Sunday, August 18, 2013

ထိုင်းရဲ အချို့မှ မယ်ဆိုင်မြို့ရောက် မြန်မာပြည်သူများအား ခြိမ်းခြောက်ကာ ငွေညှစ်

0 comments

သြဂုတ်လ(၁၈)ရက်
Photo: ထိုင်းရဲ အချို့မှ မယ်ဆိုင်မြို့ရောက် မြန်မာပြည်သူများအား ခြိမ်းခြောက်ကာ ငွေညှစ်

17.8.2013

သြဂုတ်လ ၁၁ ရက်နေ့၊ နေ့လည်ပိုင်းက ကိုစိုင်းမြသောင်း အပါအ၀င် မိသားစု ၄ ဦးသည် တာချီလိတ်မြို့မှ တဆင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့သို့ အလည်အပတ် နှင့် ဈေးဝယ်သွားရာမှ ထိုင်းရဲတစ်စုက အဝေး တစ်နေရာသို့ ခေါ်ဆောင်သွားပြီး အတင်းအဓမ္မ ခြိမ်းခြောက်ကာ ငွေညှစ်တောင်းခံမှုဖြစ်ပွားခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ကိုစိုင်းမြသောင်းမှ တာချီလိတ်မှတဆင့် မယ်ဆိုင်သို့ သွားလာနေကြသော ပြည်သူများအား သတိရှိစေရန် နှင့် ၎င်းကဲ့သို့ မကြုံစေရန် အသိပေးချင်သည့်အတွက် တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးသို့ သွားရောက်ကာ မြို့နယ် ဒု-ဥက္ကဌ ဦးစိုင်းလုံစံခတ် နှင့် အတွင်းရေးမှူး ဖြစ်သူ ဦးခင်မောင်တင့်တို့အား ပြောကြားခဲ့ကြောင်းသိရသည်။

တာချီလိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှ အဆိုပါကိစ္စနှင့် ပတ်သက်၍ အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် ရည်ရွယ်၍ တာချီလိတ်အွန်လိုင်းသို့ ဆက်သွယ်လာခဲ့ရာ တာချီလိတ်အွန်လိုင်းမှ အဆိုပါကိစ္စနှင့် ပတ်သက်၍ ကာယကံရှင်ဖြစ်သူ ကိုစိုင်းမြသောင်းအား တွေ့ဆုံ၍ NLDရုံး၌ပင် သိလိုသည်များကို
မေးမြန်းခဲ့ရာ ကိုစိုင်းမြသောင်း က အောက်ပါအတိုင်း ဖြေကြားခဲ့ပါသည်။

"၁၁.၈.၂၀၁၃ ရက်၊ တနင်္ဂနွေနေ့က ကျွန်တော်တို့ မိသားစု ၄ ယောက်က တာချီလိတ်ကနေ မယ်ဆိုင်မြို့ကို ဈေးဝယ်ထွက်ရင်း၊ အလည်သွားရင်းနဲ့ ထိုင်းရဲ သုံးယောက်က ကျွန်တော်တို့ကို လူနေအိမ်မဟုတ်တဲ့ နေရာသို့ ခေါ်ဆောင်သွားပြီး ခြိမ်းခြောက် အကျပ်ကိုင်ကာ ငွေညှစ်တောင်းခံမှု လုပ်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ မယ်ဆိုင်မြို့ ဟုန်ဖပလာဇာလမ်းကြားမှာ ဈေးဝယ်ဖို့ သွားနေတဲ့ ကျွန်တော်တို့ မိသားစုရဲ့ အနောက်မှ ဆိုင်ကယ်ကို အကြမ်းမောင်းလာပြီး ကျွန်တော်တို့ သွားနေတဲ့ အရှေ့ကို ဖြတ်ပိတ်လိုက်ပြီး ဆိုင်ကယ်ပေါ်က ဆင်းလာကာ ကျွန်တော့်အမျိုးသမီး လက်ကြားမှာ ညှပ်ထားတဲ့ ပိုက်ဆံအိတ်ကို ဘာမှ မပြောမဆိုပဲ ဆွဲလုပြီး ပိုက်ဆံအိတ်ကို ဖွင့်ကြည့်ပါတယ်။ ပိုက်ဆံအိတ်ကို ဖွင့်ကြည့်ပြီး အိတ်ထဲက ပိုက်ဆံတွေကို တွေ့တော့ ထိုလူက သူ့လူတွေကို သေချာပြီ၊ တွေ့ပြီဆိုတဲ့ သဘောနဲ့ ဖုန်းဆက်ပြောနေတာကို ကြားနေရပါတယ်။

သိပ်မကြာခင်မှာပဲ ဗီဂို့ အမဲရောင် ကားနံပါတ်အနီရောင်နဲ့ ရောက်လာပြီး “ကားပေါ်တက် မင်းတို့ကို ရဲစခန်း ခေါ်သွားမယ်၊ မင်းတို့ကို ထောင်ချမယ်”လို့ ပြောပြီး ကားပေါ်တက်ခိုင်းပါတယ်။ နောက်ထပ်ကား
နှစ်စီး အနောက်ကနေ ထပ်လိုက်လာတယ်၊ စုစုပေါင်း ကားသုံးစီးပြည့်တော့ ရဲစခန်းဘက်ကို သွားပြီး ရဲစခန်းထဲမ၀င်ပဲ တစ်ဖက်ကို ကွေ့သွားတယ်၊ အဲ့ဒီအချိန်မှာ ကျွန်တော်က ရဲစခန်းသွားမယ်ပြောပြီး ဘာဖြစ်လို့ ရဲစခန်းထဲ မ၀င်တာလဲလို့ မေးလိုက်တဲ့အခါမှာ မင်းတို့ကို ငါ့ရဲ့ လူကြီးအိမ်ကို ခေါ်သွားမယ်ပြောပြီး ကားလမ်းတစ်လျှောက် အမြန်မောင်းသွားခဲ့ပါတယ်။

သွားနေရင်း လိုတပ်ကုန်တိုက် ကျော်သွားပြီး ၀မ်ထန် စစ်ဆေးရေးဂိတ်နားကို ရောက်တော့ ကားမောင်းတဲ့လူက မင်းတို့တွေ တိတ်တိတ်နေ အသံမထွက်စေနဲ့၊ အိနြေ္ဒရှိရှိနေလို့ပြောပြီး သတိပေးပါတယ်။ သဘောကတော့ သူတို့ မဟုတ်တာလုပ်မှာကို အခြားရဲတွေ မသိစေချင်တဲ့ သဘောပါပဲ။ စစ်ဆေးရေးဂိတ်က ရဲ တစ်ယောက်က လာပြီးတော့ ဘယ်သွားမလဲ မေးတဲ့အခါ ကားမောင်းတဲ့လူက လုပ်စရာရှိလို့ ဒီနားလို့ ပြောပြီး ကားဆက်မောင်းသွားပြီး ရှေ့လမ်းကြားတစ်နေရာကို ကွေ့ဝင်သွားပါတယ်။

စစကွေ့ဝင်တဲ့နေရာကနေ တစ်ကီလိုလောက် အကွာအဝေးရှိတော့ ခြံဝန်းကျယ်တဲ့ နေရာကို ရောက်သွားခဲ့ပါတယ်။ အဲ့ဒီခြံဝန်းထဲမှာ တစ်ထပ်တိုက်အိမ်တစ်လုံးရှိပါတယ်။ အဲ့ဒီအိမ်ထဲကို ကျွန်တော်တို့ မိသားစု ၄ ယောက်ကို အိမ်ထဲဝင်ဆိုပြီးတော့ ပြောပါတယ်။

အိမ်ထဲကို ရောက်တော့ မိသားစုလေးယောက်လုံးဟာ ကြောက်စိတ်တွေဖြစ်နေကြပါတယ်။ တခြားကို ဆက်သွယ်လို့ မရအောင်လည်း ကျွန်တော်တို့ရဲ့ ဖုန်းတွေကို သူတို့ အကုန်သိမ်းထားပါတယ်။ အရင်တုန်းက ထိုင်းရဲတွေက ဗမာဘက်ကမ်းက လူတွေကို တစ်နေရာကို ခေါ်သွားပြီး နှုတ်ပိတ်တဲ့အနေနဲ့ သတ်ပစ်တာမျိုးတွေ ရှိခဲ့ဖူးတယ်ဆိုတာတွေကို ကြားဖူးနေတော့ ကျွန်တော်တို့မိသားစုလည်း ငါတို့ကို သတ်ရင်တော့ ဒုက္ခပဲဆိုပြီး စိုးရိမ်ပြီးတော့ ကြောက်ရွံ့နေမိပါတယ်။

ကျွန်တော့်အမျိုးသမီး နဲ့ ကျွန်တော်ကို တစ်ယောက်တစ်နေရာစီ ထားပြီး စစ်ဆေးမေးမြန်းမှုတွေ လုပ်ပါတယ်။ မင်းတို့နားမှာ ငွေတွေ ဒီထက်များများရှိမှာ သေချာတယ်။ ဘယ်မှာ ရနိုင်သေးလဲ ရမဲ့နေရာကို ဖုန်းဆက်တောင်း ဆိုပြီး အမျိုးမျိုး ခြိမ်းခြောက်ပြီး ငွေညှစ်ပါတယ်။

ကျွန်တော်က ဘုန်းကြီးကျောင်းဆောက်လုပ်ရာမှာ ကန်ထရိုက်ယူထားတာဖြစ်လို့ ဘုန်းကြီးကျောင်း ဆောက်လုပ်ရာမှာ အသုံးပြုမဲ့ ပစ္စည်းတွေဝယ်ဖို့ ငွေ တစ်သိန်းခြောက်သောင်းကိုးထောင်ဘတ် ပါလာပါတယ်။ ဒါကို သူတို့က ငွေရှိတယ်၊ မှုးယစ်ဆေးဝါးဂိုဏ်းကဆိုပြီး စွပ်စွဲကာ အတင်းငွေညှစ်ပါတယ်။ နောက်ထပ် ဘယ်သူ့နားက ရနိုင်သေးလဲ၊ ရနိုင်သလောက် ဖုန်းဆက်တောင်းပေး ဆိုပြီး ပြောလာပါတယ်။

ဒီလိုနဲ့ ကျွန်တော့်ကို မေးတာ အဆင်မပြေလို့ ကျွန်တော့်အမျိုးသမီးကို နောက်ထပ် အခန်းတစ်ခန်းထဲကို ခေါ်ပြီးစစ်ပါတယ်။ ကျွန်တော်လည်း စိတ်မချလို့ သမီးလေးကို လိုက်ကြည့်ခိုင်းလိုက်တော့ သူ့အမေငိုနေတာကိုတွေ့လို့ သမီးကလည်း ငိုနေတယ်၊ သမီးငိုတော့ သားလည်း ငိုတယ်၊
ကျွန်တော့်အမျိုးသမီးကို ဒီပိုက်ဆံတွေက ဘယ်က ရတာလဲ၊ ဘာအလုပ်လုပ်လဲလို့ မေးလာပါတယ်။
ကျွန်တော့် အမျိုးသမီးကလည်း မိုင်းဖြတ်-တာချီလိတ် အရောင်းအ၀ယ်လုပ်တယ်၊ သုံးဘီးဆိုင်ကယ်ပြေးဆွဲတယ်၊ ကန်ထရိုက်လုပ်တယ်လို့ ဖြေလိုက်တဲ့အပြင် ကျွန်မ ခင်ပွန်းက မူးယစ်ဆေးဝါးနဲ့ပတ်သက်တာ ဘာမှမလုပ်ပါဘူး၊ ကောင်းရောင်းကောင်းဝယ်ပဲ လုပ်တာပါ၊ တာချီလိတ်မှာ စုံစမ်းကြည့်ပါ နာမည်ပျက်မရှိပါဘူးလို့ ဖြေလိုက်ပါတယ်။

နောက်ဆုံး ကျွန်တော်တို့ကို အမျိုးမျိုးခြိမ်းခြောက်မေးမြန်း ငွေညှစ်တာမရတော့တဲ့အခါမှာ ထိုင်းရဲက အခုပါလာတဲ့ ငွေတွေကို ငါတို့ယူလိုက်မယ်၊ မင်းကျေနပ်လားလို့မေးလာပါတယ်၊ ကျွန်တော်က လူမသေငွေမရှား အသက်ရှင်နေသ၍ ငွေရှာလို့ရတယ်လို့ ပြောပြီး ပိုက်ဆံတွေကို ယူချင်ယူ လူကိုပြန်လွှတ်ပေးရင် ရပြီလို့ပြောလိုက်တဲ့အခါမှာ သူတို့က ပိုက်ဆံအကုန်ယူမယ်၊ ပြန်လွှတ်ပေးမယ်၊ အဲ့ဒီအတွက် မင်းတို့ လက်မှတ်ထိုးခဲ့ပေးရမယ် ဆိုပြီး ကျွန်တော်တို့ နားမလည်တဲ့ ထိုင်းစာနဲ့ ရေးပြီး လက်မှတ်ထိုးခိုင်းပါတယ်။

ဒီထဲက စာတွေကို မဖတ်တတ်လို့ မေးတဲ့အခါမှာ မင်းစကားသိပ်မများနဲ့ လက်မှတ်ထိုးစရာရှိတာထိုး ဆိုပြီး ထိုးခိုင်းပါတယ်။ ကျွန်တော်တို့ကို အစဖျောက်ပစ်မှာ ကြောက်လို့၊ နောက်ပြီး ပြန်မလွှတ်မှာလည်း ကြောက်လို့ ကျွန်တော်နားမလည်တဲ့ ထိုင်းဘာသာနဲ့ ရေးထားတဲ့ပေါ်မှာ လက်မှတ်ထိုးခဲ့ရပါတယ်။ လက်မှတ်ထိုးပြီးတဲ့နောက် သိမ်းထားတဲ့ ဖုန်းတွေ ပစ္စည်းတွေ ပြန်ပေးပြီး ငွေ တစ်သိန်းနှစ်သောင်းဘတ်ကို ယူသွားပြီး ကျန်တဲ့ ငွေကို ပစ္စည်းသွားဝယ်ပြီးပြန်တော့လို့ ပြောပြီး ခေါ်သွားတဲ့နေရာကို ပြန်လာပို့ပေးသွားပါတယ်။

ကျွန်တော်လည်း တာချီလိတ်ဘက်ကိုပြန်ပြီး အမျိုးသမီးနဲ့ သားသမီးတွေကို ထားခဲ့ကာ သူငယ်ချင်းတစ်ယောက်နဲ့ မယ်ဆိုင်ရဲစခန်းကို ညနေ ၄နာရီခွဲခန့်မှာ အမှုသွားဖွင့်ပါတယ်။ အမှုသွားဖွင့်တော့ တာဝန်ကျရဲတစ်ယောက်က အမှုတော့ဖွင့်ပေးမယ်၊ ဒါပေမဲ့ သူတို့ဟာ ရဲမဖြစ်နိုင်ဘူး၊ ရဲဟုတ် မဟုတ်ဆိုတာကို စခန်းထဲမှာ ကပ်ထားတဲ့နေရာကို ကြည့်ကြည့် လို့ ပြောပေမဲ့ သွားကြည့်တဲ့ အခါမှာ သူတို့ပုံ မရှိဘူး၊ ဒီနေ့ ဘယ်သူနားလဲ၊ အဲ့ဒီဖက်မှာ ဘယ်သူ တာဝန်ကျလဲလို့ ရဲတစ်ယောက်ကို ထပ်မေးနေချိန် တာဝန်ကျ ရဲတစ်ယောက်ရဲ့ ဖုန်းကို ဖုန်းခေါ်ဆိုမှု တခုဝင်လာတာကို ကြားနေရပါတယ်။ အဲ့ဒီအခါမှာ ကျွန်တော်တို့ ကိစ္စကို ပြောပြနေသံကြားရပါတယ်။

ဖုန်းပြောနေရင်း ဒီနေ့ နားတဲ့ ရဲ စာရင်းကို မေးတဲ့အခါမှာ ကျွန်တော်တို့ကို ငွေညှစ်တဲ့ ရဲတွေပါနေတာကို သိရပါတယ်။ ငွေညှစ်တဲ့ ရဲတွေကို တာဝန်ကျရဲက ဖုန်းထဲကနေ မေးမြန်းမှုတွေ လုပ်တဲ့အခါမှာ ငွေညှစ်တဲ့ ရဲတွေက မဟုတ်ပါဘူး၊ မလုပ်ပါဘူးဆိုပြီး ငြင်းပါတယ်၊ ဒီလိုနဲ့ အထောက်အထားတွေရှိကြောင်း တာဝန်ကျရဲက ပြောလိုက်တဲ့အခါမှာ ဟိုဘက်ရဲက ၀န်ခံလာပါတယ်။ ၀န်ခံလာတဲ့ ရဲကို တာဝန်ကျ ရဲက စခန်းကို လာဖို့ ခေါ်တဲ့အခါမှာ အခုလောလောဆယ်တော့ မအားသေးလို့ ခဏနေ လာခဲ့မယ်ပြောပေမဲ့ ချက်ချင်းရောက်မလာပဲ ည ၆နာရီခွဲမှာ ရောက်လာခဲ့ပါတယ်။

ရောက်လာတဲ့အခါမှာ ကျွန်တော်တို့နားက ယူထားတဲ့ ငွေတွေနဲ့ လက်မှတ်ထိုးထားတဲ့ စာရွက်ကို ယူပြီးတော့ တာဝန်ကျရဲကို လွှဲပေးပါတယ်။ တာဝန်ကျရဲက နှစ်ဦးနှစ်ဖက် မေးမြန်းမှုတွေလုပ်ပြီးတော့ တာဝန်ကျ ရဲက ၎င်းနှင့်မပြီးကြောင်း အထက်ကို တင်ပြမှ ဖြစ်တော့မယ်ပြောကာ ပိုက်ဆံကို စာအိတ်အကြီးထဲ ထည့်ကာ ငွေညှစ်သူတွေကို စာအိတ်ပေါ်မှာပဲ လက်မှတ်ထိုးခိုင်းပြီး ကျွန်တော့်ကို လက်မှတ်ထိုးခိုင်းတော့ ကျွန်တော်က ထိုင်းစာမတတ်လို့ လက်မှတ်မထိုးပဲ လက်ဗွေနိပ်ခဲ့ပါတယ်။
ငွေတွေကို စခန်းက သိမ်းထားပြီး အခုကိစ္စအတွက် ၁၂ရက် နံနက် ၁၀ နာရီမှာ စခန်းကို လာဖို့ ချိန်းပါတယ်။

သူတို့ချိန်းတဲ့ ၁၀နာရီမှာ မယ်ဆိုင်ရဲစခန်းကို သွားတဲ့အခါမှာ မေးမြန်းမှုတွေ ထပ်လုပ်ပါတယ်။ မေးမြန်းမှုတွေ ထပ်လုပ်တော့ ခု လောလောဆယ် လူကြီးမရှိသေးဘူး၊ ဒီကိစ္စက အခု ပြီးနိုင်မှာမဟုတ်ဘူး၊ တရားရုံးတင်မှ ရမှာလို့ ပြောလာတော့ ကျွန်တော်က အမှုပြန်ဖွင့်မယ်လို့ ပြောလိုက်တော့ သူတို့က လက်မခံဘူး၊ တာဝန်ကျရဲက သူ့လူကြီးဆီကို တိုက်ရိုက်ဖုန်းဆက်ပြီး ပြောတဲ့အခါမှာ သူတို့လူကြီးက အမေနေ့ အခမ်းအနားမှာ ရောက်နေလို့ ခဏစောင့်ခိုင်းထားပါတယ်။

အခမ်းအနားလည်းပြီးရော ၁၁နာရီခွဲကျော်ကျော်မှာ စခန်းကို ရောက်လာပြီး သူ့ရုံးခန်းထဲကို လာဖို့ ကျွန်တော်တို့ကိုခေါ်တော့ အခန်းထဲကို ၀င်သွားခဲ့ပါတယ်။ အခန်းထဲလည်းရောက်ရော မနေ့က ကိစ္စပြီးပြီမလား၊ ကျေနပ်ပြီမလားလို့ မေးလာပါတယ်။ အဲ့လိုမေးလာတော့ ကျွန်တော်က မရသေးပါဘူးလို့ ဖြေလိုက်ပါတယ်။ အဲ့ဒီအခါမှာ သူ့တပည့်မှားကြောင်း ခွင့်လွှတ်ပေးပါ၊ ဘယ်မှ မတိုင်ပါနဲ့ ဒီမှာပဲ ကျေအေးပေးပါလို့ ပြောပြီး တာဝန်ကျရဲနားက ငွေထည့်ထားတဲ့ စာအိတ်ကို ယူပြီး တောင်းပန်စကားပြောကာ ပြန်ပေးလာပါတော့တယ်။

အခုလိုပြန်လည်ပြောပြတာကလည်း နောက်လူတွေ မခံရအောင်လို့ ခံရရင်လည်း ကူညီနိုင်တဲ့လူတွေဆီကို သွားပြီး အကူအညီတောင်းခံနိုင်ဖို့အတွက် ပြောပြခြင်းဖြစ်ပါတယ်"ဟု ကိုစိုင်းမြသောင်းမှ ၎င်းကြုံခဲ့ရသည့် အဖြစ်အပျက်အား အခုလို ရှင်းလင်းပြောကြားတာဖြစ်ပါသည်။

"ကျွန်တော်တို့ တိုင်းရင်းသားတွေဟာ တစ်ဖက်နိုင်ငံ မယ်ဆိုင်မြို့မှာ ဒီလိုမျိုး ခံနေရတာ ရာနဲ့ချီရှိနေပြီ၊ တစ်ချို့ မြန်မာအမျိုးသမီးတွေဆိုရင် ကိုယ်တုံးလုံးချွတ် စစ်ဆေးပြီး ဓါတ်ပုံရိုက်တဲ့ထိ လုပ်ပြီး ငွေတောင်းတာတွေ ငွေညှစ်တဲ့အထိ ပြုလုပ်လာတာတွေကို ကျွန်တော်တို့ သိရှိ ကြားသိထားပါတယ်"ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(တာချီလိတ်)မှ မြို့နယ် အတွင်းရေးမှူး ဦးခင်မောင်တင့်က ပြောကြားသည်။

"ဟိုအရင်တုန်းကတည်းက အခုလို ဖြစ်စဉ်တွေ အများကြီးကြားခဲ့ပါတယ်၊ သိခဲ့ပါတယ်၊ အရင်တုန်းက သက်ဆိုင်ရာတွေဟာ ကျွန်တော်တို့ ပြည်သူတွေ ဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးခဲ့တာမျိုး မကြားမိပါဘူ။၊ ဖြစ်လိုက်ရင် ခံလာရတာတွေ အများကြီးပဲ၊ ကျွန်တော်တို့ တိုင်းရင်းသားတွေအတွက် တော်တော်လေးကို ခံစားရပါတယ်။ အခုတော့ သက်ဆိုင်ရာတွေ အားလုံးပါဝင်လက်တွဲပြီး သူများနိုင်ငံမှာ သွားရောက်ပြီးတော့မှ အကြောင်းအမျိုးမျိုးပြပြီး ငွေညှစ်ခံရတဲ့ ကိစ္စတွေကို ကာကွယ်ပေးမယ်လို့ မျှော်လင့်ပါတယ်"ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(တာချီလိတ်)မှ မြို့နယ် ဒု-ဥက္ကဌ ဦးစိုင်းလုံစံခတ်မှ ပြောကြားလာသည်။

အထက်ပါဖြစ်ရပ်များနှင့် ပတ်သက်၍ မယ်ဆိုင်မြို့သို့ သွားရောက်ပြီး အကြောင်းအမျိုးမျိုးပြကာ ငွေညစ်ခံရသည့် မြန်မာ ပြည်သူများအား မည်သို့ ကူညီပေးနိုင်မည့်အကြောင်းကို သိလို၍ တာချီလိတ်ခရိုင်အုပ်ရေးမှူး ဦးသောင်းတင်ထွေး ထံ သွားရောက်တွေ့ဆုံ မေးမြန်းရာ" သြဂုတ်လ ၁၂ ရက်နေ့က မယ်ဆိုင်မြို့မှာ မြန်မာဘက် လူက ဂတ်စ်အိုး နှစ်လုံးဝယ်လို့ဆိုပြီး ဘန်ကောက်ရဲတွေ ဖမ်းထားတာနဲ့ ပတ်သက်ပြီး ကူညီပေးနိုင်ရန်အတွက် ၁၃ ရက်နေ့မှာ မယ်ဆိုင်မြို့ပိုင် နဲ့ သက်ဆိုင်ရာအဖွဲ့တွေကို တာချီလိတ်ခရိုင်ထွေ/အုပ်ရုံးမှာပဲ တွေ့ဆုံ ဆွေးနွေးဖြစ်ပါတယ်။ အဲ့ဒီဆွေးနွေးမှုမှာ ကြားသိထားရတဲ့ ကိစ္စတွေဖြစ်တဲ့ ဆီးစစ်တဲ့ ကိစ္စတွေ၊ ဘဏ်ကနေ ငွေထုတ်လာတဲ့ လူတွေကို အတင်းငွေညှစ်တဲ့ ကိစ္စတွေအပြင် နောက်ပိုင်း အခုလို တွေဖြစ်လာရင် တာဝန်ယူဖြေရှင်းပေးကြဖို့အတွက် ဆွေးနွေးဖြစ်ပါတယ်"ဟု တာချီလိတ်အွန်လိုင်းသို့ ရှင်းပြပါသည်။

တဆက်တည်းမှာပင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူးထံ သွားရောက်တွေ့ဆုံ မေးမြန်းရာ "တာချီလိတ်ဘက်ကနေ သွားရောက်ပြီး ထိုင်းဘက် မယ်ဆိုင်မှာ အကြောင်းမျိုးစုံပြပြီး ငွေညှစ်တာတွေ ခံနေရတဲ့ ကိစ္စနဲ့ပတ်သက်ပြီး၊ မြန်မာဘက်က သက်ဆိုင်ရာတွေနဲ့ မယ်ဆိုင်မြို့ပိုင်နဲ့ ပူးပေါင်းပြီး ကူညီပေးဖို့ စီစဉ်ထားပါတယ်။ မြန်မာပြည်သူတွေအနေနဲ့ တဖက်မှာ အခုလို ဒုက္ခမျိုးနဲ့ ကြုံလာရင် မြန်မာဘက်ကို ဆက်သွယ်အကူအညီတောင်းနိုင်ဖို့ ဖုန်းနံပါတ်တွေ ဖော်ပြပေးထားမှာပါ၊ အရေးကြုံလို့ ဖုန်းနံပါတ်တွေကို ဆက်လာရင် ချက်ချင်းပဲ ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်"ဟု ရှင်းပြပါသည်။

တာချီလိတ်မှ မယ်ဆိုင်မြို့သို့ သွားရောက်ပြီး အလုပ်လုပ်ကိုင်သော ပြည်သူများဖြစ်စေ၊ ဘဏ်သို့ ငွေသွားထုတ်သူများဖြစ်စေ၊ အလည်အပတ်သွားသူများဖြစ်စေ အထက်ပါ ပြဿနာများရှိခဲ့ပါက မြန်မာဘက်သို့ ဆက်သွယ်နိုင်မည့် အချက်အလက်အပြည့်စုံပါ သတင်းအား တာချီလိတ်အွန်လိုင်းမှ ဆက်လက်ဖော်ပြပေးပါမည်။

Tachileik Online News

Leave a Reply

Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here