ဇူလိုင်လ(၂၉)ရက်

ဆယ့်နှစ်ပေပတ်လည်ခန့် အကျယ်ရှိသော ဇာနည်မယ် ဖြူဖြူဝင်း ခြင်းလုံး အားကစားရုံတွင် ဆယ်ကျော်သက်အရွယ် အမျိုးသမီးငယ်တစ်ဦး တစ်ပင်တိုင် ခြင်းအလှခတ် ကစားရန် လေ့ကျင့်နေသည်ကို တွေ့ရသည်။ သူမမှာ အသက် ၁၁ နှစ်အရွယ်သာ ရှိသေးသော ဆဋ္ဌမတန်းကျောင်းသူ မြန်မာ့ရိုးရာခြင်းလုံး အားကစားမယ် မေဖူးဟန်ပင် ဖြစ်သည်။
မြန်မာ့ရိုးရာ ခြင်းလုံးပညာ၏ အခြေခံ ခြေဖျားတော့နည်းကို စသင်ချိန်က နှစ်ချက်ပင်မတော့နိုင် သော်လည်း ယခုအခါ တစ်ကြိမ်တော့လျှင် အကြိမ်နှစ်သောင်းကျော်အထိ တော့နိုင်သည့် ရိုးရာခြင်းလုံး ပါရမီရှင် ဖြစ်နေပေပြီ။
လက်ဆင့်ကမ်းအမွေခံယူသူ
အဘိုးဖြစ်သူမှာ မြန်မာ့ရိုးရာ ခြင်းလုံးပညာရှင် တစ်ဦးဖြစ်သလို ဖခင်ဖြစ်သူမှာ မြန်မာနိုင်ငံ ရိုးရာခြင်းလုံး အဖွဲ့ချုပ်နှင့် အပြည်ပြည်ဆိုင်ရာ ခြင်းလုံးဒိုင်လူကြီး တစ်ဦးဖြစ်ပြီး မိခင်မှာလည်း မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်နှင့် စက်မှုဝန်ကြီးဌာန လက်ရွေးစင် ဇာနည်မယ်တစ်ဦး ဖြစ်သောကြောင့် မျိုးရိုးစဉ်ဆက် ရိုးရာခြင်းလုံး ကစားသူများဟု ဆိုနိုင်သည်။
မြန်မာ့ရိုးရာ ခြင်းလုံးပညာကို မိခင်ဖြစ်သူ ကစားရာနောက်လိုက်ရင်း တစစစိတ်ဝင်စားရာက ၂၀၀၉ ခုနှစ်တွင် စတင်သင်ကြားခဲ့ပြီး မြောက်ဥက္ကလာပမြို့နယ် အမှတ် (၈) အခြေခံပညာ အလယ်တန်းကျောင်း၏ ပညာရေး စုံညီပွဲတော်တွင် သူ၏ခြင်းလုံးပညာအစွမ်းကို ပထမဆုံး ပြသခွင့်ရခဲ့သူတစ်ဦး ဖြစ်သည်။
ထိုအချိန်က၍ မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်၏ သရုပ်ပြပွဲများဖြစ်သည့် ရန်ကုန်တက္ကသိုလ် စိန်ရတု သဘင်အခမ်းအနား၊ လက်ပံတန်းမြို့၏ အာစရိယ ပူဇော်ပွဲ၊ ကျိုက်ထီးရိုးဘုရားပွဲ၊ ပဲခူးမြို့ရှိ တပြားဘုရားပွဲများနှင့် အိုလံပစ်နေ့ အထိမ်းအမှတ်ပွဲများတွင် ခြင်းအလှ ခတ်ကစားခဲ့ရာ ၂ နှစ်အတွင်း ပွဲပေါင်းနှစ်ဆယ်ကျော် ကစားပြီး ဖြစ်သည်ဟု သူမကဆိုသည်။
“လက်ပံတန်းတုန်းက စတိတ်ခုံပေါ်မှာ ခတ်ပြတာ အောက်ကဆလိုက်မီးတွေ ကစားလို့ မျက်လုံးကို မီးထိုးတော့ ကစားရခက်တာ အမှတ်ရတုန်းပဲ” ဟု သူမကစားခဲ့သည့် ပွဲများအနက် အမှတ်တရဖြစ်ပုံကို ပြောပြသည်။
ကျောင်းပညာရေးတွင်လည်း သူငယ်တန်းမှစ၍ ပဉ္စမတန်းအထိ အဆင့်တစ်မှ အဆင့်လေးအတွင်း နှစ်စဉ် ရရှိခဲ့သောကြောင့် ပညာရေးတွင်လည်း ထူးချွန်သူဟု ဆိုရပေမည်။
“အ.လ.က (၈) ကနေ အ.ထ.က (၃) ကို ပြောင်းမယ်ဆိုတော့ ကျောင်းအုပ်ကြီးက ပြောင်းခွင့် မပေးချင်ဘူး။ မေမေ နေပြည်တော်ကို တာဝန်နဲ့ ပြောင်းရမှာဆိုလို့သာ ကျောင်းပြောင်းခွင့်ပေးတာ” ဟု ၎င်းကပြောပြသည်။ ပညာရေးတွင်သာမက အားကစားပါ ထူးချွန်သည့် ကျောင်းသူတစ်ဦးကို အမှတ် (၈) အခြေခံပညာ အလယ်တန်းကျောင်း အနေဖြင့် လက်လွတ်ခဲ့ရသည်။
အားကစားကို အားပေးသည့်ကျောင်း
လက်ရှိပညာသင်ကြားနေသည့် ကျောင်း၏ ကျောင်းအုပ်ကြီးမှာ ပညာရေးသာမက အနုပညာနှင့် အားကစား ထူးချွန်သူများကို အားပေးသူတစ်ဦးဖြစ်ရာ စာသင်နေသည့် ကျောင်းချိန်တွင် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲအတွက် ယဉ်ကျေးမူဝန်ကြီးဌာနက သရုပ်ပြကစားပေးရန် ခေါ်ယူခဲ့ချိန်၌ နိုင်ငံတော်အဆင့် ပြိုင်ပွဲ၌ သရုပ်ပြကစားရမည် ဖြစ်သောကြောင့် ကျောင်း၏ ဂုဏ်ကိုဆောင်နိုင်သည့် အားကစားသမားတစ်ဦးအဖြစ် ဂုဏ်ယူအားပေးခဲ့သည်ဟု သူမကဆိုသည်။
ထို့သို့ ကျောင်းအုပ်ဆရာကြီးက ပညာရေးသာမက အားကစားကိုပါ အားပေးသောကြောင့် သူမကို အားကျသည့် ကျောင်းနေဖက် သူငယ်ချင်းလေးဦးက သူမ၏ မိဘများဖွင့်ထားသည့် ဇာနည်မယ် ဖြူဖြူဝင်း ခြင်းလုံးအားကစားရုံတွင် သင်ယူနေကြပြီ ဖြစ်သည်။
“သူငယ်ချင်းတွေနဲ့ဆိုရင် တစ်ပင်တိုင်ခြင်း အလှအပြင် အိမ်မှာလည်း ဝိုင်းအလှခြင်းခတ်လို့ရပြီ” ဟု မေဖူးဟန်က ဆိုသည်။
မြန်မာ့ရိုးရာခြင်းလုံးပေါ် သူမ၏အမြင်
၂၀၁၂ ကမ္ဘာ့အိုလံပစ်နေ့က အမေရိကန် ပြည်ထောင်စုမှ ကမ္ဘာကျော် NBA, WNBA တို့မှ ဘတ်စကက်ဘောလုံး အားကစားသမားများနှင့် ဥရောပ တိုက်သားများရှေ့တွင် တစ်ပင်တိုင် ခြင်းအလှ၊ မီးကွင်းခြင်းအလှခတ် ကစားပုံတို့ကို သရုပ်ပြကစားနိုင်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။
(၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ၏ ဖွင့်ပွဲတွင် ယဉ်ကျေးမှုဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် တစ်ပင်တိုင် ခြင်းအလှခတ် ကစားပြရမည်ဖြစ်ရာ သူမ၏ကစားပုံကို ဝဏ္ဏသိဒ္ဓိ အားကစားကွင်းသို့ လာရောက် အားပေးသူများအပြင် တီဗီဖန်သားပြင်ကတစ်ဆင့် တစ်နိုင်ငံလုံးက ပရိသတ်များပါ တွေ့မြင်ရမည် ဖြစ်သည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံရိုးရာ ခြင်းလုံးအဖွဲ့သည် အာဆီယံဒေသတွင်း နိုင်ငံများသို့ သရုပ်ပြ ကစားပွဲများနှင့် ကစားနည်းများ သင်ကြားပေးလျက်ရှိရာ ထိုသို့သင်ကြားပေးမှုကို မြန်မာနိုင်ငံအတွက် ဂုဏ်ယူလျက်ရှိသည်ဟု သူကဆိုသည်။
၂၀၁၄ ကမ္ဘာ့ဖလားနှင့်၂၀၁၆ အိုလံပစ် ပြိုင်ပွဲများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ကမ္ဘာ့ ဘောလုံးထိပ်သီး ဘရာဇီးနိုင်ငံမှ ရုပ်သံရိုက်ကူးရေးများက ၎င်းတို့ အားကစားပြိုင်ပွဲတွင် မြန်မာ့ရိုးရာ ခြင်းလုံးပညာကို မိတ်ဆက်ပြသရန် မန္တလေးအခြေစိုက် ခြင်းရုံများနှင့် ဝါဆိုခြင်းပွဲကိုသာ အဓိကထား ရိုက်ကူးခဲ့သောကြောင့် မေဖူးဟန်တစ်ယောက် သူမ၏ပညာစွမ်းကို ပြသခွင့်မရခဲ့သော်လည်း အရင်းအနှီး အနည်းဆုံးဖြင့် ကစားနိုင်သည့် မြန်မာ့ခြင်းလုံး ကစားနည်းကို ကမ္ဘာကသိအောင် လာရောက်ရိုက်ကူးခဲ့သည့်အတွက် ဝမ်းမြောက် ဂုဏ်ယူခဲ့သည်။
ရိုးရာခြင်းလုံးခတ်ကစားသည့် အချိန်တွင် ကစားသူ၏ စိတ်ဓာတ်တက်ကြွမှုကို သရုပ်ဖော်နိုင်သည့် မြန်မာ့ရိုးရာ ဆိုင်းဝိုင်းကြီးထံမှ ထွက်ပေါ်လာသည့် ဆိုင်းသံနှင့် တွဲဖက်ကစားရသော မြန်မာ့ရိုးရာခြင်း ကြီး ၁၀ မျိုး၊ ခြင်းလတ် ၁၀ မျိုးနှင့် လက်ရွေးစင်ခြင်းပေါက် ၁၀ မျိုးကို လူငယ်မျိုးဆက်သစ် ခြင်းလုံးသမားတစ်ဦး အနေဖြင့် ပညာရှင်ကြီးများထံမှ လက်ဆင့်ကမ်း သယ်ယူထိန်းသိမ်းရဦးမည် ဖြစ်သည်။
နိုင်ငံကျော် ခြင်းလုံးပညာရှင် ဖြစ်လိုသူ
မြန်မာနိုင်ငံ ဒေသအနှံ့တွင် လူကြီးလူငယ်မရွေး ကစားနေကြသည့် မြန်မာ့ရိုးရာ ခြင်းလုံးပညာကို အမျိုးသားများသာမက အမျိုးသမီးများပါ ကစားနေချိန်တွင် အမျိုးသားများနှင့် ရင်ပေါင်တန်း ကစားနိုင်သည့် အမျိုးသမီးများလည်းရှိရာ ထိုအမျိုးသမီးများထဲတွင် သူမ၏မိခင် ဇာနည်မယ် ဖြူဖြူဝင်းလည်း တစ်ဦးအပါအဝင် ဖြစ်သည်။
ဇာနည်မယ် ဖြူဖြူဝင်းသည် အမှတ်ပေးပြိုင်ပွဲတွင် လေးကြိမ်၊ အလှခတ်ပြိုင်ပွဲတွင် နှစ်ကြိမ်ဆက် ရွှေတံဆိပ် ရခဲ့သည့်အပြင် ရွှေတံဆိပ်ဆုပေါင်း ခြောက်ဆယ်ကျော် ရရှိထားသည့် မြန်မာ့လက်ရွေးစင် ခြင်းလုံး အားကစားမယ်တစ်ဦး ဖြစ်သည်။
မေဖူးဟန်ကလည်း မိခင်ဖြစ်သူ ဇာနည်မယ် ဖြူဖြူဝင်းကဲ့သို့ ရွှေတံဆိပ်ဆုများ ရယူပြီး နိုင်ငံကျော် မြန်မာ့ရိုးရာ ခြင်းလုံးပညာရှင်တစ်ဦး ဖြစ်လိုသည်မှာ သူမ၏အနာဂတ်အိပ်မက် ဖြစ်သည်။
သို့သော် သူမမှာ လက်ရှိအချိန်တွင် နိုင်ငံတော်အဆင့် အားကစားပြိုင်ပွဲများ၌သာ သရုပ်ပြကစား နေရပြီး (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ၌ တစ်ပင်တိုင် ခြင်းအလှကစားရန် ယဉ်ကျေးမှုဝန်ကြီး ဌာနက ခေါ်ယူခြင်း ခံထားရသည်။
“ဒီပွဲမှာ သမီး (မေဖူးဟန်) ရဲ့ တစ်ပင်တိုင်အလှခတ် အရည်အချင်းကို တွေ့ရမယ်” ဟု ဖခင်ဖြစ်သူက ပြောဆိုသည်။ ကျန်းမာသွက်လက် ကြံ့ခိုင်မှုကောင်းပြီး ကမ္ဘာမှာ မြန်မာလူမျိုးတို့သာ ခတ်ကစားသည့် မြန်မာ့ရိုးရာ ခြင်းလုံးပညာမှာ ကစားသူအချင်းချင်း အပေးအယူမျှပြီး ရင်းနှီးမှုပိုစေသည့် ပညာဖြစ်သည်။ ခြင်းလုံးပညာကို စတင်သင်ယူချိန်က ခြေဖျားနှစ်ချက်ပင် မတော့နိုင်သော်လည်း လက်ရှိအချိန်တွင် တစ်မိနစ်လျှင် အကြိမ်ရေ ၂၁၅ ချက်မှ ၂၂၀ ကြား စံချိန်ရထားရာ တစ်ကြိမ်လေ့ကျင့်လျှင် လေးနာရီ လေ့ကျင့်ရသောကြောင့် အချက်ရေ နှစ်သောင်းဖြင့် စံချိန်ယူထားနိုင်သူတစ်ဦး ဖြစ်လာခဲ့သည်။
“ဒီလို ကစားနိုင်အောင် မေမေပေးတဲ့ ဆယ်ပင်ခြင်းလုံးနဲ့ လေ့ကျင့်ထားတာ” ဟု သူမကဆိုသည်။ မြန်မာ့ရိုးရာ ကြိမ်ခြင်းလုံးတွင် ခြောက်ပင်ခြင်းလုံး၊ ခုနစ်ပင်ခြင်းလုံး၊ ရှစ်ပင်ခြင်းလုံး၊ ကိုးပင်ခြင်းလုံးနှင့် ဆယ်ပင်ခြင်းလုံး တို့ရှိရာ ကစားသမား အများစုမှာ ခုနစ်ပင်ခြင်းနှင့် ရှစ်ပင်ခြင်းတို့ကိုသာ အသုံးပြုလေ့ ရှိသော်လည်း မိခင်ကဲ့သို့ နိုင်ငံကျော် ခြင်လုံးကစား သမားတစ်ဦး ဖြစ်လိုသောကြောင့် မိခင်ဖြစ်သူ၏ အမွေကိုဆက်ခံသည့် အနေဖြင့် ဆယ်ပင်ခြင်းနှင့်သာ လေ့ကျင့်လျက်ရှိသူလည်း ဖြစ်သည်။
မြန်မာနိုင်ငံ ခြင်းလုံးအဖွဲ့ချုပ်နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက သရုပ်ပြကစားရန် ခေါ်ယူထားသည့် မြန်မာ့ရိုးရာ ခြင်းလုံးမယ် မေဖူးဟန်မှာ (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် တစ်နိုင်ငံလုံးက ပရိသတ်များကို သူမ၏ ပညာစွမ်းကို ပြသနိုင်ရန် အမှတ် ၃၃၆ (ည) ရပ်ကွက်၊ ဘုမ္မာ ၁၀ လမ်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ဇာနည်မယ် ဖြူဖြူဝင်း ခြင်းလုံးရုံတွင် နံနက် ၇ နာရီမှ ၁၁ နာရီထိ နေ့စဉ်လေ့ကျင့်လျက် ရှိသည်။
the voice