ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး သူရသက်ဆွေနှင့် အိန္ဒိယရေတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး D.K Joshi (Photo:AFP)
ကာကွယ်ရေး ဦးစီးချုပ် (ရေ)၏ အိန္ဒိယနိုင်ငံသို့ အလည်အပတ် ခရီးစဉ်တွင် မြန်မာ့ရေတပ် အဆင့်မြှင့်တင်နိုင်ရေးအတွက် အိန္ဒိယနိုင်ငံမှ ရေတပ်လက်နက်များ အကူအညီ တောင်းခံခဲ့ကြောင်း The New Indian Express သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။
အဆိုပါ အကူအညီတောင်းခံမှုကို မြန်မာကာကွယ်ရေး ဦးစီးချုပ် (ရေ)ဒုတိယဗိုလ်ချုပ်ကြီး သူရသက်ဆွေ၏ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ လေးရက်ကြာ အလည်အပတ် ခရီးစဉ်တွင် အိန္ဒိယရေတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး D. K Joshi၊ ကာကွယ်ရေးဝန်ကြီး Radha Krishna Mathur တို့နှင့် တွေ့ဆုံရာတွင် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ဒုတိယဗိုလ်ချုပ်ကြီး သူရသက်ဆွေသည် အိန္ဒိယနိုင်ငံ ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Bikram Singh၊ လေတပ်ဒုဦးစီးချုပ် ဗိုလ်ချုပ်ကြီး Arup Raha တို့နှင့်လည်း တွေ့ဆုံခဲ့သည်။ အဆိုပါ ကာကွယ်ရေး တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် ကာကွယ်ရေးဦးစီးချုပ် (ရေ)က ကမ်းရိုးတန်း ကင်းလှည့်ရေယာဉ် တည်ဆောက်ရေးနှင့် ခေတ်မီအင်အားပြည့်ဝသော ရေတပ်တည်ဆောက်ရေးအတွက် ပစ္စည်းကိရိယာများ ကူညီထောက်ပံ့ပေးရေး တောင်းဆိုခဲ့သည်။
အိန္ဒိယရေတပ် ဦးစီးချုပ်နှင့် ကာကွယ်ရေး ဦးစီးချုပ် (ရေ)တို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံ ရေတပ်ချင်း စစ်ဆင်ရေးများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်၊ လေ့ကျင့်မှုများ ပြုလုပ်ရန်နှင့် ရေတပ်သုံး ပစ္စည်းကိရိယာများ ထောက်ပံ့ပေးရန်တို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် နှစ်နိုင်ငံ ရေတပ်များအကြား ယခုလက်ရှိ တည်ရှိနေသော ဆက်ဆံရေးထက် ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရန်၊ အရည်အချင်း မြှင့်တင်နိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်နှင့် နှစ်နိုင်ငံ ရေတပ်လုပ်ဆောင်ချက်များအား တိုးမြှင့်နိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်တို့ကိုပါ ဆွေးနွေးခဲ့ကြသည်ဟု အိန္ဒိယရေတပ် သတင်းထုတ်ပြန်ချက်အရ သိရသည်။
ကာကွယ်ရေးဦးစီးချုပ် (ရေ)၏ အလည်အပတ် ခရီးစဉ်နှင့် ပတ်သက်၍ အိန္ဒိယရေတပ် ဦးစီးချုပ်က ပြောကြားရာတွင် မြန်မာအား အိန္ဒိယ၏ အနီးစပ်ဆုံး အိမ်နီးချင်းအဖြစ် ရည်ညွှန်းပြောဆိုခဲ့ပြီး မြန်မာ-အိန္ဒိယရေတပ်ချင်း ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်မြှင့်တင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ၎င်း၏ အလည်အပတ် ခရီးစဉ်တွင် မြန်မာကာကွယ်ရေးဦးစီးချုပ် (ရေ)ကလည်း နှစ်နိုင်ငံရေတပ်ချင်း ဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်မည်ဟု ထပ်လောင်းပြောဆိုခဲ့သည်။
အိန္ဒိယရေတပ်သည် မြန်မာနိုင်ငံ၏ ရေတပ်အင်အား ကောင်းမွန်လာရေးအတွက် နှစ်ပေါင်းများစွာ အထောက်အပံ့များ ပေးအပ်ခဲ့သည်။ အနောက်အုပ်စု၏ ပိတ်ဆို့အရေးယူမှုများ ရှိနေသော်လည်း လွန်ခဲ့သည့် ဆယ်စုနှစ်များအတွင်း အိန္ဒိယသည် မြန်မာနိုင်ငံအား ရေတပ်ကင်းလှည့်လေယာဉ်လေးစင်း ထောက်ပံ့ခဲ့သည်။
မြန်မာနိုင်ငံသည် ယခုနှစ်များအတွင်း အိန္ဒိယဘက်မှ ကမ်းရိုးတန်း ကင်းလှည့်ရေယာဉ် တည်ဆောက်ရေး လုပ်ငန်းများတွင် အကူအညီ ရခဲ့သည်။ သို့သော်လည်း အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံအား ရေတပ်စစ်သင်္ဘောများ ထောက်ပံ့ရန် ထောက်ခံချက် မပြုသေးပေ။
ယခု အလည်အပတ်ခရီးတွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး သူရသက်ဆွေက မြန်မာနိုင်ငံ၏ ရေတပ်အတွက် အနာဂတ်တွင် လိုအပ်လာနိုင်သည့် ပစ္စည်းကိရိယာများ စာရင်းကိုလည်း ပေးအပ်ခဲ့ပြီး ၎င်းကိရိယာများ စာရင်းတွင် အိန္ဒိယနိုင်ငံထုတ် ရေတပ်ထောက်လှမ်းရေး ပစ္စည်းများလည်း ပါဝင်သည်။
EMG