ဂူဂဲလ်မှ တွေ့ရတဲ့ ဖယ်ခုံမြို့
ရှမ်းပြည်နယ်၊ တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းရှိ လူမှုရေး အသင်းအဖွဲ့များအပေါ် ဖယ်ခုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ တားဆီးပိတ်ပင်မှုမှာ အလွန်ပင် ပြင်းထန်သည်။
အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီ၌ ဆွေးနွေးဆဲ ဖြစ်ပါသည်။ ၂၀၁၃ နိုဝင်ဘာလ နောက်အကြိမ်ခေါ်မည့် လွှတ်တော်မှသာ ဥပဒေပြု နိုင်လိမ့် မည်ဟု ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီက သတင်းထုတ်ပြန်ထားပါသည်။
သို့ပါသော်လည်း ဖယ်ခုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက -----
“ အသင်းအဖွဲ့နှင့် ပတ်သက်၍ လူမှုရေးကိစ္စရပ်များ ဆောင်ရွက်သောအသင်းများသည် ပြည်ထဲရေး ဝန်ကြီးဌာန ၊ အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ပြုရေးနှင့် ကြီးကြပ်ရေးဗဟိုအဖွဲ့၏ ခွင့်ပြုချက်ရရှိမှသာ အသင်းအဖွဲ့ အမည်တပ်ခြင်း ၊ လှုပ်ရှားဆောင်ရွက်ခြင်းများ ပြုလုပ်နိုင်မည်။ သို့ဖြစ်ပါ၍ မိမိ ရပ်ကွက် / ကျေးရွာအုပ်စု အတွင်း အသင်းအဖွဲ့အမည်တပ်၍ ခွင့်ပြုချက်မရှိဘဲ လှုပ်ရှားနေသည့် အသင်းအဖွဲ့များအားလုံး တားဆီးပိတ်ပင် ဆောင်ရွက်သွားရန်နှင့် တရားဝင် အသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ရရှိရေး ဆောင်ရွက်ပြီးမှသာ ရပ်တည်လှုပ်ရှားစေရေး ကြပ်မတ်ဆောင်ရွက်ရန် ” ဟု
ရပ်ကွက် / ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသို့ ညွှန်ကြားချက်ထုတ်သည်။
၎င်း ညွှန်ကြားချက်အရ ရပ်ကွက် အုပ်ချုပ်ရေးမှူးမှ ၂၀၁၃ ခုနှစ် ၊ သြဂုတ်လ (၂၇) ရက်နေ့တွင် ထပ်ဆင့် အကြောင်းကြားစာ ပေးပို့ခြင်းခံရသော ဖယ်ခုံမြို့၊ လောကပါလ လူမှုကူညီရေးအသင်း မှ တာဝန်ရှိသူ တစ်ဦးက အသင်းအနေဖြင့် ဆောင်ရွက်နေသော သွေးလှူဒါန်းမှု၊ နာရေးကူညီမှု၊ အရေးပေါ်လူနာများအား လွိုင်ကော်ဆေးရုံသို့ ကူညီပို့ဆောင်ပေးနေမှုများကို ရပ်ဆိုင်းလိုက်ပါကလည်း ပြည်သူအများပင် နစ်နာမည် ဖြစ်ကြောင်း ၊ မရပ်ပါကလည်း တားဆီးပိတ်ပင် အကြောင်းကြားစာ အရ ဖွဲ့စည်းခွင့် ရရှိရေးဆောင်ရွက် ပြီးမှသာ ရပ်တည်လှုပ်ရှား ရမည်ဆိုသောကြောင့် ဥပဒေပင် မပြုရသေးသည့် အသင်းအဖွဲ့များဆိုင်ရာ ဥပဒေကြမ်း ကို အချိန်မည်မျှစောင့်၍ ဖွဲ့စည်းခွင့်၊ မှတ်ပုံတင်ခွင့် ဆောင်ရွက်ရမည် မသိကြောင်း ပြောဆို၍ သက်သေအဖြစ် တားဆီးစာများ တင်ပြလိုက်ပေသည်။
ပြည်ထဲရေး ဝန်ကြီးဌာန ၊ အသင်းအဖွဲ့များ ဖွဲ့စည်း ခွင့်ပြုရေးနှင့် ကြီးကြပ်ရေး ဗဟိုအဖွဲ့၏ ခွင့်ပြု ချက် ရရှိမှ သာ အသင်းအဖွဲ့အမည်တပ်ခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်းများ ပြုလုပ်နိုင်မည် ဆို
သော အသုံးအနှုန်းမှာ လည်း ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၊ အခန်း (၈)၊ ပုဒ်မ ၃၅၄ (ဂ) ပါ အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့် ကို ဖယ်ခုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဖောက်ဖျက် ကျော်လွန် သုံးစွဲသည့် အသုံးအနှုန်းဖြစ်ကြောင်း တင်ပြ အပ်ပါ သည်။
ကျော်ထင်အောင်
ဖုန်း - 081-56051
ဖယ်ခုံမြို့၊ ရှမ်းပြည်နယ်တောင်ပိုင်း။