သြဂုတ်လ(၁၆)ရက်

မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ် ကျောင်းဆင်းပြီး ရာထူးတိုးစာမေးပွဲ second mate ဖြေဆိုရာတွင် သင်ရိုးတူဖြစ်သည့် ရေကြောင်းဦးစီးဌာန အသိအမှတ်ပြု ပုဂ္ဂလိက သင်တန်းကျောင်းများကိုသင်တန်းကြေး၂၈သိန်းပေးကာ ဖြေဆိုရမည် ဖြစ်သောကြောင့် ငွေကြေး၊ အချိန်အခက်အခဲ အပါအ၀င် အခြားအခက်အခဲ များစွာနှင့် ရင်ဆိုင်နေရကြောင်း ကျောင်းဆင်းပြီး ကျောင်းသားဟောင်းများ အသိုင်းအ၀ိုင်းမှ သိရသည်။
ယခင်ကမူ ထိုသို့သင်တန်းများကို ထပ်မံတက်ရောက်ရန် မလိုဘဲ တက္ကသိုလ်တက်ရောက်ပြီး ကျောင်းဆင်းများသည် ပင်လယ်ပြင် အတွေ့အကြုံ တစ်နှစ်ရယူကာ ရာထူးတိုးစာမေးပွဲ second mate ကို ဖြေဆိုခဲ့ရခြင်း ဖြစ်သည်။ ယခုအခါတွင်မူ ထိုသို့ဖြေဆို၍ မရဘဲ ရေကြောင်းဦးစီးဌာနမှ အသိအမှတ် ပြုထားသော ပုဂ္ဂလိက သင်တန်းကျောင်းများကို သင်တန်းကာလ ခုနစ်လနှင့် သင်တန်းကြေး ၂၈ သိန်း ပေးသွင်းမှသာ ယင်းစာမေးပွဲကို ဖြေဆို၍ရမည် ဖြစ်သောကြောင့် ယင်းကျောင်းသားများက ၎င်းတို့၏ အခက်အခဲများကို လွှတ်တော်သို့ တင်ပြသွားရန်ရှိကြောင်း ကျောင်းသားများထံမှ သိရသည်။
"ကျွန်တော်တို့ ရာထူးတိုးစာမေးပွဲ second mate ဖြေဖို့အတွက် ရေကြောင်းဦးစီးဌာနက သတ်မှတ်ထားတဲ့ ပုဂ္ဂလိက သင်တန်းကျောင်းတွေမှာ ပိုက်ဆံ ၂၈ သိန်း ပေးပြီးမှ ဖြေရမယ်ဆိုတော့ ကျွန်တော်တို့ ကျောင်းတက်ခဲ့ရတဲ့ လေးနှစ်က ဘာအတွက် တက်ခဲ့ရတာလဲ။ အဲလို ကျောင်းတက်ခဲ့ရပြီး အခုတစ်ခါ ၂၈ သိန်းထပ်ပြီး အကုန်ခံရမယ်ဆိုတော့ ဘယ်လိုမှ မတတ်နိုင်ပါဘူး" ဟု ရေကြောင်းတက္ကသိုလ် ကျောင်းဆင်းပြီး ရာထူးတိုးစာမေးပွဲ ဖြေဆိုရန် စောင့်ဆိုင်းနေရသူ ကိုထွန်းလင်းအောင်က ဆိုသည်။
ထိုသို့ အဆင်မပြေမှု ကြုံတွေ့နေရသည့် ကျောင်းဆင်းများမှာ သင်္ဘောသားလုပ်ငန်း အတွေ့အကြုံ တစ်နှစ်ယူပြီးဖြစ်သည့် 1st batch မှ 8th batch အတွင်း စနစ်ဟောင်း၊ စနစ်သစ် အလယ်ရှိ ရာထူးတိုး စာမေးပွဲ ဖြေဆိုရမည့် ကျောင်းဆင်းများဖြစ်ကြောင်း သိရသည်။
"ဒီလိုမျိုး စနစ်ဟောင်းနဲ့ စနစ်သစ်ကြား အခက်အခဲရှိနေတဲ့ ပြဿနာကိုလည်း သိပါတယ်။ ဒါပေမဲ့ ပြေလည်အောင် ဘယ်လိုလုပ်ရမယ် ဆိုတာတော့ ဆွေးနွေးသွားဖို့ ရှိပါတယ်" ဟု ယင်းကိစ္စများနှင့် ပတ်သက်၍ မေးမြန်းရာတွင် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာမှ ရေကြောင်းညွှန်ကြားရေးမှူး တစ်ဦးက ဆိုသည်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး ပြေလည်အောင် ဆောင်ရွက်ပေးရန်အတွက် ရေကြောင်းပညာ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အနေဖြင့် ရေကြောင်း ပို့ဆောင်ရေး ဦးစီးဌာန၊ လွှတ်တော်အရပ်ရပ်နှင့် နိုင်ငံတော်သမ္မတထံသို့ပါ စုပေါင်းလက်မှတ်ထိုးကာ တင်ပြမည်ဟု သိရသည်။
Eleven Media Group