29.8.2013
ဦးခင်ညွှန့် (ဗိုလ်ချုပ်ဟောင်း)က သူလည်းပဲ နိုင်ငံရေး အကျဉ်းသားပါပဲ၊
ဒါ့ကြောင့် နိုင်ငံရေး အကျဉ်းသားတွေ ကိစ္စမှာ ပါဝင်လုပ်ကိုင်ချင်ပါသတဲ့။
လွန်ခဲ့တဲ့နှစ်ရက်လောက်က facebook တနေရာမှာ တွေ့လိုက်ရတာပါ။
ဖတ်နေတဲ့
မျက်စိကရော ကိုယ့်မျက်စိမှ ဟုတ်ရဲ့လား၊ နားလည်လိုက်တဲ့ ဦးနှောက်ကရော
ကိုယ့် ဦးနှောက်မှ ဟုတ်ရဲ့လားလို့ မယုံနိုင်အောင် ဖြစ်ခဲ့ရပါတယ်။
ဘယ်သူကမေးလို့ ဒီလူဖြေလိုက်မှန်းလည်း ကျွန်မ မသိလိုက်ရပါဘူး။ သူ့ကို
စိတ်ဝင်စားတဲ့ လူတွေ ရှိမှာပါ။
အမိန့်ဆိုတာကို ဦးလည်မသုန်ထမ်းရွက်ရင်း
အမိန့်ပေးတဲ့လူတွေကပဲ ထောင်သွင်းအကျဉ်းကျသွားတဲ့၊ အာဏာစက်တွေပြင်းထန်လှတဲ့
ယခင် ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးဟောင်း ဘာတွေလုပ်နေသလဲ ဆိုတာ
စိတ်ဝင်စားပြီး မျက်ခြေမပြတ် လေ့လာနေသင့်တာလည်း အမှန်ပါပဲ။
ဒါပေမယ့် သူ့သဘောထားတွေ၊ သူ့အမြင်တွေ၊ သူ့လုပ်ရပ်တွေကို
ကြုံတွေ့ခံစားပြီးမှတော့ ဘာအတွက် သူ့သဘောထားကို မေးမြန်းနေကြပါလိမ့်လို့လဲ
တွေးမိပါတယ်။ သူ့ကိုသရော်ဖို့လား၊ သူ့ကိုပြန်ပြီး နိုင်ငံရေး ပြဇာတ်မှာ
ဇာတ်ဆောင်တစ်ဦးဦးအဖြစ် ဗီလိန်နေရာကပဲဖြစ်ဖြစ် ပြန်ကစေချင်လို့လား။ အခု
ကနေတဲ့ နိုင်ငံရေး ပြဇာတ်ကြီးက စင်ပေါ်က ပြဇာတ် မဟုတ်ဘူး။ ပြည်သူတွေ
ပါဝင်ကခုန်နေတဲ့ ဘ၀ဇာတ်ခုံထဲက နိုင်ငံရေးကဏ္ဍ အခန်းတစ်ခန်းပါ။
စစ်မှန်တဲ့ဒီမိုကရေစီဘ၀ လျှောက်လှမ်းဖို့ ဥပဒေတွေပြင်ဆင်နေတဲ့အချိန်။
လူသားတစ်ဦးရဲ့ ဦးနှောက်ကို ခွဲစိတ်ပြုပြင်သလို နိုင်ငံရဲ့
ဦးနှောက်ကြီးကို ခွဲစိတ်ပြုပြင်နေရတဲ့အချိန်ပါ။ လူ့သားတစ်ဦးရဲ့
အာရုံကြောတွေကို ရှင်သန်အောင် ကုသမှုနည်းလမ်းကို ရှာနေသလို အာရုံကြောတွေ
သေဆုံးနေတဲ့ နိုင်ငံတစ်နိုင်ရဲ့ အာရုံကြောတွေကို ကုသမယ့် နည်းလမ်းကို
ရှာဖွေနေဆဲ အချိန်ပါ။
သတိလေးတစ်ချက်လွတ်သွားရင်
ကိုယ့်ကိုချမယ့်ပြစ်ဒဏ်ကို ကိုယ့်ဖာသာကိုယ် ပြဌာန်းနေတဲ့အချိန်မို့
အရေးကြီးလှတယ်ပေါ့။ အမိန့်တွေကိုချမှတ်တဲ့လူကလည်း
ဘယ်သူ့အကျိုးစီးပွားအတွက်လဲ၊ ချမှတ်လိုက်တဲ့ အမိန့်ကိုလည်း
ဆက်လက်ဖော်ဆောင်တဲ့လူကလည်း ဘယ်သူ့အကျိုးစီးပွားအတွက်လဲ ဆိုတာ
မစဉ်းစားကြတော့ဘူးဆိုရင် ကျွန်မတို့ နိုင်ငံအသိုင်းအ၀ိုင်းက အင်မတန်ကို
အောက်တန်းနောက်တန်းကျတဲ့ အသိုင်းအ၀ိုင်းပေါ့။ အမိန့်ကြောင့် တာဝန်အရ
လုပ်တာပါဆိုတဲ့ စကားတွေနဲ့ ခွင့်လွှတ်မှုကို အရယူနေတဲ့ လူတွေဟာ အမိန့်ကို
မလွဲမသွေဆောင်ရွက်ရမယ်လို့ ဦးနှောက်ထဲရိုက်သွင်းထားလို့ ဘာကိုမှ
မစဉ်းစားဘဲ ဆောင်ရွက်နေ ကြတယ် ဆိုတဲ့စကားဟာ တကယ့်ကို
ယုံကြည်သင့်တဲ့စကားလား။
ပြောတဲ့လူကရော အမှန်တကယ်ကို မိမိအကျိုး
စီးပွားမပါဘဲကို အမိန့်ဆိုရင် လုပ်ကြတာပဲလား။ မဟုတ်ပါဘူး။ အမိန့်ရဲ့
နောက်ကွယ်က မိမိအကျိုးစီးပွားကို ရှေ့ရှုခြင်းက အများကြီးပါဝင်ပါတယ်။
သက်ဆိုင်ရာဘာသာရပ်ကို တစ်ခုခုကို တတ်မြောက်အောင် သင်ယူနိုင်ပြီဆိုရင်
အဲဒီလူဟာ ဦးနှောက် ဥာဏ်ရည်မီတဲ့ လူတစ်ယောက်လို့ ယူဆလို့ရပါတယ်။
ဦးနှောက်ဥာဏ်ရည်မီတဲ့သူဆိုရင် ကိုယ့်လုပ်ရပ်တွေပေါ်မှာ
ဆင်ခြင်နိုင်စွမ်းရှိတဲ့သူဟာ နီးရာဓါးကို ကြောက်လို့ အမိန့်တွေကို
ဦးလည်မသုန်ဆောင်ရွက်ခဲ့တယ်ဆိုရင်လည်း ခတ်ညံ့ညံ့ လူတစ်ယောက်ပါပဲ။
အမိန့်ဟာ မတရားသောအမိန့်၊ ဆက်လက်မဆောင်ရွက်သင့်သော အမိန့်ဆိုရင် ဆက်လက်
မဆောင်ရွက်ဘူးပေါ့။ အဲဒီလိုလား။ မဟုတ်သေးပါဘူး။ မဆောင်ရွက်ရင် ထောင်ကျမယ်။
ကြိုးမိန့်အပေးခံရမယ်။ လာဘ်လာဘတွေ ပျောက်ဆုံးသွားမယ်။ ငါ့သား၊ ငါ့သမီး၊
ငါ့ဇနီး၊ ငါ့ဆွေ၊ ငါ့မျိုး ဒုက္ခရောက်သွားမယ်။ ဒါတွေကို ကြောက်လို့
အမိန့်တိုင်းကို မဆင်ခြင်ဘဲ ဆောင်ရွက်ခဲ့တာပါ။
ဒီလိုဆိုရင် သူ့ရဲ့
အမိန့်နာခံမှုဟာ ရိုးသားဖြူစင်ခြင်းရှိရဲ့လား။ ကိုယ့်သမိုင်းဟာ အလွန်ကို
ဆိုးရွားသွားမယ် ဆိုတဲ့ အသိဟာလည်း သူ့အာဏာစက်ကို သူ့ဖာသာသူ
ယစ်မူးနေတဲ့အတွက် ပျောက်ကွယ် ဆုံးရှုံးခဲ့တာပါပဲ။ သူကြေညာ ဖတ်ပြခဲ့တဲ့ raod
map က တိုင်းပြည်ကိုကယ်ဖို့လား။ ပြည်သူကို မြှင့်တင်ဖို့လား။ ဒါမှမဟုတ်
ကျဉ်းထဲ ကျပ်ထဲ ရောက်နေတဲ့ သူတို့လူတန်းစားကို ကယ်တင်ဖို့လား။ အဖြေရှာရင်
အဖြေထွက်မှာပါ။
ဘာအတွက် ဒီလောက်တောင် ပြည်သူတွေကို ဖိနှိပ်ပြီး
နင်းပြားဖြစ်အောင် နှစ်ပေါင်းများစွာ လုပ်ခဲ့ပါသလဲ။ တိုင်းပြည်ကောင်းစားရေး
ဆိုရင် ခုလောက် တိုင်းပြည်ဟာ နောက်ကျမကျန်ရစ်ခဲ့ပါဘူး။ ပြည်သူ့ အရေးကို
တစ်စိုက်မတ်မတ်ဆောင်ရွက်နေခဲ့တာဆိုရင် ပြည်သူတွေဟာ ခုလောက် ဆင်းရဲပြီး
မကျန်ရစ်ပါဘူး။ သူ့ကျွန် ဖြစ်တုန်းကမှ ဗိုလ်ချုပ်ခမျာ
အိမ်ထောင်ပြုခွင့်လေးရလိုက်ပါရဲ့။ ငါ့ကျွန်ဖြစ်တော့
ကိုမင်းကိုနိုင်တို့အုပ်စု အိမ်ထောင်ပြုခွင့်လေးတောင် မရလောက်အောင်ကို
ဖိနှိပ်ခံဘ၀က၊ အာဏာရှင်လက်ထဲက လွတ်မြောက်အောင်ကြိုးစားရရှာတာပါ။
ထောက်လှမ်းရေးဆိုရင် ကျောချမ်းလှတဲ့ခေတ်ကို ဦးဆောင်တဲ့သူက ခုတော့ သူလည်းပဲ
နိုင်ငံရေးအကျဉ်းသမားဆို တော့ မောင်သော်ကတို့၊ ဦးဝင်းတင်တို့၊ ဇာဂနာတို့၊
ကိုကိုကြီးတို့ကို အားနာစရာကောင်းနေပါပြီ။ သူက အဲဒီ့ နိုင်ငံရေး
အကျဉ်းသမား ဆိုတဲ့ ခေါင်းစဉ်အောက်မှာ နေမယ်ဆိုရင် ကျွန်မသာ ဇာဂနာ
ဖြစ်ခဲ့ရင် ကျွန်တော်တို့ ကတော့ သူပုန် ဆိုပြီး
ခေါင်းစဉ်ပြောင်းလိုက်ပါတော့မယ်လို့သာ ဆိုချင်ပါတယ်။
ဟိုတစ်နေ့က
မိတ်ဆွေတစ်ဦးက သူ့ရဲ့လိပ်စာကတ်ပြားလေး ကျွန်မကို ပေးပါတယ်။
သူ့နာမည်လေးအောက်မှာ ခြောက်ကြိမ်မြောက် နိုင်ငံရေးအကျဉ်းကျခဲ့သူ လို့
ကွင်းစ၊ ကွင်းပိတ်လေးနဲ့ကို ဂုဏ်ယူစွာ ဖော်ပြထားပါတယ်။ ဂုဏ်ယူစရာပေပဲကိုး။
သူ့မှာ အိမ်ခန်းလေးတစ်ခန်းပိုင်တာ ကျွန်မသိတယ်။
ကွန်ဒိုတိုက်ခန်းမဟုတ်ပါဘူး။ အနှစ် လေးဆယ်လောက်အိုမင်းနေတဲ့
တိုက်ဟောင်းလေးထဲက အိမ်ခန်းတစ်ခန်းကိုပဲ ပိုင်ဆိုင်ထားတာ ၁၉၈၉ ထဲကပါ။
နိုင်ငံရေးအရအကျဉ်းကျခံဖူးသူ ဆိုတော့ လူတွေကလည်း သူနဲ့ သိပ်ပြီး
ပတ်ပတ်သက်သက်လုပ်ရင် ဖမ်းမှာကြောက်တော့ မလုပ်ရဲတော့ပါဘူး။ သူ့မိသားစုရဲ့
ဘ၀လှိုင်းတံပိုးကလည်း ကြီးမားလိုက်ပါဘိ။ သူ့ရဲ့
အသက်မွေးဝမ်းကျောင်းမှုကိုလည်း ပိတ်ပင်လိုက်ပြန်တော့ အခက်အခဲဟာ အများကြီးပါ။
မိသားစုရဲ့ တုန့်ပြန်မှုကိုလည်း ခန့်မှန်းလို့ရပါတယ်။ ဒီတော့ သူသား၊
သူ့သမီး၊ သူ့ဇနီးအတွက် နိုင်ငံရေးကို စွန့်လွှတ်လိုက်သလားဆိုတော့
မစွန့်လွှတ်လိုက်ပါဘူး။ ဆက်ပြီးတော့ လုပ်၊ ထောင်တွေအကြိမ်ကြိမ်ကျ။ ခုရော
လွှတ်တော်အမတ်ဖြစ်နေသလား ဆိုတော့ မဖြစ်ပါဘူး။ သူက လွှတ်တော်အမတ်ဖြစ်ချင်လို့
လုပ်တာမဟုတ်ဘူးလေ။ သူက သူ့အသိပညာနဲ့ အသက်မွေးဝမ်းကျောင်းချင်သူဆိုတော့ သူ့
အသက်မွေးဝမ်းကျောင်းလေးကိုလည်း ပြန်လည် လုပ်ကိုင်ခွင့်ရတော့
ပြန်လုပ်တာပေါ့။
ဒီလို အကျဉ်းကျတဲ့
နိုင်ငံရေးသမားလို့ခေါ်ဆိုထိုက်တဲ့ လူတွေ အများကြီးဟာ နိုင်ငံရေးလောကထဲမှာ
မကျင်လည်တော့ဘဲ သူတို့ရဲ့မူလအလုပ်ကို ပြန်လုပ်၊ မူလနေရာကိုပြန်သွား။ ဒီတော့
ဒီလူတွေ နိုင်ငံရေးလောကကို ကျောခိုင်းလိုက်တာလား။ မဟုတ်ပါဘူး။
လူ့အခွင့်အရေးတွေ မရရသေးရင်၊ တန်းတူညီမျှတဲ့ ဥပဒေတွေ မပေါ်ပေါက်ဖူးဆိုရင်၊
ပြည်သူတွေကို ညှင်းပန်းနေမယ်ဆိုရင် ဒီလူတွေ နိုင်ငံရေးလောကထဲကို
ကဗျာတစ်ကြောင်းနဲ့ပဲဖြစ်ဖြစ် ပြန်ဝင်လာမှာပါပဲ။
ဒီလူတွေက
တိုင်းပြည်မျက်နှာအတွက် နိုင်ငံရေးလုပ်သူ။ ပြည်သူ့အခွင့်အရေးအတွက်
နိုင်ငံရေးလုပ်သူ၊ ပြည်စေခံလူတန်းစားပေါ်ပေါက်ရေးအတွက် နိုင်ငံရေးလုပ်သူ။
ဒီလူတွေကို နိုင်ငံရေးလုပ် ဆိုတဲ့ အမိန့်ကို ပေးအပ်လို့ လုပ်တာမှ မဟုတ်ဘဲ။
ဦးခင်ညွှန့်ကတော့ စစ်အုပ်ချုပ်ရေးကာလ စစ်အုပ်ချုပ်ရေးအတွက်
နိုင်ငံရေးလုပ်သူ၊ စစ်အုပ်ချုပ်သူလူတန်းစား အခွင့်အရေးအတွက်
နိုင်ငံရေးလုပ်သူ၊ ပေါ်ပေါက်နေတဲ့ အာဏာရှင် အုပ်ချုပ်သူ လူတန်းစားကို
ကာကွယ်ပေးဖို့ နိုင်ငံရေးလုပ်သူ၊ သူကာကွယ်နေတဲ့ လူတန်းစားက သူ့ကို
ယုံကြည်မှု အားနည်း သွားလို့ အကျဉ်းကျခဲ့သူ ဆိုတော့ အတော်ကြီးကို
ဇာဂနာတို့နဲ့ကွာသွားပြီ။ နော်အုန်းလှနဲ့ ယှဉ်လို့ မရတော့ဘူး။
ဦးခင်ညွှန့်ကို ဖမ်းဆီးစဉ်က သတင်းစာထဲမှာ ... ဘာကြောင့် ဖမ်းရသလဲဆိုတာ
ပြောချိန်တန်လျှင် ပြောမည်ဖြစ်ကြောင်း ဆိုပေမယ့် ခုထိတိုင် မပြောသေးတော့
ဦးခင်ညွှန့်ခမျာလည်း သေသေချာချာ ဘာကြောင့်အကျဉ်းကျတယ်မှန်းမသိတော့ ငါလည်း
နိုင်ငံ့တာဝန်ကို ထမ်းဆောင်ရင်း ထောင် ကျခံလိုက်ရတာဆိုတော့ နိုင်ငံရေး
အကျဉ်းသားလို့ ပြောလိုက်တာဖြစ်မှာပါ။
ခွင့်လွှတ်ခြင်းတိုင်းဟာ
ခွင့်လွှတ်ခြင်းနဲ့ ထိုက်တန်လို့ ခွင့်လွှတ်တာမှ မဟုတ်ဘဲ ကိုယ့်ကသာ
ငြိမ်းချမ်းခြင်းနဲ့ ထိုက်တန်တဲ့လူဖြစ်လို့ ခွင့်လွှတ်လိုက်တာမျိုးလည်း
ဖြစ်တတ်ပါတယ်။
ဧရာဝတီ
Thursday, August 29, 2013
Subscribe to:
Post Comments (Atom)