Tuesday, September 24, 2013

တောင်ကြီးခရိုင်ထွေအုပ်မှ တောင်သူများအား ၀န်ခံကတိ လက်မှတ်ရေးထိုးခိုင်းခြင်းကို တောင်သူများငြင်းဆန်

0 comments


လယ်ယာမြေများ သိမ်းဆည်းခံရမှုနှင့် ပတ်သက်၍ တင်ပြထားသော မဲတောင်းရွာ နှင့် ခြောက်မိုင်ရွာမှ တောင်သူများကို ရှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အထွေထွေအုပ်ချုပ်ရေးရုံးမှယနေ့၂၄.၉.၂၀၁၃ရက်နေ့တွင် ခေါ်ယူလက်မှတ်ထိုးခိုင်းခြင်းကို တောင်သူများက လက်မှတ်မထိုးနိုင်ကြောင်းဖြင့် ငြင်းဆန်ခဲ့ သည်ဟု သိရသည်။

တောင်ကြီးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဦးထွန်းရွှေ ရယူထားသော ယာမြေများနှင့် ပတ်သက် သော ဒေါ်ဝင်းကြည် ၊ ဒေါ်နန်းကြည် ၊ မဖြူ ၊ ဒေါ်နန်းရီပါ တောင်သူ(၈)ဦးကို ခေါ်ယူ၍ တောင်သူများ၏ လက်ဝယ်တွင် ပိုင်ဆိုင်မှု အထောက်အထား တစ်စုံတစ်မရှိဘဲ ဦးထွန်းရွှေအနေဖြင့် အခွန်ဆောင်ထားပြီး ဖြစ်ကြောင်းဖြင့် ပြောဆို၍ တောင်သူများကို လက်မှတ်ရေးထိုး ခိုင်းရာ တောင်သူများက ငြင်းဆန်ခဲ့ခြင်း ဖြစ်ကြောင်း တောင်သူများအရေး ကူညီဆောင်ရွက်ပေးနေသူ ရှမ်းပြည်မျိုးဆက်အဖွဲ့မှ ကိုအောင်မျိုးက ပြောသည်။

အဆိုပါတောင်သူများသည် ယာမြေများတွင် လက်ငုတ်လုပ်ကိုင်ခဲ့သူများဖြစ်ကြပြီး ၁၉၉၉ခုနှစ် နောက်ပိုင်းတွင် ကြက်ဆူစီမံကိန်း အတွက် သိမ်းဆည်းမှုကိုခံခဲ့ရခြင်းဖြစ်သည်။ ၎င်းတို့၏ နစ်နာမှုများအတွက် သတင်းစာရှင်းလင်းပွဲပြုလုပ်ရန် စီစဉ်ခဲ့ကြသည် ကိုလည်း တောင်ကြီးခရိုင်အထွေထွေ အုပ်ချုပ်ရေးက လက်မခံခဲ့ကြောင်း ၊ ယခုအချိန်အထိ အမျိုးမျိုး လှည့်ပတ်နေဆဲပင် ဖြစ်ကြောင်း သိရသည်။

ဦးထွန်းရွှေသည် PNO ဗိုလ်မှူးဟောင်းတစ်ဦးဖြစ်ပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေး နှင့် မြေကွက် အလည်းအလှည် လုပ်ထားသည်များလည်း ရှိသည်ဖြစ်၍ ခရိုင်အုပ်ချုပ်ရေးအဖွဲ့၏ ရှင်းလင်းဆောင်ရွက်ပေးမှု များမှာလည်း မရှင်းမရှင်းဖြစ်နေသေးကြောင်း ၊ အဆိုပါမြေနေရာများသည် ကြက်စူပင်စိုက်ပျိုးရန် စတင်သိမ်း ဆည်းခဲ့ခြင်းဖြစ်ပြီး တောင်သူများက ၎င်းတို့၏ ယာမြေများ ရရှိရန် PNOကို အကူအညီ တောင်းခံခဲ့ကြောင်း ၊ ထို့နောက် ဦးထွန်းရွှေမှ တောင်သူများအား မင်းတို့နှင့် မဆိုင်တော့ဘူးဟု ဆိုကာ ၎င်းအနေဖြင့် ရယူသွားသော မြေနေရာများဖြစ်ကြောင်း သိရသည်။

အဆိုပါကိစ္စအတွက် တင်ပြတိုင်ကြားမှုများ အဆင့်ဆင့်ဆောင်ရွက်နေကြသည်ကိုလည်း မင်းတို့ တိုင်ချင်ရာတိုင် ငါတို့လက်ထဲပဲ ရောက်လာမှပဲ ဟု တောင်သူများကို ခရိုင်ရုံးမှ ပြောဆိုလိုက်ကြောင်း ၊ ပြည်ထောင်စု လွှတ်တော်ဥက္ကဌကြီး ဦးသူရရွှေမန်းသည် အထောက်အထား တစ်စုံတစ်ရာရှိမှ တောင်သူများ ပြန်ရမည်ဆိုလျှင် အထောက်အထားမရှိတဲ့ လက်ငုတ်တောင်သူတွေ နစ်နာနိုင်ကြောင်း ပြောဆိုခဲ့သော်လည်း အောက်ခြေအုပ်ချုပ်ရေးအဖွဲ့များက လက်ငုတ်လုပ်ကိုင်ခဲ့သည်များကို လျစ်လျှူရှုကာ ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း ၊ ဦးထွန်းရွှေ အနေဖြင့် မည်သည့်အချိန်ကစ၍ အခွန်ဆောင်ခဲ့သည်ကိုလည်း မသိရကြောင်း တောင်သူများမှာ လက်ငုတ်လုပ်ကိုင်ခဲ့သူများဖြစ်၍ စိုက်ပျိုးမြေများ သိမ်းဆည်းခံခဲ့ရခြင်းကြောင့် များစွာ နစ်နာခဲ့ ရသည်ဟု သုံးသပ်ပြောဆိုသည်။

နောင်တော်လေး

by Myanmar News Now

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here