Thursday, September 26, 2013

စက်တင်ဘာ ၂၇ ရက်တွင် NLD ပါတီ ငွေရတုပွဲအား စည်ကားစွာ ကျင်းပမည်

0 comments
26.9.2013

စက်တင်ဘာ ၂၇ ရက်တွင် ကျရောက်သည့် NLD ပါတီ၏ ငွေရတု အထိမ်းအမှတ်ကို ယခင် နှစ်ပတ်လည်များထက် ပိုမိုစည်ကားစွာ ကျင်းပမည်ဟု သိရသည်။

ငွေရတု အခမ်းအနားတွင် NLD ပါတီကို စတင်တည်ထောင် ခဲ့သူများ ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနှင့် ဦးဝင်းတင်တို့က အမှတ်တရစကား ပြောကြား ပေးမှာဖြစ်ပြီး (၂၅)နှစ်မြောက် ငွေရတု ကြေညာစာ တမ်းတွင် NLD ပါတီ၏ ခက်ခက်ခဲခဲ ဖြတ်သန်းလာခဲ့ ရပုံ များနှင့် ရှေ့ ဆက်ရန် ရှိနေသေးသည့် အခက်အခဲ အတားအဆီးများကိုပါ ပြည့်ပြည့်စုံစုံ ထည့် သွင်းဖော်ပြ သွား မည် ဖြစ်ကြောင်းလည်း သတင်းရရှိသည်။ မြို့နယ် အသီးသီးတွင်လည်း ငွေရတုပွဲ ကျင်းပ ရန် ပြင်ဆင် ထားကြောင်းနှင့် ငွေရတုပွဲ ကျင်းပသည့်နေ့တွင် မြို့နယ်ရုံးများမှ စတုဒိသာ ကျွေးမွေးမည်ဟု သိရသည်။

ထို့အပြင် လူငယ်အဖွဲ့များက ငွေရတု အထိမ်းအမှတ် မဂ္ဂဇင်း ထုတ်ဝေမှာဖြစ်ပြီး အမှာစာ ကို ဒေါ်အောင်ဆန်းစုကြည် ရေးသားမည်ဟုလည်း သတင်းရရှိသည်။ NLD ပါတီအနေနှင့် (၂၅)နှစ်တာ ကာလ အတွင်း ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းလာခဲ့ခြင်းကို ဖော်ကျူးသည့် ကဗျာ၊ ကာတွန်း၊ ဆောင်းပါးနှင့် ၀တ္ထုတို့ကို ဖော်ပြထားသည်ဟု သိရသည်။ ထို့အပြင် သမိုင်းဝင်မှတ်တမ်း ဓာတ်ပုံ များ၊ ကြေညာချက်များ တတ်နိုင်သမျှ ဖော်ပြထားပြီး ထိုသို့ ဖော်ပြရန်အတွက် ကိုမောင်မောင်ဦးက ''လွန်ခဲ့တဲ့ (၂၅) နှစ်တုန်းက ကျွန်တော်တို့ NLD ရုံးခန်းကို မကြာခဏ ၀င်ရောက်စီးနင်း ခံခဲ့ရတော့ သမိုင်းဝင် မှတ်တမ်းဓာတ်ပုံနဲ့ ကြေညာချက်တွေကို ရှာရတာ ခက်ပါတယ်။ ဒါပေမဲ့ ရှိနေတာနဲ့ အကောင်း ဆုံးဖြစ်အောင် တင်ပြမှာပါ'' ဟု The Daily Eleven ၏ မေးမြန်းချက်အား ဖြေကြားသည်။ NLD ပါတီ၏ သက်ရှိထင်ရှား ရှိနေသည့် CEC ဟောင်းနှစ်ဦး၏ အင်တာဗျူးကိုလည်း ထည့်ထားသည်။

NLD ပါတီတွင် (၂၅) နှစ်ကြာ လူငယ်အဖွဲ့တွင် တာဝန်ယူခဲ့သည့် ကိုမောင်မောင်ဦးက ''နှစ်(၂၅)နှစ် အတွင်းမှာ တစ်နိုင်ငံလုံး လွတ်လပ်မှုတွေ ဆိတ်သုဉ်းခဲ့တာပါ။ ပြည်တွင်းမှာရော ပြည်ပမှာပါ ရှိနေတဲ့ လူတွေ ၀ိုင်းဝန်းပေးဆပ် ခဲ့ကြလို့ အခုလို အခြေအနေမျိုး ရောက်လာတာပါ။ ဒီလိုပါပဲ တစ်ဖက် အဖွဲ့အစည်း ကလည်း အပြောင်းအလဲကို လက်ခံလာနိုင်တဲ့ပုံစံ ရှိလာလို့ပါ။ ဒီအပြောင်း အလဲကို နောက်ပြန် မဆုတ်သွားအောင်၊ အရှိန်မှန်မှန်နဲ့ ဆက်သွားနိုင်အောင် အားလုံးဝိုင်းပြီး ထိန်းသိမ်း သွားရမှာပါ။ အခုလို အခြေအနေမျိုးကို ရောက်လာနိုင်တဲ့ အတွက် ကျေနပ်ပေမဲ့ ကျဆုံးသွားခဲ့တဲ့ လူတွေ အတွက် စိတ်မကောင်းဖြစ်မိ၊ ၀မ်းနည်းကြေကွဲ မိပါတယ်။ နောက်ထပ်ဒီလို ကြေကွဲမှုတွေ ထပ် မဖြစ်အောင်လို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် ပါတီက ကြိုးစားနေတာပါ'' ဟု ပြောကြားသည်။

NLD ပါတီကို ၁၉၈၈ ခု၊ စက်တင်ဘာ ၂၇ ရက်တွင် အကြမ်းမဖက်သော နည်းဖြင့် ဒီမို ကရေစီ နိုင်ငံတော်အား တည်ထောင်ရန် ရည်ရွယ်ချက်ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး စတင်ဖွဲ့စည်းစဉ်က ဦးတင်ဦး၊ ဦးအောင်ကြီး ဦးဆောင်သည့် တပ်မတော်သား ဟောင်းများ၊ တတ်သိပညာ ရှင်များဟု အမည်ပေး ထားသည့် ရှေ့နေ၊ ဆရာဝန်၊ စာနယ်ဇင်း သမားများနှင့် လှုပ်ရှားတက်ကြွသူများ ပါဝင် ဖွဲ့စည်းခဲ့ပြီး ၁၉၈၉၊ ဇူလိုင်လတွင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင် အစရှိသည့် ပါတီခေါင်းဆောင်များ အား ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ထို့နောက် ၁၉၉၀ ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး ၁၉၉၀ စက်တင်ဘာလတွင် ဂန္ဒီကြေညာ စာတမ်းကို ထုတ်ပြန်ကာ အနိုင်ရပါတီအား အာဏာအပ်ရန် တောင်းဆိုခဲ့သည်။ န၀တ အစိုးရက အာဏာမအပ်ဘဲ အနိုင်ရလွှတ်တော် အမတ်များအား ဖမ်းဆီးထိန်းသိမ်းကာ ပြစ်ဒဏ်ချမှတ်ခြင်းများကို လုပ်ဆောင်ခဲ့သည်။ NLD ပါတီဝင်များအား ဖမ်းဆီးထောင်ချ ခြင်းများကို ဆက်တိုက် ပြုလုပ်ခဲ့သည့်အပြင် ပါတီရုံးများကိုလည်း ၀င်ရောက် စီးနင်း ရှာဖွေကာ ပိတ်သိမ်းခြင်းများကို ပြုလုပ်ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲအား သပိတ်မှောက်ခဲ့ပြီး ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာ မဲဆန္ဒ နယ် ၄၄ နေရာတွင် ၄၂ နေရာ အနိုင်ရခဲ့သည်။ ကြားဖြတ် ရွေးကောက်ပွဲတွင် NLD ပါတီ၏ မူဝါဒအဖြစ် ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ အခြေခံဥပဒေ ပြင်ဆင်ရေး တို့ဖြစ်ပြီး အခြေခံဥပဒေ ပြင်ဆင်ရန် အတွက် တိုင်းရင်းသား ပါတီများနှင့် စနေနေ့တိုင်း တွေ့ဆုံညှိနှိုင်းပွဲများ ကျင်းပလျက်ရှိသည်။

Eleven

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here