Tuesday, September 24, 2013

ကျေးလက်ဖွံ့ဖြိုးရေး ဖြည့်စွက် ဘဏ္ဍာငွေ ယခုနှစ်ကုန် တင်မည်

0 comments


24.9.2013

ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် ဖြည့်စွက် ဘဏ္ဍာငွေကို ယခု ၂၀၁၃ ခုနှစ်အတွင်း ပြည်ထောင်စု အစိုးရထံသို့ တင်ပြတောင်းခံမည် ဖြစ်ကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ရုံးအဖွဲ့မှူး ဦးအောင်ဇံထွေးက ပြောကြားသည်။

လက်ရှိ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ပြည်ထောင်စုအစိုးရက ခွင့်ပြုထားသော ဘဏ္ဍာငွေသည် ကျပ်သန်း ၇၅,၀၁၅ ဖြစ်ပြီး ကျေးလက်ဖွံ့ဖြိုးရေး အရှိန်မြှင့် လုပ်ဆောင်ရန်အတွက် ဖြည့်စွက် ဘဏ္ဍာငွေကို တင်ပြတောင်းခံရခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။
“ဒီနှစ်မှာ ဖြည့်စွက်ဘတ်ဂျက် မတင်ဘဲ လုပ်မယ်ဆိုရင် တချို့ကျေးရွာတွေအတွက် လုပ်ငန်းတွေမှာ နောက်ကျနိုင်တယ်။ ဒါကြောင့် ဖြည့်စွက်ဘတ်ဂျက်ကို တင်ဖို့ လုပ်နေတာပါ” ဟု ၎င်းက ရှင်းပြသည်။

ဖြည့်စွက် ဘဏ္ဍာငွေမည်မျှ တောင်းခံမည် ဆိုသည်ကိုမူ အသေးစိတ် မသိရသေးကြောင်း အဆိုပါ ပုဂ္ဂိုလ်က ဆိုသည်။

ကျေးလက်ဖွံ့ဖြိုးရေးအတွက် လျှပ်စစ်မီးနှင့် ရေရရှိမှုကို ဦးစားပေး လုပ်ဆောင်သွားမည် ဖြစ်ပြီး လက်ရှိ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုအတွက် ရေရရှိရေး ကျပ်သန်း ၇၂၈၆ နှင့် မီးလင်းရေး ကျပ်သန်း ၃၂၀၆ သန်း အသုံးပြုမည်ဟု ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မြစ်ဝကျွန်းပေါ်ဒေသ မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဇုန်နှင့် တောင်ပေါ်ဒေသများရှိ မြို့နယ် ၃၃ မြို့နယ်တွင် ကျေးလက်ဖွံ့ဖြိုးမှု ရှေ့ပြေး စီမံကိန်းများ စတင်ဆောင်ရွက်မည် ဖြစ်ကြောင်း အဆိုပါ ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အစိုးရသက်တမ်း လက်ကျန်ကာလတွင် ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်မည် ဖြစ်ပြီး မြန်မာနိုင်ငံ၏ ဆင်းရဲမှုနှုန်းကို ၂၆ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်းထိ လျှော့ချမည် ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားထားသည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here