ်ဖြင့် ကုန်သွယ်မှု ပြုလုပ်နေပြီး မောင်တော၊ ချင်းရွှေဟော်၊ မြိတ်၊ ကော့သောင်း၊ ရိဒ်နှင့် ထန်တလန် စခန်းများတွင်မူ အဆိုပါကတ်ဖြင့် ကုန်သွယ်မှု မရှိသေးကြောင်း သိရသည်။

တစ်ဦးတည်းပိုင် ကုန်သွယ်မှုကတ်ဖြင့် ကုန်သွယ်မှုပြုနိုင်ရန် ၂၀၁၂ ခုနှစ်အတွင်း တမူးနှင့် မူဆယ်၊ မြ၀တီနယ်စပ် စခန်းများမှ စတင်ခွင့်ပြုခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် နယ်စပ်စခန်း ၁၀ ခုတွင် တစ်ဦးတည်းပိုင် ကုန်သွယ်မှုကတ်ဖြင့် ကုန်သွယ်မှု ပြုနိုင်ရန် ထပ်မံခွင့်ပြု ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တစ်ဦးတည်းပိုင် ကုန်သွယ်ရေးကတ်ဖြင့် နယ်စပ်ကူးသန်း ရောင်းဝယ်ရေး စခန်းများမှ ကုန်သွယ်မှု ပြုရာတွင် သွင်းကုန်တင်သွင်းခြင်းမှာ အများဆုံးဖြစ်ပြီး ပို့ကုန်တင်ပို့ခြင်းမှာ အနည်းငယ်သာ ရှိကြောင်း သိရသည်။
ITC ကတ်ဖြင့် ကုန်သွယ်မှုပြုနိုင်ရန် ကတ်ထုတ်ပေးမှု စုစုပေါင်းမှာ မေ ၂၇ ရက် အထိ ၃၇၅ စောင်ရှိပြီး မူဆယ် ကူးသန်းရောင်းဝယ်ရေး စခန်းမှ ၁၄၈ စောင်ဖြင့် ITC ကတ်အများဆုံး ထုတ်ပေးခဲ့ကြောင်း သိရသည်။

EMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here