Wednesday, July 24, 2013

ဦးဘရန်ချောင် လွတ်သလို ရှမ်းတိုင်းရင်းသားများလည်း လွတ်စေချင်

0 comments
24.7.2013

Photo: ဦးဘရန်ချောင် လွတ်သလို ရှမ်းတိုင်းရင်းသားများလည်း လွတ်စေချင်

24.7.2013

မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁) ဖြင့် မြစ်ကြီးနားထောင်တွင် ဖမ်းဆီးခံထားရသည့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ၊ဂျန်မိုင်ကောင်းနှစ်ခြင်းစစ်ရှောင်စခန်းတွင် နေထိုင်သည့် ဦးလထော်ဘရန်ရှောင် (၂၃၊၇၊၂၀၁၃)နေ့ နေ့လည်ပိုင်းတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာပြီ ဖြစ်သည်။

လွန်ခဲ့သည့်အပတ်တွင် မြစ်ကြီးနားတရားရုံးမှ ဦးလထော်ဘရန်ရှောင် ကို ထောင်ဒဏ်(၂) နှစ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး၊ ဦးလထော်ဘရန်ရှောင်အား စီရင်ချက်ချပြီး တစ်ပတ်အတွင်း လွှတ်ပေးရန် စီစဉ်ဆောင်ရွက်ပေး မည် ဖြစ်ကြောင်း မေလ(၃၁) ရက်နေ့ မြစ်ကြီနားတွင် စစ်ပြေးဒုက္ခသည်များ နှင့် တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းမှ ပြောဆိုခဲ့ဖူးပါသည်။

ဦးဘရန်ရှောင် ပြန်လည်လွတ်မြောက်သလို ကချင်ပြည်နယ်တွင်းက ဧရာဝတီ မြေပြန့်၊ မြစ်ရိုးတစ်လျှောက်နှင့် တောင်တန်း ဒေသတစ်ချို့မှ စစ်သားသစ်အဖြစ်ဖြင့် အဓမ္မဖမ်းဆီး စုဆောင်းခံထားရတဲ့ ဒေသခံ တိုင်းလိုင်(ရှမ်းနီ) ရှမ်းတိုင်းရင်းသားတွေကိုလည်း ပြန် လွှတ်ပေးစေချင်ပါသည်။ 

အစိုးရနှင့် KIO ကိုယ်စားလှယ်အဖွဲ့တို့ မေ(၂၈ မှ ၃၀)အတွင်း မြစ်ကြီး နားမြို့တွင် ပထမဦးဆုံး အကြိမ် ငြိမ်းချမ်းရေး ဆွေးနွေးမှုအပြီး KIO ကိုယ်စားလှယ်အဖွဲ့ လိုင်ဇာသို့ အပြန် ၀ိုင်းမော်မြို့တွင် ဒေသခံ ရှမ်းတိုင်းရင်းသားများမှ“ဖမ်းဆီးခံထားရသော တိုင်းရင်းသားများ ကို ပြန်လွှတ်ပေးပါ” စသော စာသားများပါဝင်တဲ့ ပိုစတာများကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖေါ် ပြသခဲ့ခြင်းအပေါ် KIA ဒုစစ်ဦးချုပ် ဗိုလ်ချုပ်ဂွမ်းမော်က ဖမ်းဆီးထားသော ဒေသခံရှမ်းတိုင်းရင်းသားများ ပြန်လွှတ်ပေးရေးနှင့် ပက်သက်ပြီး အစီအစဉ်တွေ ရှိပါတယ်လို့ ပြောသွားခဲ့ပါတယ်။

KIA ဒုစစ်ဦးချုပ် ဗိုလ်ချုပ်ဂွမ်းမော် ပြောတဲ့ “အစီအစဉ်တွေ” ဆိုတာ လက်ရှိအခြေအနေထိတော့ စကားလုံးမျှပဲ ရှိနေပါသေးတယ်။ တစ်စုံတစ်ရာ ဆောင်ရွက်ပေးတာမျိုးတော့ မတွေ့ရသေးပါဘူး။ ဦးဘရန်ရှောင်ကို ပြန်လွှတ်ပေးသလိုမျိုး ဒေသခံရှမ်းတိုင်းရင်းသားတွေကိုလည်း ပြန်လွှတ်ပေးစေချင်တယ်၊ မိမိဆန္ဒမပါဘဲ အဓမ္မဖမ်းဆီး စစ်သားလုပ်ခိုင်းထားတဲ့ ရှမ်းတွေအပေါ် အစီအစဉ်တွေ ရှိပါတယ်ဆိုပြီး တစုံတရာ ဆောင်ရွက်ပေးခြင်း မရှိသေးတာဟာ ရှမ်းတွေရဲ့ ဆန္ဒကို လျစ်လျူရှုရာ ရောက်သလို ကတိမတည်ရာလည်း ကျပါတယ်။ 

“ကချင်ဖြောင့်တယ်ဆိုတာ တံဇဉ်ကောက်သလောက်ပဲ ရှိတယ်” ဆိုတဲ့ ကျွန်တော်တို့ လူကြီးတွေ ပြောတဲ့ စကားပုံလို ဖြစ်နေပါတယ်။
ကချင်ပြည်နယ်မှာ ကချင်လူမျိုးတွေပဲ နေတယ်လို့ အောက်မြန်မာပြည်နဲ့ ကမ္ဘာက ထင်နေကြတာပါ၊ ရှမ်းပြည်က အဖွဲ့တွေ မြစ်ကြီးနား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ လာတော့ ကျွန်တော်တို့ တိုင်လိုင် (ရှမ်းနီ) ရှမ်းလူမျိုးတွေ ဒီမှာ ရှိတယ်ဆိုတာ၊ ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေပြောပြတော့ ဒါတွေကို ရှမ်းလူမျိုး အချင်းချင်းဖြစ်တဲ့ “ကျွန်တော်တို့တောင် မသိဘူး”လို့ ပြောပါတယ်။

ကချင်ပြည်နယ်မှာ ကျွန်တော်တို့ ရှမ်းမြို့၊ ရှမ်းရွာတွေ ရှမ်းလူမျိုးတွေ အများကြီး ရှိတယ်ဆိုတာကို မြန်မာနှင့် ကမ္ဘာကို အားလုံးအားလုံးကို သိစေချင်ပါတယ်လို့ ခတ်ချိုကျေးရွာမှ ရှမ်းမျိုးနွယ်စုများ ရေးရာကော် မတီဝင်လည်းဖြစ်၊ ၀ိုင်းမော်မြို့ ဆန္ဒဖေါ်ထုတ်ရာမှာ ဦးဆောင်ပါဝင်သူလည်း ဖြစ်တဲ့ ဦးတင်လှိုင်က ပြောပြပါသည်။

ဧရာဝတီမြစ်ဖျားဆီက

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here