သြဂုတ်လ(၁၉)ရက်
တောင်ငူမြို့နယ် ကျွန်းကုန်းကျေးရွာ အနောက်ဘက် ၁၀ မိုင်ခန့်အကွာရှိ ကညင်မြှောင်ကျေးရွာအုပ်စု နတ်ရေတွင်းကျေးရွာ၌ သြဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းက ပန်းပဲချောင်း အထက်ပိုင်းမှ တောင်ကျရေများ ထိုးဆင်း လာမှုကြောင့် နှစ်တစ်ရာနီးပါး သက်တမ်းရှိသော ရှေးဟောင်း ဘုရားစေတီ တစ်ဆူလုံး ချောင်းထဲမျောပါသွားကြောင်း အဆိုပါကျေးရွာသားများထံမှ စုံစမ်းသိရှိရသည်။
အဆိုပါနေ့ နံနက် ၆ နာရီခန့်က တောင်ကျရေများ ထိုးဆင်းလာ မှုကြောင့် ချောင်း ကမ်းနံဘေးရှိ ရှေးဟောင်း အင်းဝိုင်းစေတီ၏ ဘုရားဌာပနာများ အပါအဝင် စေတီတစ်ခုလုံး ရေထဲသို့ ပြိုကျပျက်စီး ခဲ့ကြောင်း ကျွန်းကုန်းရဲစခန်းမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
“ကမ်းပါးက ရေတိုက်စားပစ်တာ ဘုရားအုတ်ခုံတိုင်တောင် မကျန်ဘူး” ဟု အဆိုပါရဲစခန်းမှ နယ်ထိန်းရဲအရာရှိက ပြောကြားသည်။
အဆိုပါစေတီကို တည်ထားခဲ့သည်မှာ နှစ်ပေါင်း ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ဉာဏ်တော်အမြင့် ၁၃ ပေ ၆ လက်မရှိကြောင်း၊ ချောင်းရေတိုက်စားမှုကြောင့် ပြိုကျမျောပါသွားသည့် စေတီတော်၏ အစိတ်အပိုင်းများကို အဆိုပါနေ့ နံနက်မှာပင် ကျေးရွာသံဃနာယက ဆရာတော် ဦးပညာသိဒ္ဓိနှင့် သံဃာတော် ၁၀ ပါး၊ ကျေးရွာရပ်မိရပ်ဖများနှင့် တာဝန်ရှိသူများက ပန်းပဲချောင်းအတွင်း ပြန်လည် ရှာဖွေခဲ့ကြောင်း၊ စေတီတော်၏ စိန်ဖူးတော်၊ ပန်းပြားညောင်ရွက်တစ်ခု၊ ရှေးဟောင်း ကျောက်ဆင်းတုတော် ၉ ဆူ (သုံးဆူမှာ ဦးခေါင်းတော်မပါ)၊ ရှင်သီဝလိ ရုပ်ပွားတော် ၃ ဆူ နှင့် ၁၉၁၆ ခုနှစ်ပါ ငွေဒင်္ဂါးတစ်ပြား၊ ၁၈၉၀ စာတန်းပါ ငွေဒင်္ဂါးတစ်ပြားကို ပြန်လည် ရှာဖွေတွေ့ရှိခဲ့ပြီး ပြန်လည် ရှာဖွေရရှိသည့် ရုပ်ပွားတော်များသည် ဆရာတော် ဦးပညာသိဒ္ဓိနှင့် ရပ်မိရပ်ဖများ၏ သဘောဆန္ဒအရ လက်ရှိ ဘုရားဒါယကာ၏ မျိုးဆက်ဖြစ်သူ ဦးလှသိန်း မိသားစုနေအိမ်တွင် ခေတ္တခဏ ကိန်းဝပ် စံပယ်နေကြောင်း အဆိုပါကျေးရွာမှ တာဝန်ရှိသူများ ၏ ပြောကြားချက်အရ သိရသည်။
The Voice Weekly