Friday, June 7, 2013

ကချင်စစ်ပွဲ ကျည်ဆန်ခွံများဖြင့် သွန်းလောင်းထားသည့် ငြိမ်းချမ်းရေး ဆုတောင်းပြည့် ကြေးဆင်းတုတော် လိုင်ဇာသို့ ပင့်ဆောင်ပူဇော်မည်

0 comments

ဇွန်လ ၇ ရက်
 
 
ကချင်စစ်ပွဲမှ ကျည်ဆန်ခွံများဖြင့် သွန်းလုပ်ထားသော ငြိမ်းချမ်းရေး ဆုတောင်းပြည့် ကြေးဆင်းတုတော်အား တွေ့ရစဉ်
ကချင်စစ်ပွဲမှ ရရှိခဲ့သည့် ကျည်ဆန်ခွံများဖြင့် သွန်းလောင်းထားရှိသည့် ငြိမ်းချမ်းရေး ဆုတောင်းပြည့် ကြေးဆင်းတုတော်ကို လိုင်ဇာမြို့သို့ ပင့်ဆောင်ပူဇော်သွားမည် ဖြစ်ကြောင်း ဘုရားဖြစ်မြောက်ရေး အကျိုးတော်ဆောင် သံဃာအဖွဲ့မှ စုံစမ်းသိရှိရသည်။

မနောဝိမုတ္တိရသငြိမ်းချမ်းရေးဆုတောင်းပြည့်ဘွဲ့တော်ရ ကြေးဆင်းတုတော်ကို ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လမ်းလျှောက်အဖွဲ့မှ ကချင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော စစ်ပွဲများ၌ နှစ်ဖက်တပ်များ အသုံးပြုခဲ့သော ကျည်ဆန်ခွံများကို ကောက်ယူကာ ၂၀၁၃ ခုနှစ် ဧပြီ ၁၉ ရက်တွင် မန္တလေးမြို့ မဟာမုနိဘုရားကြီး ဗောဓိပင်စောင်တန်းရှိ ဦးဖဲ ကြေးသွန်းဘုရားဆိုင်တွင် ကြေးဆင်းတုတော် သွန်းလောင်းရန် အပ်နှံထားရှိခဲ့ပြီး ယခုအခါ သွန်းလောင်းပြီးစီးပြီဖြစ်၍ မကြာမီ လိုင်ဇာမြို့သို့ ပင့်ဆောင် ပူဇော်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

''ဆင်းတုတော်ကိုတော့ ကြေးသွန်းဆိုင်ကနေ ဘုရားကြီး ရေတော်တိုက်မှာ ပင့်ဆောင်ထားပါတယ်။ ဘုရားဖြစ်မြောက်ရေး အကျိုးတော်ဆောင် သံဃာအဖွဲ့ရဲ့ အစီအစဉ်အတိုင်း ဆောင်ရွက်သွားမှာပါ'' ဟု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လမ်းလျှောက်အဖွဲ့မှ နာယက ဦးဝင်းချိုက ပြောကြားသည်။

''ကြေးဆင်းတုတော်ကို မန္တလေးမှာ အနေကဇာတင်ပြီး ပူဇော်ခံထားရှိဦးမှာပါ။ လိုင်ဇာမြို့မှာရှိတဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး မြေနေရာရပြီဆိုမှ ဘယ်လို အပူဇော်ခံ ထားရှိသွားမယ်ဆိုတာ သိရမှာ။ ပူဇော်ခံထားရှိတဲ့ ရည်ရွယ်ချက်က အဲ့ဒီမှာရှိတဲ့ ပြည်သူ၊ ပြည်သားတွေနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေအပြင် မြန်မာတစ်ပြည်လုံးကနေ ကမ္ဘာတစ်ဝန်းလုံး ငြိမ်းချမ်းစေချင်တဲ့ သဘောနဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်'' ဟု ဘုရားဖြစ်မြောက်ရေး အကျိုးတော်ဆောင် သံဃာအဖွဲ့မှ ဆရာတော် ဦးဝိသုတက မိန့်ကြားသည်။

ကြေးဆင်းတုတော်၏ ဉာဏ်တော်မှာ ပလ္လင်အပါအ၀င် ၂၇ လက်မနှင့် အလေးချိန် မှာ ၁၁ ပိဿာရှိပြီး ဓမ္မစင်္ကြာ တရားဦးဟောကြားနေသည့် ဓမ္မစက္ကမုဒြာဟန် ဖြစ်ကြောင်း၊ ဇွန် ၉ ရက်၌ မန္တလေးမြို့တွင် ကျင်းပမည့် ကချင်စစ်ပွဲ နှစ်နှစ်ပြည့် အခမ်းအနားတွင်လည်း အပူဇော်ခံ ထားရှိနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။


EMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here