Wednesday, August 28, 2013

ကျောက်မျက် စခန်းတွင် ကျောက်မျက်အတု လိမ်ရောင်းသူ ပိုများလာဟုဆို

0 comments

28.8.2013

မန္တလေး မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး စခန်းတွင် ကျောက်စိမ်းအတု ရောင်းချသူများ ပိုများလာသဖြင့် ဥပဒေအရ ထိရောက်စွာ အရေးယူစေလိုကြောင်း အဆိုပါစခန်း အခြေစိုက် ကျောက်စိမ်း ကုန်သည်များက ပြောကြားသည်။

အဆိုပါ စခန်းတွင် အရည်ကျောက်၊ တရုတ်ကျောက်နှင့် ဆေးဆိုး ကျောက် များကို အုပ်စုဖွဲ့ ရောင်းချ မှုများ ပိုများလာသဖြင့် ကျောက်စိမ်းဈေးကွက် ထိခိုက်စေနိုင်ကြောင်း အဆိုပါ ကျောက်ကုန်သည် များက ပြောကြားသည်။

“ကျောက်စိမ်းအတု အဝယ်မှားတဲ့သူက သွားတိုင်လည်း အမှုဖွင့် အရေးယူ တာမျိုး ရှိပေမယ့် တရားခံ ဖမ်းမိတာမျိုး နည်းတယ်။ ရောင်းတဲ့သူကလည်း နာမည် အမှား၊ လိပ်စာ အမှား ပေးတာမျိုးရှိတော့ မမိတာမျိုးလည်း ရှိတယ်” ဟု ယင်းကျောက်မျက်စခန်း အခြေစိုက် ကျောက်စိမ်းကုန်သည် ဦးဆယ်သန်းက ဆိုသည်။

ယင်းစခန်းတွင် နှစ်ဦး တစ်ဖွဲ့၊ သုံးဦး တစ်ဖွဲ့ခန့်ဖြင့် ဦးရေ ၃၀ ခန့် ကျောက်စိမ်းအတု ရောင်းချနေမှုများ ရှိကြောင်း မန္တလေးမြို့တော် အခြေစိုက် ကျောက်စိမ်း ကုန်သည် တစ်ဦးက ပြောကြားသည်။

အဆိုပါ ကျောက်စိမ်းအတု လိမ်လည်သူများသည် နိုင်ငံခြားသားများကို အဓိက ပစ်မှတ်ထား ရောင်းချမှုများ ရှိပြီး တရုတ် လူမျိုးများ ကျောက်စိမ်း ဝယ်ယူရာတွင် အများဆုံး လိမ်လည်ခံရကြောင်း ၎င်းက ထပ်မံ ပြောကြား သည်။

“ခုနောက်ပိုင်း တရုတ်လူမျိုး ကျောက်စိမ်း ဝယ်တဲ့သူကလည်း ကျောက်ကို အတု ဟုတ် မဟုတ် စစ်ဆေးပြီးမှ ပိုက်ဆံချေတာမျိုး လုပ်လာတာ ရှိတော့ ခုနောက်ပိုင်း လိမ်လည်ခံရမှု နည်းလာတယ်။ ဒါပေမဲ့ ဥရောပ နိုင်ငံခြား သားတွေ လာပြီဆိုရင် ဝိုင်းအုံ ရောင်းချတာ။ တချို့တွေလည်း အတုတွေ ပါတယ်” ဟု ဦးဆယ်သန်းက ထပ်မံ ဆိုသည်။

ကျောက်စိမ်းအတု ရောင်းမှား ဝယ်မှား ဖြစ်ပါက မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး ကော်မတီမှ ဖြေရှင်းပေးမှုများ ရှိကြောင်း ရောင်းသူနှင့် ဝယ်သူ ထိပ်တိုက်တွေ့ပေးကာ ဝယ်ယူ ထားသည့် ငွေကြေး ပမာဏအတိုင်း ပြန်လည် ပေးအပ်စေရန် ညှိနှိုင်းပေးမှု ရှိကြောင်း အဆိုပါ ကျောက်မျက် ရောင်းဝယ်ရေး စခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ကျောက်စိမ်းအတု ဝယ်မိတာဆိုရင် ရဲစခန်းမှာ ပုဒ်မ ၄၂၀ နဲ့ အမှုဖွင့်လို့ ရတယ်”ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

လက်ရှိ ရေးဆွဲနေသည့် မန္တလေးတိုင်းဒေသကြီး ကျောက်မျက်ရတနာနှင့် ပတ်သက်သည့် ဥပဒေတွင် ကျောက်မျက် လိမ်လည် ရောင်းချမှုများအတွက် ထိရောက်သည့် ပြစ်ဒဏ်များ ထည့်သွင်း ရေးဆွဲပေးစေ လိုကြောင်း ကျောက်စိမ်း ကုန်သည် တစ်ဦးက ပြောကြားသည်။

လက်ရှိ ရေးဆွဲနေသည့် အဆိုပါ ဥပဒေအတွက် ညှိနှိုင်း အစည်းအဝေးကို သြဂုတ်လ ၂၈ ရက်နေ့တွင် ပြုလုပ်ရန် အစီအစဉ် ရှိကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ အသိုင်းအဝိုင်းထံမှ သိရသည်။

ကျောက်ဖြတ် ကျောက်သွေးခြင်းဆိုင်ရာ ဥပဒေ ရေးဆွဲရာတွင် အတု ပြုလုပ် လိမ်လည် ရောင်းချခြင်း အတွက် ပြစ်မှုနှင့် ပြစ်ဒဏ်များ ထည့်သွင်း ရေးဆွဲ သွားမည် ဖြစ်ကြောင်း သစ်တောနှင့် သတ္တုဝန်ကြီး ဦးသန်းစိုးမြင့်က ပြောကြားသည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here