တနင်္သာရီမြို့အတွင်းရှိ မြေနိမ့်ပိုင်းတွင် ရေကြီး၊ ရေလျှံမှုများ
ဖြစ်ပေါ်နေသည်ကို သြဂုတ်လ ၂ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ - ဇော်မိုးဦး)
မြန်မာနိုင်ငံ ဒေသအများစုတွင်ယခုရက်ပိုင်းအတွင်းမုတ်သုံမိုးကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသော်
လည်း မုန်တိုင်းမိုးကိုသာ အားကိုးရသည့် မြန်မာနိုင်ငံ
အလယ်ပိုင်း ဒေသများတွင် မိုးခေါင်မှုများ ဆက်လက်ကြုံတွေ့ ရနိုင်ကြောင်း
မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများတွင် ယင်းကဲ့သို့ မိုးရွာသွန်းမှု အနည်းငယ်သာရှိပြီး မိုးခေါင်နေဆဲ ဖြစ်သောကြောင့် တောင်သူများ မိုးစပါး ထွန်ယက်စိုက်ပျိုးရန် အခက်ကြုံတွေ့ နေရကြောင်းလည်း ဒေသခံများထံမှ သိရသည်။
"အခု ဒေသအများစုမှာ ရေကြီးနေတယ် ဆိုတာက မုတ်သုံမိုးကြောင့်ပါ။ မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသတွေက မုတ်သုံမိုး မရတော့ ရေမကြီးဘူး။ မုန်တိုင်းမိုး မဟုတ်တဲ့အတွက် အလယ်ပိုင်းဒေသတွေမှာ မိုးရရှိဖို့ အခွင့်အလမ်း ဆုံးရှုံးတာပေါ့" ဟု မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားခဲ့သည်။
ထို့ပြင် မြောက်ပစိဖိတ် သမုဒ္ဒရာ အနောက်ပိုင်းတွင် ကိုးကြိမ်မြောက် ဖြစ်ပေါ်သည့် တိုင်ဖွန်းမုန်တိုင်း (JEBI) သည် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းမှ ဖြတ်သန်းဝင်ရောက်လျက် ရှိကြောင်း၊ ယင်းကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းအပေါ် အကျိုးသက်ရောက်မှုနည်းကာ မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများတွင် မိုးရရှိဖို့ အခွင့်အရေး လျော့နည်းသွားကြောင်း ဦးထွန်းလွင်က ဆက်လက်ပြောပြခဲ့သည်။
တိုင်ဖွန်းမုန်တိုင်း မြန်မာပြည် မ၀င်သည့်အတွက် မိုးရရှိဖို့ အခွင့်အရေးများ ဆုံးရှုံးခဲ့ရသော်လည်း လက်ရှိရေကြီးနေသည့် ဒေသများအတွက်မူ သက်သာသွားသည်ဟု ဆိုနိုင်ကြောင်းလည်း သိရသည်။
သို့သော်လည်း ယခုရက်ပိုင်းအတွင်း မုံရွာ၊ မိတ္ထီလာ၊ မကွေးစသည့် ဒေသများတွင် မိုးရွာသွန်းမှုများ ရှိခဲ့ကြောင်း၊ အလားတူ ညောင်ဦးဒေသတွင်လည်း ဇူလိုင် ၂၇ ရက် နံနက်ပိုင်းက မိုးစတင် ရွာသွန်းခဲ့ကြောင်း၊ ညောင်ဦးအပါအ၀င် ပခုက္ကူ၊ ချောက်ဒေသများတွင်လည်း ယခုရက်အတွင်း မိုးဖွဲ့များ ရွာသွန်းမှု ဖြစ်ပေါ်ခဲ့သော်လည်း ထွန်ယက်စိုက်ပျိုးနိုင်သည့် အနေအထား မရှိခဲ့ကြောင်းလည်း သိရသည်။
"မနေ့က (သြဂုတ် ၂ ရက်)တစ်ရက်ပဲ ရွာသေးတယ်။ နှမ်းစိုက်တောင်သူတွေလည်း အခက်ကြုံနေသလို လာမယ့်နှစ် သောက်ရေအတွက်ပါ စိတ်ပူနေရတယ်" ဟု ကျောက်ပန်းတောင်းမြို့မှ ကိုဇော်မျိုးက ပြောကြားသည်။
ထို့ပြင် ဇူလိုင်လလယ်ပိုင်းသို့ ရောက်ရှိလာသော်လည်း ပခုက္ကူဒေသ တစ်ဝိုက်တွင် မိုးရွာသွန်းခြင်း မရှိသည့်အတွက် မိုးပြန်လည်ရွာသွန်းစေရန် ကျေးရွာအချို့တွင် ရွာရေကန်များအတွက် ငါးရံ့မင်းပရိတ် ရွတ်ဖတ်ကာ ညအချိန်များတွင်ပင် မိုးခေါ်ရိုးရာ လွန်ဆွဲပွဲများ ဇူလိုင်လလယ်ခန့်က ပြုလုပ်ခဲ့ကြကြောင်းလည်း ဒေသခံများက ဆိုပါသည်။
ယခုနှစ် စိုက်ပျိုးရာသီ အစတွင် မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများတွင် မိုးခေါင်မှုကြောင့် ပဲတီစိမ်းနှင့် နှမ်းသီးနှံ စိုက်ခင်းများမှာ ဖြစ်ထွန်းမှုမရှိဘဲ ပျက်စီးခဲ့သဖြင့် စိုက်ပျိုးစရိတ် ဆုံးရှုံးမှုများအပြင် နွားစာရှားပါးခြင်းများလည်း ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများတွင် မိုးခေါင်မှုကြောင့် သီးနှံစိုက်ခင်းများ ဖြစ်ထွန်းမှုမရှိဘဲ ပျက်စီးမှု များပြားခဲ့သကဲ့သို့ မြစ်ဝကျွန်းပေါ် ဒေသနှင့် မြန်မာနိုင်ငံ ဒေသအများစုတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားကာ စိုက်ပျိုးရေး လုပ်ငန်းများတွင် ထိခိုက်ပျက်စီးမှုများ ကြုံတွေ့နေကြောင်း သိရသည်။
သို့သော်လည်း လက်ရှိမိုးလယ် ကာလအတွင်း မိုးရွာသွန်းမှု များနေသည့်အတွက် ကချင်ပြည်နယ် မြောက်ပိုင်းစွန်း၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း အနောက်မြောက်ဘက်ခြမ်း၊ ချင်းပြည်နယ်တောင်ပိုင်း၊ ကရင်ပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင် မြေပြိုမှု အန္တရာယ်များ ကြုံတွေ့ရနိုင်ကြောင်းလည်း Myanmar Climate Change Watch တွင် ထုတ်ပြန်ချက်များအရ သိရသည်။
EMG