23.9.2013
ပါတီအသီးသီးနှင့် နိုင်ငံရေး အင်အားစုများက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းနေချိန်တွင် လက်ရှိ ၂၀၀၈ အခြေခံဥပဒေဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လုပ်ဆောင်ရန် မဖြစ်နိုင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ထပ်မံပြောကြားလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် စင်ကာပူရောက် မြန်မာများ စက်တင်ဘာလ ၂၂ ရက်နေ့က တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။
“ဒီအခြေခံဥပဒေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး လုပ်ဆောင်ဖို့လည်း အင်မတန် ခက်ခဲပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
အတိုက်အခံ ဒီမိုကရေစီ အင်အားစုများနှင့် အာဏာရ အစိုးရတို့အကြား မူဝါဒများ ပူးပေါင်း ဖော်ဆောင်နိုင်မှု မရှိသေးဘဲ အခြေခံဥပဒေ ပြောင်းလဲရေးတွင်မူ နှစ်ဖက်ညှိနှိုင်း၍ ဆောင်ရွက်နိုင်မည် ဟု မျှော်လင့်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။
၂၀၀၈ အခြေခံဥပဒေဖြင့် ဒီမိုကရေစီ ပြောင်းလဲရေး လုပ်ငန်းစဉ်များ မဖြစ်နိုင်သည်မှာ မှန်ကန်ပြီး ယင်းအတွက် အခြေခံဥပဒေကို ပြင်ဆင်ရန် ကြိုးပမ်းနေကြခြင်း ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ပြောကြားသည်။
“ပြောင်းတဲ့နေရာမှာတော့ အသစ်ရေးတာထက် ပြင်တာပဲ ပိုပြီးအကျိုးများလိမ့်မယ်။ ပြင်တဲ့နေရာမှာလည်း အသစ်နီးပါး ပြင်ရေးလို့ ရပါတယ်” ဟု ၎င်းကဆိုသည်။
ပြည်ပရောက် မြန်မာနိုင်ငံသားများ စိတ်ဓာတ်မကျရန်နှင့် ဒီမိုကရေစီနိုင်ငံ ဖြစ်သည့်အခါ နိုင်ငံသားများကို ကာကွယ်ပေးနိုင်မည်ဖြစ်ပြီး ယင်းအတွက် အခြေခံဥပဒေကို မဖြစ်မနေ ပြောင်းရမည် ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူရောက် မြန်မာများကို ရှင်းပြ ပြောဆိုသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းလဲရေးအတွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေး အင်အားစုများက ပြင်ဆင်ရာတွင် ဦးတည်ချက်များ ကွဲလွဲနေကြောင်း၊ အခြေခံ ဥပဒေကို ပြင်ဆင်ခြင်းနှင့် အသစ်ပြန်ရေးခြင်း လုပ်ငန်းတွင် အကျိုးသက်ရောက်မှု ကြီးစွာ ကွာဟနိုင်ကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်သူများက ပြောဆိုထားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ငါးရက်တာ စင်ကာပူ ခရီးစဉ်အတွင်း စင်ကာပူ ထိပ်သီး အစည်းအဝေးတွင် မိန့်ခွန်း ပြောကြားခဲ့ပြီး စင်ကာပူ ထိပ်တန်းခေါင်းဆောင်များ၊ စင်ကာပူရောက် မြန်မာနိုင်ငံ သားများနှင့်လည်း တွေ့ဆုံခဲ့သည်။
စက်တင်ဘာ ၂၃ ရက်နေ့တွင် စင်ကာပူသမ္မတ၊ ဝန်ကြီးချုပ်၊ ပါလီမန် ဥက္ကဋ္ဌ၊ ဝါရင့် ဝန်ကြီးဟောင်း ဂိုချောက်ထောင်တို့နှင့် တွေ့ဆုံမည်ဖြစ်ပြီး စက်တင်ဘာလ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာမည် ဖြစ်သည်။
The Voice Weekly