မြိတ်ကျွန်းစု အတွင်းရှိ ငါးဖမ်းစက်လှေများကို တွေ့ရစဉ်
တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ ကုန်သည် လုပ်ငန်းရှင်များ၊ ကမ်းရိုးတန်းသွား သင်္ဘောများ၊ အမြန်ရေယာဉ်များ၊ စက်လှေများ အနေဖြင့် ပင်လယ်ရေကြောင်း မှတစ်ဆင့် ရန်ကုန်ဆိပ်ကမ်းသို့ ကုန်သွယ်ရာတွင် တရားဝင် လမ်းကြောင်းဖြင့်သာ ကုန်သွယ်ရန် လိုအပ်ကြောင်း စက်တင်ဘာ ၁ ရက်မှစပြီး အရေးယူ ကာလအဖြစ် ဆောင်ရွက်တော့မည် ဖြစ်သောကြောင့် တရားမ၀င် ကုန်သွယ်မှုများ ပြုလုပ်ပါက အရေးယူ ဆောင်ရွက်ခံရမည် ဖြစ်ကြောင်း မြိတ်ခရိုင် ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ဇော်မိုးက ပြောကြားသည်။
သြဂုတ် ၁၉ ရက်တွင် မြိတ်မြို့ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း၌ ပြုလုပ်သည့် လုပ်ငန်းရှင်များနှင့် မီဒီယာများအား ခေါ်ယူတွေ့ဆုံရာတွင် ရှင်းလင်းပြောကြားခဲ့ပြီး ဒေသခံများနှင့် မသိနားမလည်၍ ပြုလုပ်သူများ မရှိမဖြစ်ရလေအောင် ရှင်းလင်းတင်ပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
''ကျွန်တော်တို့ ဌာနအနေနဲ့ ကြိုတင်အသိပေး ရှင်းလင်းရတာပါ။ မလိုအပ်တဲ့ ဆုံးရှုံးနစ်နာမှုတွေ မဖြစ်ရအောင် ဒီကဒေသခံတွေ၊ လုပ်ငန်းရှင်တွေကို နားလည်အောင် ဆွေးနွေးတင်ပြတာပါ။ မိမိတို့နှင့် သက်ဆိုင်တဲ့ ကုန်သည်များ၊ အမြန်ရေယာဉ်များနှင့် စက်လှေများ အသင်းတွေ အနေနဲ့လည်း ထပ်ဆင့်ရှင်းပြပေးဖို့ လိုပါမယ်။ အခုသြဂုတ် ၁၂ ရက်ကနေ ၃၁ ရက်အထိကို အသိပညာပေး ကာလအဖြစ် သတ်မှတ်ထားပြီး လာမယ့် စက်တင်ဘာ ၁ ရက်ကစပြီး အရေးယူ ကာလအဖြစ် စတင်ဆောင်ရွက်သွားဖို့ ရှိပါတယ်။ ရန်ကုန်ဆိပ်ကမ်း နယ်မြေမှာ ဆောင်ရွက်လျက်ရှိတဲ့ လုပ်ငန်းများကို ရှင်းလင်းသိရှိ စေလိုပါတယ်။ ကော့သောင်း၊ မြိတ်နဲ့စစ်တွေ မြို့တွေမှာလည်း အခုလို ဆွေးနွေးရှင်းလင်းတာတွေ လုပ်နေပါတယ်'' ဟု ဦးအောင်ဇော်မိုးက ပြောကြားသည်။
တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ပဲခူးမြစ်၊ လှိုင်မြစ်နှင့် ပင်လယ်ဝဆိပ်ကမ်း နယ်မြေများတွင် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး အတွက် (Mobile Team) ရန်ကုန်ဆိပ်ကမ်း နယ်မြေအတွက် သြဂုတ် ၁၂ ရက်မှ စတင်ပြီး ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။
''ရန်ကုန်မြစ် အတွင်းကို ၀င်ရောက်လာတဲ့ အပြည်ပြည်ဆိုင်ရာ သင်္ဘောများမှအပ ကန်းရိုးတန်းသွား ရေယာဉ်၊ သင်္ဘောများ အားလုံးပင်လယ်ဝ (တော်ကလု) ရဲရင့်မာန် သင်္ဘောမှာ ပါလာတဲ့ ကုန်စာရင်းတွေ၊ ဆိုက်ကပ်မယ့် ဆိပ်ကမ်းစာရင်းများကို တင်ပြရမှာ ဖြစ်ပါတယ်။ ခရီးသည်တင် အမြန်ရေယာဉ် တွေကအစ မိမိတို့ ခရီးသည်များမှာ ပါလာတဲ့ ကုန်စည်တွေကို တင်ပြရမှာ ဖြစ်ပါတယ်။
ပြည်တွင်းမှာ သယ်ယူရတာပဲ ဖြစ်တယ်၊ တင်ပြစရာ မလိုဘူးလို့ဆိုပြီး မရပါဘူး။ ကုန်စည်အတိုးအလျှော့၊ အလွဲအမှား ဖြစ်နိုင်တဲ့ အတွက် တင်ပြရမှာ ဖြစ်ပါတယ်'' ဟု ဦးအောင်ဇော်မိုးက ပြောကြားသည်။
ပင်လယ်ရေကြောင်း ကုန်သွယ်မှုအား ဖမ်းဆီးရာတွင် ပြည်တွင်းကမ်းရိုးတန်း ဆိပ်ကမ်းများ ဖြစ်သည့် သာကေတ၊ ယုဇန၊ နန်းသီတာ၊ ၀ါးတန်း၊ ဗားကရာ၊ ချောင်းဝနှင့် ဘုရင့်နောင်ဆိပ်ကမ်း နယ်မြေများတွင် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။
EMG