Thursday, September 26, 2013

အကျဉ်းထောင်များ၏ အုပ်ချုပ်မှု စွမ်းဆောင်ရည်နှင့် အကျဉ်းသား အခွင့်အရေး

0 comments

 ကော့သောင်းထောင်မှ ကားဖြင့်ခေါ်ဆောင်လာသော အကျဉ်းသားများအား စက်တင်ဘာ ၁၈ ရက်က ကော့သောင်းမြို့ တော်ဝင်သင်္ဘောဆိပ်တွင် သင်္ဘောပေါ်သို့ ၀န်တင်ကရိန်းဖြင့် ပို့ဆောင်နေစဉ်

Written by - သစ်ထွဋ်

ပြီးခဲ့တဲ့ ရက်ပိုင်းက ကော့သောင်း အကျဉ်းထောင်က အကျဉ်းသားတွေကို ထောင်တာဝန် ရှိသူတွေရဲ့ ပြုမှုဆောင်ရွက်ခဲ့တဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်အုပ်ချုပ် စီမံခန့်ခွဲမှုတွေကို မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

နှစ်ဦးသေ ခြောက်ဦးဒဏ်ရာ ရရှိခဲ့တဲ့ ဖြစ်ရပ်

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပုဂ္ဂလိက မီဒီယာတွေမှာ ဖော်ပြထားတာကတော့ ကော့သောင်း အကျဉ်းထောင် ထောင်တာဝန်ရှိသူများရဲ့ ညှဉ်းပန်းနှိပ်စက်မှုများ၊ ဖိနှိပ်ချုပ်ချယ်မှုများကို မကျေနပ်လို့ ဆူပူအုံကြွခဲ့တဲ့ အကျဉ်းသားတွေကို သေနတ်နဲ့ ခြောက်လှန့် ပစ်ခတ်ခဲ့ရာက နှစ်ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိ ခဲ့တယ်လို့ ပါရှိခဲ့ပါတယ်။ ထောင်ပိတ်ချိန်မှာ အကျဉ်းသား ညီအစ်ကိုနှစ်ဦး အချင်းများတာကို အရက်မူးနေတဲ့ ထောင်ပိုင် အပါအ၀င် ၀န်ထမ်းသုံးဦးက ညှဉ်းပန်းနှိပ်စက်ရာက ကျန်တဲ့ အကျဉ်းသားတွေက ညှဉ်းပန်းမနှိပ်စက်ဖို့ ပြောရာ ဆက်လက်မပြောဖို့ တားမြစ်ခဲ့ရာ တားမရတဲ့အဆုံး သေနတ်နဲ့ ခြောက်လှန့် ပစ်ခတ်ခဲ့တာလို့ သတင်းတွေမှာ ပါရှိပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံခုံဖွဲ့ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောကြားခဲ့ပြီး ထောင်ပိုင်ကြီးကိုလည်း တိုင်းဒေသကြီး အစိုးရက ခေါ်ယူသွားတယ်လို့လည်း သတင်းတွေမှာ ပါရှိခဲ့ပါတယ်။ စုံစမ်းစစ်ဆေးမှုတွေ ဘယ်လိုပဲ ရှိနေပါစေ သေနတ်နဲ့ ပစ်ခတ်ထိန်းသိမ်း ခဲ့ရတဲ့အထိ ဖြစ်ခဲ့ရတယ် ဆိုကတည်းက ထောင်တာဝန် ရှိသူတွေရဲ့ အုပ်ချုပ်စီမံခန့်ခွဲမှု ညံ့ဖျင်းတယ်ဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားလှပါတယ်။

ဖြေရှင်းရမယ့် ပြဿနာတွေ ရှိနေဆဲ

ထောင်တာဝန် ရှိသူတွေရဲ့ အုပ်ချုပ်စီမံခန့်ခွဲမှုလို့ ဆိုလိုက်ရင် မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ထောင်တွေမှာ ညံ့ဖျင်းလွန်းလှတဲ့ အုပ်ချုပ်စီမံခန့်ခွဲမှု တွေအကြောင်း ရေးကြသားကြ တာတွေ အမှတ်ရမိပါတယ်။ ကိုလိုနီခတ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ သာယာဝတီ ထောင်ကစပြီး ဒီနေ့နာမည် ကျော်ကြားတဲ့ အင်းစိန်ထောင်အဆုံး ထောင်တာဝန်ရှိသူတွေရဲ့ အကျင့်ပျက်ခြစားမှု၊ အကျဉ်းသားတွေကို အနိုင်အထက် ပြုကျင့်မှု၊ အာဏာပိုင်တွေရဲ့ ညွှန်ကြားလာတာတွေကို ဥပဒေနဲ့မညီ ဆောင်ရွက်ခဲ့မှုတွေကို ထောင်အများအပြားမှာ အနိုင်ကျင့် ခံခဲ့ရသူတွေက ရေးသားဖော်ထုတ် တာတွေကို ဒီနေ့ခေတ်မှာ ဖောဖောသီသီ ဖတ်လာခဲ့ကြရပြီ ဖြစ်ပါတယ်။ နိုင်ငံရေးအရ ထောင်ကျခဲ့ရသူတွေဆိုရင် အကန့်အသတ်မျိုးစုံနဲ့ ထောင်ထဲမှာ နေလာခဲ့ကြရတာပါ။ လက်ရှိထောင်တွေမှာ ယခင်တင်းကျပ်မှုတွေကို ဖြေလျော့မှုတွေ ရှိလာခဲ့ပေမယ့် ဖြေရှင်းရမယ့် ပြဿနာတွေ ရှိနေဆဲဆိုတာ ကော့သောင်းထောင်ရဲ့ ဖြစ်ရပ်က သက်သေပြနေပါတယ်။

လူမိုက်ကိုမြှောက်ပေး အုပ်ချုပ်တဲ့ စီမံခန့်ခွဲမှုအလွဲ

အဓိက ပြဿနာကတော့ အကျဉ်းထောင် ၀န်ထမ်းတွေရဲ့ အကျဉ်းသားတွေအပေါ် အမြင်နဲ့ အုပ်ချုပ်ပုံ အလွဲတွေကြောင့် ဖြစ်ပါတယ်။ ထောင်ကိုရောက်လာတဲ့ အကျဉ်းသားတွေကို အကျဉ်းထောင် ၀န်ထမ်းတွေက ငါတို့လုပ်သမျှ ငုံ့ခံရမယ့်လူတွေ၊ ငါတို့နိုင်သမျှ ခံရမယ့်လူတွေလို့ ထင်မြင်နေတာက စပြီးလွဲပါတယ်။ ဘယ်လိုအကြောင်းကြောင့် ထောင်ထဲကို ရောက်လာသူဖြစ်စေ ထောင်ဝန်ထမ်းတွေ လိုက်နာကျင့်သုံးရမှာက ရောက်လာသူတွေကို သတ်မှတ်ထားတဲ့ ထောင်စည်းကမ်းနဲ့အညီ အုပ်ချုပ်ကြရမှာ ဖြစ်ပါတယ်။ ငွေကြေး (လိုင်းကြေး) ပေးနိုင်တဲ့သူ ကျတော့ ရောဂါမရှိဘဲ ထောင်ဆေးရုံမှာ သက်သက်သာသာနေ၊ မပေးနိုင်တဲ့ သူကျတော့ သေကောင်ပေါင်းလဲ ဖြစ်တော့မှ ဆေးရုံရောက်ရ ဆိုတာမျိုးတွေဟာ ဒီနေ့လို ဒီမိုကရေစီကို သွားနေတဲ့ခေတ်မှာ မရှိသင့်တော့ပါဘူး။ ဒါအပြင် ကိုလိုနီခေတ်ကတည်းက အိမ်ကြက်ခြင်း အိုးမဲသုတ်ခိုင်းတဲ့ အစီအစဉ်ဖြစ်သော ထောင်သားတွေထဲက နှစ်ကြီးသမား မိုက်အားကြီးတဲ့သူကို နေရာပေးပြီး ကျန်သူတွေကို ပြန်လည် အုပ်ချုပ်စေတဲ့ စနစ်ကိုလည်း ဒီထက်ကောင်းမွန်တဲ့ စနစ်နဲ့ အစားထိုး သင့်ပါတယ်။ တန်းစီးနေရာ ပေးထားတဲ့သူက ကျန်ထောင်သားတွေထံက လိုင်းကြေးတောင်းခံခြင်း၊ မပေးနိုင်ပါက နှိပ်စက်ကာ ရလာတာတွေကို တန်းစီးတွေက ထောင်တာဝန်ရှိသူတွေကို ပြန်ပေးဆိုတဲ့ အရင်ကတည်းက ကြားနေဖတ်နေရတဲ့ ဖြစ်ရပ်တွေဟာလည်း လူမိုက်ကို မြှောက်ပေးအုပ်ချုပ်တဲ့ စီမံခန့်ခွဲမှု အလွဲတွေပါပဲ။

မြင့်တင်ရမည့် အကျဉ်းထောင်အုပ်ချုပ်မှု စွမ်းဆောင်ရည် မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တွေမှာ အသုံးပြုနေတဲ့ အကျဉ်းထောင် လက်စွဲဆိုပြီး သတ်မှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေမှာ ဘယ်လိုအချက်အလက်တွေ ပါသလဲ မသိပေမယ့် အကျဉ်းထောင်တွေရဲ့ အုပ်ချုပ်မှု စွမ်းဆောင်ရည်ကို တိုင်းတာလေ့ ရှိရာမှာတော့ အကျဉ်းထောင်က ထွက်လာသူတွေကို ဥပဒေကို လေးစားလိုက်နာတဲ့ အလေ့အကျင့်၊ လူ့အဖွဲ့အစည်းအတွက် တာဝန်ယူရမယ်ဆိုတဲ့ အသိ၊ ဘ၀ကို ဘယ်လိုပြန်လည် ထူထောင်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေကို အကျဉ်းထောင် တာဝန်ရှိသူတွေက ဘယ်လောက် အတိုင်းအတာအထိ ပေးလိုက် နိုင်သလဲ ဆိုတာနဲ့ တိုင်းတာလေ့ ရှိကြပါတယ်။ လက်ရှိ အကျဉ်းထောင်တွေရဲ့ အုပ်ချုပ်မှုစွမ်းဆောင်ရည်ကို လေ့လာကြည့်မိမယ်ဆိုရင် မကြာခဏ သတင်းတွေမှာ ဖတ်နေရသလို ထောင်ကလွတ်လာပြီး မကြာခင် ပြစ်မှုတွေကို ပြန်လည်ကျူးလွန်တဲ့ ဖြစ်ရပ်များ၊ ယခင်ခိုးမှုလောက်သာ ကျူးလွန်လေ့ ရှိသူက အနုကြမ်း စီးတဲ့အထိ ကျူးလွန်လာတဲ့ ဖြစ်ရပ်တွေဟာ အကျဉ်းထောင်တွေရဲ့ အုပ်ချုပ်မှု စွမ်းဆောင်ရည်ကို ယခုထက် မြှင့်တင်ရမယ့် အခြေအနေမှာ ရှိနေတာ ဖြစ်ပါတယ်။

လူသစ် စိတ်သစ်

တကယ်တော့ အကျဉ်းထောင်တွေ ထားရှိရခြင်းဟာ လူအဖွဲ့အစည်းအတွင်း လူအများလိုက်နာဖို့ သဘောတူ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို အကြောင်း အမျိုးမျိုးကြောင့် ဖောက်ဖျက်မိသူတွေကို ကျူးလွန်ခဲ့တဲ့ အပြစ်အပေါ် နောင်တရရှိစေရန်၊ မိမိ၏အမှားကို ပြုပြင်ပြီး လူသစ် စိတ်သစ်ဖြင့် လူအဖွဲ့အစည်းအတွင်း ပြန်လည်နေထိုင်ဖို့ အခွင့်အလမ်းပေးရန်၊ လိုအပ်ပါက အသက်မွေးမှု ပညာသင်ကြားပေးရန် အပါအ၀င် ရည်ရွယ်ချက် ကောင်းတွေနဲ့ ဖွဲ့စည်းထားရှိကြတာ ဖြစ်ပါတယ်။ ဒီလိုမဟုတ်ဘဲ အကျဉ်းသားတွေကို အပြစ်ကျူးလွန် ထားသူတွေ လို့သာမြင်ပြီး နှိပ်စက်ညှဉ်းပန်း အနိုင်ကျင့်နေမယ် ဆိုရင်တော့ အကျဉ်းထောင် ၀န်ထမ်းကောင်းတွေ ဖြစ်လာမှာ မဟုတ်သလို အကျဉ်းထောင်တွေရဲ့ အုပ်ချုပ်မှု စွမ်းဆောင်ရည်ကိုလည်း လူအများက ဝေဖန်ပြစ်တင်ကြမှာ ဖြစ်ပါတယ်။

တိုင်းပြည်ရဲ့ တရားဥပဒေ စိုးမိုးရေး

ဒီလိုအကျဉ်းထောင်တွေရဲ့ အုပ်ချုပ်မှု စွမ်းဆောင်ရည်တွေ တိုးမြင့်လာဖို့ဆိုရင် အကျဉ်းထောင် ၀န်ထမ်းတွေကို နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ ဖြစ်လာစေဖို့ သင်တန်းတွေ ဖွင့်လှစ်သင်ကြား ပေးရမှာဖြစ်ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေလာမှ ဖုတ်ပူမီးတိုက် အပြကောင်းအောင် လုပ်နေတာထက် ကိုယ့်ဝန်ထမ်းတွေကို အမြဲစည်းကမ်း ဥပဒေနဲ့အညီ အကျဉ်းသားတွေအပေါ် အုပ်ချုပ်ကြဖို့ မှာကြားထားရမှာ ဖြစ်ပါတယ်။ အကျဉ်းထောင် ၀န်ထမ်းတွေရဲ့ ခံစားခွင့်တွေကိုလည်း ခေတ်နဲ့လျော်ညီအောင် စီမံပေးခြင်းဖြင့်လည်း အကျင့်ပျက်ခြစားမှုက ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

အကျဉ်းထောင်တွေကို စနစ်တကျ စီမံခန့်ခွဲမှုတွေဟာ တိုင်းပြည်ရဲ့ တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်ရာမှာ အရေးပါတဲ့ အချက်တစ်ချက်အဖြစ် ပါဝင်နေတာကြောင့် အကျဉ်းထောင်များရဲ့ အုပ်ချုပ်မှု စွမ်းဆောင်ရည်တွေ တိုးမြင့်လာဖို့ အစီအမံတွေ ဆောင်ရွက်သင့်ပြီး သေနတ်နဲ့ ဖြေရှင်းခြင်းအထိ မရောက်အောင် ဆောင်ရွက်ကြဖို့ လိုအပ်မှာပဲ ဖြစ်ပြီး အထူးသဖြင့် အကျဉ်းသားတွေရဲ့ ရသင့်တဲ့ အခွင့်အရေးတွေကို ဂရုပြု ဆောင်ရွက်ပေးကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

Eleven

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here