Monday, December 23, 2013

ပြည်သူကို တကယ်ယုံကြည်ရင်တော့ ပြည်သူ့ရှေ့ကို ထွက်လာရဲကြဖို့ သတ္တိတော့ ရှိရလိမ့်မယ်

0 comments


23-12-2013

၂၀၁၃ခုနှစ်နှောင်းပိုင်းကာလကိုတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဆွေးနွေးပွဲ ၊ ဟောပြောပွဲနဲ့ ၊ ပြည်သူ့ ဆန္ဒခံ ယူပွဲတွေနဲ့ မြိုင်ဆိုင်လွန်းလှစွာ သမိုင်း မှတ်တမ်းတင်ခဲ့ပါပြီ ။ နှစ်လည်လွန်ပိုင်းကာလလောက်က စလို့ ဖြိုးဖြိုး ဖျောက်ဖျောက် နဲ့ ပြည်သူအင်အား ရာဂဏန်း ၊ ထောင်ဂဏန်းနဲ့ စတင်ခဲ့တဲ့ ပြည်သူ့ဆန္ဒခံယူပွဲတွေဟာ အခုတော့ ဗြိုးဗြိုးဗျောင်းဗျောင်းနဲ့ ထစ်ချုန်း နေခဲ့ပါပြီ ၊ နိုဝင်ဘာ ၁၉ က စလို့ နေပြည်တော် လက်ပံခါးလှမှာ စတင်ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အခြေခံဥပဒေ ဆွေးနွေးပွဲနဲ့ ပြည်သူ့ဆန္ဒခံယူပွဲကို ဦး ဆောင်ဆင်နွဲ လာခဲ့တဲ့ နောက်မှာ ကော့မှူးပွဲ ၊ သာယာဝတီပွဲတွေကို ကွင်းလုံးပြည့် သောင်းဂဏန်းနဲ့ ချီပြီး ပြည်သူလူထု များ တက်ရောက် ဆန္ဒပြုကြတာတွေဟာ လူထုဆန္ဒခံယူပွဲ ဆိုတာထက် ပြည်သူလူထုက ကိုယ့်ဆန္ဒတွေကို လာရောက် ဖော်ထုတ်ကြတဲ့ လူထု ဆန္ဒဖော်ထုတ်ပွဲများအဖြစ် အသွင်ဆောင်လာခဲ့ပါပြီ ။ 

ဒီနှစ်အကုန်မှာ ဧရာဝတီတိုင်းအတွင်းမှာ နောက်တစ်ပွဲကျင်းပအပြီး နောက်နှစ် ၂၀၁၄ နှစ်ဆန်းပိုင်းမှာတော့ အဖွဲ့ချုပ် ဥက္ကဌဟာ နိုင်ငံအနှံ့ကို လွန်းထိုး သွားလာပြီး အခြေခံဥပဒေ ဆွေးနွေးပွဲနဲ့ ပြည်သူ့ဆန္ဒခံယူပွဲအရှိန်အဟုန်ကို ဒီထက်ပိုမြှင့်တင်တော့မယ်လို့ မှန်းဆမိပါတယ် ။ ဒေသအများက ပြည်သူ လူထုကလည်း သူတို့ချစ်တဲ့ ခေါင်းဆောင် သူတို့ရှေ့ကို မားမား မတ်မတ် ရပ်လာလို့ သူတို့မကြိုက်တဲ့ ဒီဖွဲ့စည်းပုံကြီးကို ပြင်ဆင်ရေးအတွက် သူတို့သွေးတွေကို နွှေး လာမဲ့ သူတို့သဘောထားကို ထုတ်ဖော်ခွင့်ရမဲ့ အချိန်ကို လက်ရေချိုးပြီးစောင့်နေကြတော့မယ် ။ ဒို့အလှည့်က ဘယ်တော့လဲ ၊ ဒို့ဆီဘယ်တော့လာမှလဲ လို့ စိတ်စောနေကြတော့မယ်ဆိုတာ နက္ခတ် တာရာကြည့်ဟောစရာမလို ၊ ဗေဒင် မဟာဘုတ် ၊ ဆန်းကျမ်းတွေနဲ့ ညှိစရာမလိုပဲ အာတပ္ပန ဟောနိုင်မှာ အသေ အချာပါပဲ ။ 

ဟောသမျှပွဲ ပြောသမျှပွဲတွေမှာလည်း အမှန်တရားကို ထုတ်ချင်းပေါက်ပြော တတ်တဲ့ ခေါင်းဆောင်ကို ပြည်သူ တွေက ဆထက်ထမ်းပိုး မေတ္တာတွေ လေးစားမှုတွေ တိုးပွားသွားကြတာကလည်း မငြင်းနိုင်မကွယ်နိုင်ပါဘူး ။ အချက် ကျကျ ပြောသမျှစကားတွေထဲမှာ တပ်မတော်ကို ပြည်သူနဲ့ နွေးထွေးချစ်ကြည်စေချင်တဲ့ ဆန္ဒတွေကိုလည်း ပီပီ ပြင်ပြင်မြင်ရ တွေ့ရပါတယ် ။ အပြစ်တွေကို ထောက်ပြနေပေမဲ့ အပြစ်ပေးချင်တာမဟုတ်ပဲ အပြစ်ကို ဆေးစေချင်တာ ဆိုတဲ့ သဘောထားကြီးမားမှုကိုလည်း ပိုင်းပိုင်း ခြားခြားသိမြင်ရပါတယ် ။ အကယ်၍ ပြင်ဆင်လာကြရင် အဲဒီအပြစ်တွေကို ခွှင့်လွှတ်သင်ပုန်းချေဖို့ ကိုယ်တိုင်က အဆင်သင့်ရှိနေတဲ့အပြင် ပြည်သူတွေ ဘက်ကလည်း အမှားပြင်လိုသူတွေကို အမျက်အညိုးတစ်စိုးတစ်စေ့မျှမရှိကြပဲ ခွင့်လွှတ်ဖို့ မေတ္တာရပ်ခံတိုက်တွန်းသွားမဲ့သဘောထားတွေကိုလည်း ပြသနေခဲ့ပါ တယ် ။ ပြည်သူတွေကလည်း ပြင်ဆင်ဖို့အတွက် သဘောထား ကြီးကြပါမယ် ဆိုတဲ့အရိပ်အယောင်တွေမြင်နေရလေတော့ ဒီအခြေအနေ မှန်တွေကို နားလည်သဘောပေါက်ကြပြီး ပြင်ဆင်သင့်တာတွေကို အမြန်ဆုံးပြင်နိုင်ကြပါစေတော့လို့ ဆန္ဒပြု မိခဲ့ပါတယ် ။ 

အခုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူတွေက နားမလည်ကြပါဖူး ၊ ပြင်ချင်တဲ့သူတွေကလုပ်နေကြတာပါ ဆိုတဲ့ စကားပြောခဲ့တဲ့သူတွေလည်း တိတ်သွားလောက်ပါပြီ ၊ ပြည်သူတွေထဲက ထရပ်ပြီး မေးတဲ့ မေးခွန်းတွေမှာ ပြည်သူ တွေဟာ ဒီဖွဲ့စည်းပုံရဲ့ သရုပ်သကန်မမှန်တာတွေကို ကောင်းစွာ နားလည်ထားကြပြီဆိုတာ မဖုံးမကွယ်နိုင်အောင် ထင်ရှား နေခဲ့ပါပြီ ။ ဒီဆန္ဒခံယူပွဲတွေမှာ ပြည်သူတွေမပါပါဘူး ဆိုတဲ့ အသံတွေလည်း လယ်ကွင်းပြင်အပြည့် ၊ ဘောလုံးကွင်း အပြည့်တက်ရောက်လာတဲ့ ပြည်သူတွေရဲ့ နင်းလျှောက်လာတဲ့ ခြေဖ၀ါးတွေအောက်မှာ သိသိညက်ညက် ကြေလောက်ပြီ ထင်ပါရဲ့ ။ ကျုပ်တို့ရဲ့ ခံစားရတဲ့ ဒုက္ခတွေကို ကယ်တင် နိုင်မဲ့ခေါင်းဆောင် လို့ ဒီပွဲတွေကို တက်ရောက်လာကြတဲ့ နေပူ ကြဲကြဲ ထဲက တောသူတောင်သားကြီးများရဲ့ စကားသံတွေကို ၊ အမေစု ဒီဥပဒေကြီးကို ပြင်ပေးပါ လို့ အားကိုးတကြီး အော်ဟစ် ကြွေးကြော်တိုင်တည်နေကြတဲ့ ပြည်သူတွေရဲ့ အသံကို ကိုယ်တိုင်ကိုယ်ကျ နားထောင်မိကြရင် ပြည်သူ့ အသံကို နားထောင်မယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေ ဘာလုပ်သင့်တယ်ဆိုတာကို ပြတ်ပြတ်သားသား ဆုံးဖြတ်ဖို့သင့်ပါပြီ ။ 

ဒီနေရာမှာ တစ်ခုပြောချင်တာရှိပါတယ် ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ချင်သူတွေရယ် အသစ်ရေးဆွဲချင်သူ တွေရယ်ကတော့ သဘောမယူ မတူကြပေမဲ့ ဒီအတိုင်းကို လက်မခံနိုင်ဖူးဆိုတာမှာ မကွဲမလွဲကြလေတော့ တစ်ဖက် တည်းလို့ ဆိုနိုင်ပါတယ် ။ မပြင်ဘဲနဲ့ ဒီအတိုင်းထားချင်တဲ့အုပ်စုက အသံထွက်မလာပဲ ခြေပုန်းခုတ်နေတာတော့ မဖြစ် သင့်ဖူးလို့ ထင်ပါတယ် ။ ဒီအခြေအနေမှာ ပြည်သူတွေရှေ့ကိုထွက်ရပ်ပြီး ဒီလိုပွဲတွေကျင်းပပြီး ဘယ်အချက်တွေကို ဘာကြောင့် မပြင်ဆင်သင့်ဖူးလို့ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြည်သူကို ချပြကြပါ ။ ပြည်သူတွေကို ပြန်လည် မေးမြန်းခွင့်ပေးကြပါ ။ မေးလာတဲ့ စကားခွန်းတွေကို ဝေ့လည်ကြောင်ပတ် မလုပ်ပဲ ရှင်းရှင်းလင်းလင်းဖြေဆို ပေးကြပါလို့ တိုက်တွန်းတောင်းဆို ချင်ပါတယ် ။ ဒါမှသာ ပြည်သူတွေက ဘယ်အချက်ဟာ ပြင်သင့်တယ် ဘယ်အချက် ဟာ မပြင်သင့်ဖူးလို့ စဉ်းစားချိန်ဆ ဆုံးဖြတ်နိုင်ကြ မှာဖြစ်ပါတယ် ။ အဲဒီကမှတစ်ဆင့် ပြည်သူတွေရှေ့မှာ နှစ်ဘက် ခေါင်းဆောင် တွေက ဒီအချက်ကို ပြင်မယ် မပြင်ဖူး ဆိုတာကို အချက်အလက် ပြည့်ပြည့် စုံစုံနဲ့ ဆွေးနွေးငြင်းခုံကြ မယ်ဆိုရင် ပြင်ရမယ် မပြင်ရဖူးဆိုတာကို ပြည်သူတွေက တစ်ထိုင်တည်းနဲ့ ပြတ်ပြတ်သားသား ဆုံးဖြတ်ခွင့်ပေးနိုင်တဲ့ အထိ ပြည်သူ့အဆုံးအဖြတ်ကို ခံယူရဲကြရင် မကောင်းပေဖူးလား ၊ ပြည်သူကို တကယ်ယုံကြည်ရင်တော့ ပြည်သူ့ရှေ့ကို ထွက်လာရဲကြဖို့သတ္တိတော့ ရှိရလိမ့်မယ် လို့ သတိပေးချင်ပါတယ် ။ 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူတွေ ၉၂ ရာခိုင်နှုန်းကျော်ရဲ့ ဆန္ဒနဲ့ အတည်ပြုခဲ့တာပါလို့ ယခင် စစ်အစိုးရက သတင်းထုတ်ပြန်ထားခဲ့ပါတယ် ။ အခုအစိုးရဖက်ကလည်း အဲဒါကို ဆက်လက်ကိုင်စွဲထားပါတယ် ။ ဒါကို ပြည်သူတွေဘက်က ဘယ်လိုတုံ့ပြန်နေပါသလဲ ။ ပြည်သူတွေကို အသိမပေးဘဲနဲ့ ရေးဆွဲပြီး ပြည်သူတွေကို အတင်းအဓမ္မ မဲထည့်ခိုင်းပြီး အတည်ပြုခဲ့တာပါ လို့ ပြောနေပါပြီ ။ ဒီအခြေအနေမှာ လက်ရှိတာဝန် ရှိသူတွေက တရားဝင် ဘယ်လို တုံ့ပြန်ဖြေရှင်းမလဲ ဆိုတာက အရေးကြီး နေပါပြီ ။ မသိကျိုးကျွံပြုနေလို့ မဖြစ်တော့ပါဘူး ။ ဒါလွှတ်တော်ရဲ့ ကိစ္စပါလို့ လွှဲချ လို့ မရပါဘူး ။ ဒါကို အမြန်ဆုံးတုံ့ပြန်မရှင်းလင်းဖူးဆိုရင် ပြည်သူတွေ အတည်မပြုဖူး ဆိုတဲ့ အခြေခံဥပဒေဟာ တရားမ၀င်ဖူး ဆိုတဲ့ သဘောထားတွေ ထွက်ပေါ်လာတော့မယ်လို့ သတိပေးချင်ပါတယ် ။ အပ်နဲ့ထွင်း ရမှာတွေကို အချိန်မီ မလုပ်ခဲ့ရင် ပုဆိန်နဲ့ထွင်းရလိမ့်မယ် ဆိုတာကိုတော့ အလေးအနက်ထားစေချင်ပါတယ် ။ 

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုတာဟာ ရှေ့မတိုးသာ နောက်မဆုတ် သာဖြစ်နေတဲ့ နိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းမှန်ပေါ်မှာ အရှိန်အဟုန်မြှင့် ရှေ့ခရီးဆက်နိုင်ဖို့ ကြိုးပမ်းအားထုတ်နေကြတဲ့ လုပ်ဆောင်မှုပါ ။ ဒါဟာ ဘယ်သူ့ ဘယ်သူကိုမှ ၊ ထိခိုက်နစ်နာစေဖို့ အပြစ်ရှာဖို့ အပြစ်ပေး ဖို့လုပ်နေတာမဟုတ်ပဲ အတိတ်ဆိုး အရိပ်ဆိုးတွေကို နည်းမှန်လမ်းမှန် သင်ပုန်းချေနိုင်ဖို့ လုပ်ဆောင်ချက်တစ်ခုပါ ဆိုတာကို သိတတ်မြင်တတ် လက်ခံတတ်ဖို့လိုပါပြီ ။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို နည်းလမ်းတကျ ပြန်လည်ပြင်ဆင်နိုင်မှ အမျိုးသားပြန်လည်ရင်ကြားစေ့နိုင်ဖို့ကို ရှေ့ရှုနိုင်မယ် ၊ ဒါမှသာ ပုံစံမှန်ပြည်ထောင်စုစနစ်ကို ဖော်ဆောင်ပြီး တိုင်းရင်းသား စည်းလုံးညီညွတ်မှုကို စကားနဲ့မဟုတ်ဘဲ တရားနဲ့ အခိုင်အမာပြန်လည် တည်ဆောက်နိုင်မယ် ။အဲဒီအခြေအနေရောက်မှသာ ပြည်တွင်းငြိမ်းချမ်းရေး ကို အမြန်ဆုံးဖော်ဆောင် နိုင်မှာဖြစ်ပါတယ် ။ လက်အကျိုးကို ဖြစ်သလို တည့်ပြီး ကြုံရာပတ်တီးနဲ့စည်းခဲ့လို့ မူလအတိုင်းပြန်မတည့်ပဲ အရိုးပြန် ဆက် အနာကျက်သယောင်ဖြစ်နေခဲ့ပေမဲ့ အဆက်မတည့်လို့ ငေါထွက်ပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာဟာ အင်္ဂါချွတ် ယွင်းတာပါပဲ ။ အဲဒီအခြေအနေကနေ မူလအတိုင်း အသွင်တင့်တင့်ဖြစ်စေဖို့ဆိုတာဟာ အနာခံပြီး ပြန်ချိုးရဲတဲ့ သတ္တိရှိမှ သာ မူရင်းအတိုင်း ပြန်ကောင်းလို့ ပြန်တင့်တယ်ပါလိမ့်မယ် ။ အခု ၂၀၀၈ ဖွဲ့စည်းပုံ တစ်လွဲတေ့ဆက်ကြီး ကိုလည်း ဒီလိုပဲ ချိုးဖဲ့ပြီးမှ ပြည်တည့်ကြရမဲ့ အချိန်ရောက်နေပါပြီ။ ဒါကိုမှ သဘောမပေါက်လက်မခံပဲဒီအတိုင်းဆက်သွားနေရင်တော့ လက် ကောက်လို့ ခြေခွင် ရုပ်အင်္ဂါမကောင်းတဲ့ တိုင်းပြည်အဖြစ်နဲ့ ကမ္ဘာရာမ၀င်ဖြစ်မှာကို စဉ်းစားမြင်နိုင်ကြစေချင်ပါတယ် ။

မကြာမတင်သော ကာလမှာ ၂၀၁၄ ခုနှစ်ကို ကူးပြောင်းတော့မှာပါ ။ ထုံးစံအတိုင်း နှစ်သစ်ကို စကားလှလှ တွေနဲ့ နှစ်သစ်မင်္ဂလာ နှုတ်ခွန်းဆက် သ၀ဏ်လွှာတွေနဲ့ ကြိုဆိုကြတာတွေကို ကြားရမြင်ရပါဦးမယ် ။ စာရေးသူ အနေနဲ့ ကတော့ စကားလှလှတွေ စကားအသစ်တွေနဲ့ ၀တ်ကြေ တမ်းကြေ ကြိုဆိုနေကြမဲ့အစား ၊ စေတနာမှန်တွေ လုပ်ရပ်မှန် တွေ နဲ့ ကြိုဆိုကြ စေချင်ပါတယ် ။ ပြက္ခဒိန်တစ်ခု နှစ်သစ်တာထက် စိတ်ကိုသစ်ကြစေ ချင်ပါတယ် ။ လူမသစ်ပေမဲ့ စိတ်တွေကိုသစ်ကြလို့ ညစ်နေတဲ့ အတိတ်ဆိုး များကို သန့်စင်ပြီး အမိနိုင်ငံကို သစ် ကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ် ။

ထင်လင်းဦး

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here