Saturday, August 31, 2013

ဖွဲ့စည်းပုံအသစ်ရေးဆွဲဖို့ ဆန္ဒတွေ မစောကြပါနဲ့

0 comments
31.8.2013

အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး နည်းပညာအဖွဲ့ ဦးလှမောင်ရွှေ ဦးစီးအဖွဲ့နှင့် UNFC နည်းပညာအဖွဲ့မှ ဒေါက်တာ ခင်မောင် တို့သည် ထိုင်းနိုင်ငံ ဇင်းမယ်မြို့ Yong Connle Village ဟိုတယ်တွင် သြဂုတ်လ ၂၈ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

၎င်းနည်းပညာအဖွဲ့များအနေဖြင့် စက်တင်ဘာလဆန်းပိုင်းတွင် ဆွေးနွေးမည့် ဦးအောင်မင်း ခေါင်းဆောင်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် UNFC မှ ဗဒိုမန်းမန်း ဦးဆောင် သည့် အဖွဲ့များ တွေ့ဆုံဆွေးနွေးရာတွင် UNFC ဘက်မှ ဆွေးနွေးမည့်အချက်များကို ကြိုတင်သိရှိနိုင်ရန် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ဦးလှမောင်ရွှေ မှ ပြောပါသည်။


အကြိုညှိနှိုင်းတွေ့ဆုံမှုအရ ဦးအောင်မင်းတို့နှင့် ဆွေးနွေးရာတွင် UNFC ဘက်မှ ချမှတ်ထားသည့် လမ်းပြမြေပုံ (၆)ချက်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲရာတွင် လွှတ်တော်ပြင်ပ ညီလာခံတစ်ခုခုမှ အတည်ပြုပေးရန် စသည့်အချက်တို့ကို ထည့်သွင်းဆွေးနွေးသွားရန် သဘောတူညီချက်ရရှိခဲ့ကြောင်း သိရှိရပါသည်။

လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မြန်မာဒီမိုကရေစီလမ်းကြောင်းကို ချီတက်လာခဲ့သည်မှာ အစိုးရ(၅)နှစ် သက်တမ်းမှာ တစ်ဝက်ကျော်လာပြီဖြစ်ပါသည်။ လက်ရှိအစိုးရကို ပြည်တွင်း မှာရော ပြည်ပမှာပါ သင့်တင့်သော ထောက်ခံအားပေးမှုတွေ ရရှိနေပါပြီ၊ အမေရိကန်လိုနိုင်ငံမျိုးကတောင် လက်ရှိအစိုးရရဲ့ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းရာ တွင် ညင်သာစွာ ကူးပြောင်းနိုင်အောင် ဆောင်ရွက်နိုင်သည့်အတွက် ကမ္ဘာပေါ် ရှိ အာဏာရှင်နိုင်ငံများအတွက် မြန်မာနိုင်ငံသည် စံပြအနေနှင့် ဥပမာယူရန် ပြောဆိုနေပါပြီ၊ ထိုကဲ့သို့ အခြေအနေ ကောင်းတစ်ရပ်ကို ပိုင်ဆိုင်ထားပြီးကာမှ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို အသစ်ပြန်ရေးဆွဲ၊ လွှတ်တော်ပြင်ပ ညီလာခံမှ အတည်ပြုဆိုတာမျိုးသည် မြန်မာ ဒီမိုကရေစီ ခရီးလမ်းကို ချောက်ကမ်းပါးစွန်းဆီ ဆွဲခေါ်နေသကဲ့သို့ ဖြစ်နေပါသည်။ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ကူးပြောင်းသော နိုင်ငံများမှာ ဖြစ်ပျက်နေသော စစ်ပွဲများ ပဋိပက္ခများနှင့် မြန်မာဒီမိုကရေစီ အကူးအပြောင်းမှာ ဖြစ်ပျက်သော အဖြစ်အပျက်များကို ချိန်ထိုးကြည့်ပြီး သင်ခန်းစာယူ၍ မြန်မာဒီမိုကရေစီရေးကို ယခုထက်ပိုတိုးတက်အောင် ကြိုးစား သွားရမည် ဖြစ်ပါသည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်သည့် ချင်းအမျိုးသား ပါတီဥက္ကဋ္ဌ ဦးဇိုဇမ် မှ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အသစ်ပြန်လည်ရေးဆွဲခြင်းသည် ဖြစ်နိုင်ချေအလွန်နည်းပါးပြီး အုတ်နံရံကို ခေါင်းနဲ့ တိုက်ခြင်းသာဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတတ်နိုင်ဆုံး ပြည့်စုံအောင် ပြင်ဆင်ဖြည့်စွက်သွားရန်သာ သင့်တော်ကြောင်း ပြောကြားခဲ့ ပါသည်။


ထိုနည်းတူ တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်သူ ကရင်ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးစောဆေးကလည်း လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းရင်းသားလူမျိုးများ အားလုံး လိုလားသည့် ဒီမိုကရေစီနိုင်ငံတစ်ခုသို့ မသွားနိုင်သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲရေးကို အသာထား၊ ပြင်ဆင်ရန် လိုအပ်သော အခြေခံဥပဒေများ ကိုတောင် ပြင်ဆင်ရန်အတွက် တိုင်းပြည်၏ လက်ရှိဖြစ်ပေါ်နေသော အခြေအနေကို ထည့်သွင်းစဉ်းစားပြီးမှ ပြင်ဆင်သင့်ကြောင်း ပြောဆိုသွားပါသည်။

အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရာတွင် မတူညီသောစနစ်တစ်ခုကနေ တစ်ခုကို ကူးပြောင်းခြင်း ဖြစ်သည့်အတွက် အချိန်ပေးရန် လိုအပ်ပါသည်။ စစ်အာဏာရှင် စနစ်အောက်တွင် နှစ်ပေါင်း များစွာ အသားကျလာသည့် အတွက် နိုင်ငံ့ဝန်ထမ်းများ၏ စိတ်ဓါတ်၊ ပြည်သူလူထု၏ စိတ်ဓါတ်တို့ကိုလည်း ပြုပြင်ရဦးမည်ဖြစ်ပါသည်။ အာဏာရှင် စနစ်တွင် အမိန့်တွေကို အပေါ်ကဆင်းလာပါသည်။ ထို့ကြောင့် ၀န်ထမ်း အများစုက ခိုင်းတာပဲလုပ်ပြီး မခိုင်းရင် မလုပ်တော့ဘဲ တာဝန်ယူမှု၊ တာဝန်သိမှုတွေလည်း ပျောက်သွား ပါသည်။ အလားတူ ပြည်သူပြည်သားများကိုလည်း အကြောက်တရား အောက်မှာ ဖိနှိပ်ထားပါသည်။ တာဝန်ယူမှု၊ တာဝန်သိမှု မရှိသေးသော ၀န်ထမ်းနှင့် ဒီမိုကရေစီစနစ်နှင့် မယဉ်ပါးသေးသည့် ပြည်သူတွေ တွေ့လိုက်လျှင် ပြဿနာရှုတ်ထွေးသွားနိုင်ပါသည်။ မငြိမ်းချမ်းသေးသော တိုင်းရင်းသား ဒေသ အသီးသီးက လက်နက်ကိုင်ပေါင်းစုံ ၏ ပြဿနာတွေကိုလည်း ထည့်သွင်းစဉ်းစားရန် လိုပါသည်။ မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းမှာ လွတ်လပ်ရေးရပြီးကာလ ဦးနုနှင့် သခင်တင် ဦးဆောင်သော သန့်ရှင်း ဖဆပလနှင့် ဦးဗဆွေ၊ ဦးကျော်ငြိမ်းတို့ ဦးဆောင်သော တည်မြဲ ဖဆပလ ဟူ၍ အကွဲအပြဲ ဇာတ်လမ်းတွေ၊ အနိုင်ရပါတီတွင်းမှာပင် ဦး/ဗိုလ်/သခင် ဟူ၍ အုပ်စုကွဲခဲ့သော အကွဲအပြဲများအပြင် လက်ရှိမြန်မာနိုင်ငံရေးအခြေအနေသည်လည်း ပုဂ္ဂိုလ်ရေးညှိနှိုင်းမှု ဗျူဟာများအပေါ်တွင်သာ အားထားနေရသည့်အတွက် အထက်ပါအချက်များကို သင်ခန်းစာယူ၍ မြန်မာ့ဒီမိုကရေစီရေးကို တိုးတက်အောင် ပြုပြင်ထိန်းကျောင်းသွားသင့်ပါသည်။

အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် မှလည်း ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုလုံး အသစ်ပြန်လည်ရေးဆွဲရန် ပြော ဆိုနေသူများအနေဖြင့် လက်ရှိ နိုင်ငံရေးဖြစ်စဉ်နှင့် အတိတ်တွင် ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်ဆန်းစစ်ရန်လိုအပ်ကြောင်း ပြောဆိုသွား ခဲ့ပါသည်။


UNFC က မြန်မာဒီမိုကရေစီရေးကို ဖက်ဒရယ်စစ်စစ်ဖြစ်သည်၊ ဗမာလူမျိုးကို အခြေခံသည့် ရှစ်ပြည်နယ်အဖြစ် သွားလိုကြောင်း ပြောဆိုနေသလို၊ ပြည်ထောင်စုတပ်မတော်ဖြစ်သည့် ကိုယ်ပိုင်တပ်၊ ကိုယ်ပိုင်ရဲတပ်ဖွဲ့နဲ့ သွားသင့်ကြောင်း ပြောဆိုနေမှုများလည်း ရှိပါသည်။ SNDP မှ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းမှ UNFC မှ ပြောခဲ့ သည့် အထက်ပါအချက်များကို ပြောလို့ရတယ်ဆိုပြီး ဇွတ်အတင်းပြောရင် လက်ရှိရရှိနေတဲ့ ဒီမိုကရေစီ အခွင့်အရေးတောင် မရဘဲ ဆုံးရှုံးသွားမှာ စိုးရိမ်ကြောင်း လက်တွေ့နိုင်ငံရေး ကို သိသော ပုဂ္ဂိုလ်မျိုးတွေ နှစ်ဖက်လုံးက ယုံကြည်မှုရသော ပုဂ္ဂိုလ်များကနေ တစ်ဆင့် တစ်ဖက်နဲ့တစ်ဖက် နားလည်အောင် ပြောဆိုရန် လိုကြောင်း ပြောသွားခဲ့ သည်ကို လည်း တွေ့ရပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၁၁)ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် UNFC က ပြောနေသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေတစ်ခုလုံး အသစ်ရေးဆွဲရန်နှင့် ဖက်ဒရယ်စစ်စစ် ထူထောင်ရန် ဗမာလူမျိုးစုကို အခြေခံပြီး (၈)ပြည်နယ် ဖွဲ့စည်းရန်နှင့် ကိုယ်ပိုင်တပ်၊ ကိုယ်ပိုင်ရဲ တပ်ဖွဲ့များ ထားရှိရန် ပြောဆိုနေမှုများနှင့် ပတ်သက်ပြီး တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင် အသီးသီးမှ စိုးရိမ်ပူပန်စွာဖြင့် ထောက်ပြပြောဆိုနေကြသည်ကို ကြည့်ခြင်းအားဖြင့် လက်ထဲမှာရှိသော အခွင့်အရေးကို မပျောက်ဆုံးစေဘဲ တိုးတက်မှုရရှိအောင် ဆောင်ရွက်ရန်ကိုပဲ အမြော်အမြင် ရှိစွာ လုပ်ဆောင်လိုကြောင်း တွေ့ရပါသည်။ ဤအခြေအနေများကို ကြည့်ခြင်းအားဖြင့် တိုင်းရင်းသား လက်နက် ကိုင်ခေါင်းဆောင်များ၏ နိုင်ငံရေး ရည်မှန်းချက်နှင့် လွှတ်တော်အတွင်းရှိ တိုင်းရင်းသားနိုင်ငံရေးပါတီ ခေါင်းဆောင်များ၏ နိုင်ငံရေးရည်မှန်းချက်များကို အကြိတ်အနယ် ညှိနှိုင်းရန် လိုအပ်နေပြီဖြစ်ကြောင်း တွေ့ရှိ ရပါသည်။ ပထမဦးစွာ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုနှင့် ယုံကြည်မှုတည်ဆောက်နိုင်ရန် ကြိမ်ဖန်များစွာ ဆွေးနွေးပြီးမှသာ တိုင်းရင်းသားလက်နက် ကိုင် ခေါင်းဆောင်များ၏ နိုင်ငံရေးရည်မှန်းချက်နှင့် လွှတ်တော်အတွင်း တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်များ၏ ရည်မှန်းချက်ကို ညှိလို့ရရှိမှာပဲဖြစ်ပါသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုလုံးကို အသစ်ရေးဆွဲသည်ပဲဖြစ်ဖြစ် ပြင်ဆင်သည်ပဲဖြစ်ဖြစ် ဆန္ဒများမစောရန် လိုပါသည်။ ဆန္ဒများစောနေရင် အခြေခံကျကျ စဉ်းစားမှုကို ကျော်ပြီး နက်နဲခက်ခဲတာများ စဉ်းစားနေသည့်အခါ အခြေခံကျကျ ဖြေရှင်းနိုင်သည့် အလွယ်တကူနည်းလမ်းကို မမြင်နိုင်ဘဲ ဖြစ်တတ်သောအကြောင်းကို ဆိုက်ကားသမား အကြံဖြင့် ဖြတ်ကျော်ခြင်းဆိုသော ပုံပြင်လေးကို ပြောပြချင်ပါသည်။ အင်ဂျင်နီယာတစ်ဦး စီးနင်းလိုက်ပါလာသည့် ကားတစ်စီး တံတားတစ်ခုအ၀င်မှာ ကားအမိုးနှင့် တံတား၏ သံဘောင် အပေါ်အမိုး မလွတ်သည်ကို တွေ့ရသည့်အခါမှာ အင်ဂျင်နီယာက ကားပေါ်မှ ဆင်းလာပြီး ကားအမြင့်၊ တံတားအမြင့်ကို တိုင်းရာ နှစ်လက်မ ခန့်မလွှတ်သဖြင့် တံတား သံဘောင်အား ဖြတ်ရမည်လား၊ ကားအမိုးကို ဖြတ်ရမည်လား၊ စဉ်းစားနေရာ ဆိုက်ကားဆရာရောက်လာပြီး ကားဘီးလေလျှော့လိုက်ပါ၊ တံတားနှင့် လွတ်သွားလိမ့်မည်ဟု အကြံပေး ရာ သဘောပေါက်သွားတဲ့ အင်ဂျင်နီယာသည်လည်း လေလျှော့လိုက်ရာ တံတားနှင့် လွတ်သွား၍ လိုရာခရီး သွားနိုင်ခဲ့ပါသည်။

မြန်မာဒီမိုကရေစီခရီးတစ်လျှောက်တွင် လက်ရှိဖြစ်ပေါ်နေသော အခြေအနေကို မျက်ကွယ်ပြုထား၍ မရသလို အတိတ် သမိုင်းကြောင်းများကို သင်ခန်းစာယူရမည်ဖြစ်ပြီး အမြဲတမ်း မိတ်ဆွေ၊ အမြဲတမ်းရန်သူဆိုတာမရှိဘူး၊ ထာဝရကိုယ်ကျိုးစီးပွားသာရှိတယ်ဆိုတာကို သတိမမေ့ရန်လိုကြောင်း ဆန္ဒတွေစောပြီး လှောင်အိမ်ထဲကငှက်ကို တန်ဖိုးမထားဘဲ ကောင်း ကင် မှာရှိတဲ့ငှက်ကို တန်ဖိုးထားခဲ့သော မြန်မာ့ဒီမိုကရေစီအရေး ရင်လေးစရာပင်ဖြစ်ကြောင်း ရေးသားလိုက်ရ ပါသည်။

အာရုဏ်ဦး(မင်းလှ)

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here