သြဂုတ်လ(၂)ရက်
ဟုမ္မလင်းမြို့ ရှမ်နီပါတီ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားတွင် ရှမ်းရိုးရာအကများဖြင့် ဖျော်ဖြေနေကြစဉ်
၂၀၁၅ ရွေးကောက်ပွဲကာလကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျားဖြူပါတီ ၀င်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ်ကြောင်း ကျားဖြူပါတီ ဥက္ကဌ နှင့် ဗဟိုကော်မတီဝင်များကပြောကြားသည်။
'' စစ်ကိုင်းတိုင်းမှာက ရှမ်းနီတွေကြီးပဲလေ။ တခြားဒေသတွေလိုမရောဘူး။ ပြီးတော့ ရှမ်းနီပါတီလည်းပေါ်လာပြီဆိုတော့ သူတို့ကို ဦးစားပေးတဲ့သဘောပါ။ ´´ ဟုပါတီဗဟိုကော်မတီဝင်တစ်ဦးကပြောကြားသည်။
စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသများသည် ရျမ်းနီလူမျိုးအများစုဖြစ်သော်လည်း ကျားဖြူပါတီခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီသည် ပြီးခဲ့သော ၂၀၁၀ ရွေးကောက်ပွဲနင့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲများတွင် ကိုယ်စားလှယ်တစ်ဦးမျှ အနိုင်ရရှိခဲ့ခြင်းမရှိချေ။
ပြီးခဲ့သော ရွေးကောက်ပွဲများက ကျားဖြူပါတီသည် ရှမ်းပြည်နယ်ပြင်ပဖြစ်သော ရှမ်းလူမျိုးစုများတည်ရှိရာဒေသများတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ကချင်ပြည်တွင် အမတ်နေရာအနည်းဆုံး သုံးနေရာခန့် အနိုင်ရရှိခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး၏ ကျားဖြူပါတီ တာဝန်ခံတစ်ဦးဖြစ်သော ဦးစိုင်းနိုင်နိုင်ကျော်ကလည်း ဟုမ္မလင်း ရှမ်းနီပါတီ ဆိုင်းဘုတ်တင်ပွဲမတိုင်မီကတည်းက ကျားဖြူပါတီဆိုင်းဘုတ်ကို ဖြုတ်ချခဲ့ပြီးဖြစ်ကြောင်းပြောကြားသည်။
ရှမ်းနီ သတင်းဌာန