ဇူလိုင်လ(၃၁)ရက်
သီလ၀ါ အထူးစီးပွားရေးဇုန် အတွင်းရှိ နယ်မြေတစ်ခုအား ဧပြီလအတွင်းတွေ့ရစဉ် (ဓာတ်ပုံ-နီလာ)
သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းကြောင့် ပြောင်းရွှေ့ဖယ်ရှားပေးရမည့် ဒေသခံ ကျေးရွာများအား ကမ္ဘာ့ဘဏ်နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့မှ ကျင့်သုံးနေသည့် စံချိန်စံညွှန်းများအတိုင်း လျော်ကြေးပေးမည်ဟု အမျိုးသား စီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆက်အောင်က ပြောကြားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းနှင့် ပတ်သက်ပြီး ပြောင်းရွှေ့ပေးရမည့် ကျေးရွာများမှ ဒေသခံအချို့နှင့် အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆက်အောင်တို့ ဇူလိုင် ၃၀ ရက်က တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။ "ဒီနေ့ (ဇူလိုင် ၃၀) ကျွန်တော်တို့နဲ့ ဒုဝန်ကြီး ဦးဆက်အောင်တို့ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။ သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းကြောင့် သိမ်းယူခဲ့ရမယ့် ကျွန်တော်တို့ရဲ့ လယ်မြေတွေကို ကမ္ဘာ့ဘဏ်က ကျင့်သုံးနေတဲ့ မူဝါဒ၊ JICA တို့ ကျင့်သုံးနေတဲ့ မူဝါဒတွေအတိုင်း လျော်ကြေးပေးမယ်လို့ ဒုဝန်ကြီး ဦးဆက်အောင်က ဒီနေ့ဆွေးနွေးပွဲမှာ ကျွန်တော်တို့ကို ပြောသွားပါတယ်" ဟု အလွမ်းဆွတ်ကျေးရွာမှ ဦးမြလှိုင်က ပြောကြားသည်။
သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်းကြောင့် ပြောင်းရွှေ့ပေးရမည့် ကျေးရွာများအတွက် ပြန်လည်နေရာ ချထားပေးရေးနှင့် ပတ်သက်ပြီး ဒေသခံများ၏ မေးမြန်းချက်အပေါ် ဒုဝန်ကြီးမှ တိတိကျကျ ပြန်လည်ဖြေကြားခြင်း မရှိသော်လည်း ပြေလည်အောင် ဆောင်ရွက်ပေးမည်ဟု ပြောကြားခဲ့ကြောင်းလည်း သိရသည်။
"စီမံကိန်း ဧရိယာမှာပါလို့ ပြောင်းပေးရမယ့် ကျေးရွာတွေ ပြန်လည်နေရာချထားရေးကိုတော့ သေသေချာချာ ဖြေမသွားဘူး။ ရွှေ့ပြောင်းဒေသခံတွေ နစ်နာမှု ရှိတဲ့အတွက် လုံလောက်မှုရှိအောင် ဆောင်ရွက်ပေးဖို့တော့ ပြောသွားပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး သြဂုတ်လထဲမှာ သူတို့လာပြီး ဒေသခံတွေနဲ့ ဆွေးနွေးပါဦးမယ်လို့ ဒုတိယ၀န်ကြီးက ပြောသွားပါတယ်" ဟုလည်း အလွမ်းဆွတ်ကျေးရွာမှ ဦးမြလှိုင်က ပြောကြားသည်။
သီလ၀ါ အထူးစီးပွားရေးဇုန် စီမံကိန်း ဧရိယာအတွင်း ပါဝင်သည်ဟုဆိုကာ သန်လျင်မြို့နယ် အလွမ်းဆွတ်၊ သီလ၀ါ၊ ဖလမ်း၊ တပ်ရာကုန်း၊ သီတာမြိုင်နှင့် ဘုရားကုန်း ကျေးရွာများအား အဆိုပါ မြေနေရာမှ ဖယ်ရှားစေခိုင်းခြင်းနှင့် ပတ်သက်ပြီး ဥပဒေနှင့်အညီ ဆောင်ရွက်ပေးရန် ကျေးရွာ ၆ ရွာမှ ရွာသူရွာသားများက နိုင်ငံတော်သမ္မတကြီးနှင့် ဂျပန်နိုင်ငံ အစိုးရတို့ထံ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ အတွင်းက တင်ပြတောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရှိရသည်။
သီလ၀ါ အထူးစီးပွားရေးဇုန်အား မြန်မာနိုင်ငံဘက်မှ ၅၁ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံဘက်မှ ၄၉ ရာခိုင်နှုန်းအချိုးဖြင့် ပူးပေါင်းမြှုပ်နှံသွားမည်ဖြစ်ကြောင်း၊ သီလ၀ါ အထူးစီးပွားရေးဇုန် တည်ဆောက်ရာတွင် ဇုန်ပြင်ပအခြေခံ အဆောက်အဦများဖြစ်သော လျှပ်စစ်၊ လမ်းတံတားကဲ့သို့သော လိုအပ်ချက်များ တည်ဆောက်ရန်အတွက် မြန်မာအစိုးရ အနေဖြင့် ငွေကြေးဖြည့်ဆည်းရမည်ဖြစ်ပြီး အကယ်၍ ငွေကြေးမလုံလောက်ပါက ဂျပန်နိုင်ငံမှ အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းဖြင့် နှစ် ၄၀ ချေးငွေထုတ်ချေးပေးရန် ရှိကြောင်းလည်း သိရှိရသည်။
EMG